Photo – Social Media (ပုံဟောင်း)
ဩဂုတ်၊ ၁၆
စစ်ကိုင်းတိုင်း မူးမြစ်အနောက်ဘက်ကမ်းပေါ်က ရေးဦးနဲ့ ဒီပဲယင်းမြို့နယ် အစပ်ကျေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံငါးထောင်ဝန်းကျင် မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီ တွေလို အပ်နေတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောက်ထောက်ပံ့ရေးအဖွဲ့ဝင် တဦးက DNAကိုပြောပါတယ်။
ရေဦးမြို့တိုင်းရင်းဆေးရုံ အခြေစိုက် စစ်ကောင်စီတပ်တွေဟာ မနေ့ မနက်ပိုင်းကစလို့ ဒီပဲယင်းမြို့ဘက်ကို စစ် ကြောင်းထိုးလာတာကြောင့် အဲ့ဒီလမ်းကြောင်းတလျှောက် ရေဦးမြို့နယ်ထဲက ကြည်ကုံး၊ခြုံရွာ၊ ကုန်းကြီး၊ ဒီပဲယင်းမြို့နယ်ထဲက ငြုတ္တုံ၊မုတ်ဆီ၊မူးဆုံ၊ပျော်ဘွယ်၊မစိုးရိမ်စတဲ့ရွာတွေအပါအဝင် အနီးတဝိုက် ကျေးရွာ တွေ ကဒေသခံတွေပါ တိမ်းရှောင်နေရတယ်လို့သိရပါတယ်။
“မိုးတွေကလည်းရွာနေတော့ ဒုက္ခအတော်ရောက်နေကြတယ်၊ မနေ့ကနဲ့ဒီနေ့ ရှောင်နေကြတာ နှစ်ရက်တော့ရှိပြီ၊ အကူအညီလိုလို့ Camp တွေကလည်းဆက်သွယ်လာပါတယ်”လို့ ဒီပဲယင်းမြို့နယ် စစ်ရှောက်ထောက်ပံ့ ရေးအဖွဲ့ ဝင်က ပြောပါတယ်။
ရေဦးတိုင်းရင်းဆေးရုံးကစထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီပဲယင်းမြို့ဆီဦးတည်ခဲ့တာဖြစ်ပေမယ့် မြို့ အနီးအရောက်မှာ နောက်ပြန်ဆုတ်လာကာ ဒီကနေ့မနက်ပိုင်းမှာတော့ ဒီပဲယင်းမြို့နဲ့ လေးမိုင်လောက်အကွာ ရေဦး-ဒီပဲယင်းလမ်းပေါ်က မူးဆုံရွာမှာ ရှိနေတယ်လို့ သိရပါတယ်။
အဲ့ဒီစစ်ကြောင်း ဒီပဲယင်းမြို့ဝင်ကာနီး ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီက ဒီပဲယင်းမြို့ထဲ လေယာဉ်နဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပေမယ့် မြေပြင်တိုက်ပွဲဖြစ်နေတာရှိမရှိကိုတော့ အသေးစိတ်အတည်မပြုနိုင်သေးပါဘူး။
“စစ်ကြောင်းက ဒီပဲယင်းဝင်ခါနီး ပိတ်မိနေလို့ ဝင်ပစ်တာလို့ ပြောကြတယ်ဗျ၊ကျွန်တော်တို့ မြေပြင်တော့ အတည် မပြုနိုင်သေးဘူး”လို့ ဒီပဲယင်းမြို့နယ် စစ်ရှောက်ထောက်ပံ့ရေးအဖွဲ့ဝင်ကပြောပါတယ်။
စစ်ကောင်စီဟာ ဒီကနေ့ မနက်ပိုင်းက ဒီပဲယင်း မြို့မရပ်၊လယ်တော်ရပ်နဲ့တောင်ပြင်ရပ်တို့မှာ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးသီးစုစုပေါင်း သုံးလုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဒီပဲယင်းမြို့နယ် မြေပြင်အခြေအနေ တွေဖော်ပြ ပေးနေတဲ့ ဒီပဲယင်းညီနောင်များအဖွဲ့ကလည်း အသိပေးထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုတွေရှိမရှိအတည်မပြုနိုင်သေးပေမယ့် ဒီပဲယင်းမြို့တွင်းမှာ ဒေသခံအရပ်သားတွေ မနေထိုင်တော့တာ ကြာပြီလို့ ဒေသခံတွေနဲ့ ဒေသတွင်းအခြေစိုက် အဖွဲ့အစည်းတွေဆီက သိရပါတယ်။
စစ်ကောင်စီဘက်က လူမှုကွန်ရက်စာမျက်နှာတွေနဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီပဲယင်းမှာ မနေ့ကတည်း က တိုက်ပွဲပြင်းထန်နေပြီး ဒီကနေ့မနက်ပိုင်းမှာ စစ်တပ်လေကြောင်းက ပစ်ကူပေးခဲ့တယ်လို့ ဖော်ပြကြတာတွေ့ ရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက ဒီပဲယင်းမြို့တွင်းအထိ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်နေတာလို့လည်း ဖော်ပြ ကြ ပါတယ်။ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ပြောဆိုထားတာမရှိသေးပါဘူး။
ဒီပဲယင်းမြို့နယ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးမီးရှို့မှုကြောင့် တနိုင် ငံလုံးမှာ နေအိမ်အများဆုံး မီးရှို့ခံထားရတဲ့ မြို့နယ်ဖြစ်တယ်လို့ Data For Myanmar အဖွဲ့ရဲ့ မှတ်တမ်း အချက် အလက်တွေမှာဖော်ပြထားပါတယ်။
အလားတူ ရေဦးမြို့နယ်ဟာလည်း စစ်ကောင်စီတပ်တွေမကြာခဏ စစ်ကြောင်းထိုးမီးရှို့တာ၊လက်နက်ကြီး ပစ် ခတ်မှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာတွေမကြာမကြာ ဖြစ်လေ့ရှိတဲ့မြို့နယ်တခုဖြစ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ လေးငါးလ အတွင်းမှာတော့ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးတာမရှိတော့ဘဲ ငြိမ်သက် နေခဲ့ ရာက အခုရက်ပိုင်းမှာ ရေဦးမြို့ကို ရဟတ်ယာဉ်တွေနဲ့ စစ်အင်အာဖြည့်တင်းပြီးနောက် စစ်ကြောင်းပြန် ထိုးလာ တာလို့ ဒီပဲယင်းမြို့နယ် စစ်ရှောက်ထောက်ပံ့ရေးအဖွဲ့ဝင်ကပြောပါတယ်။
“ကျွန်တော်တို့လည်း စစ်ရှောင်တွေအတွက် တတ်နိုင်သလောက်ရိက္ခာတွေကူဖို့စီစဉ်နေပါတယ်”လို့ သူကပြောပါ တယ်။
မူးမြစ်အနောက်ဘက်ကမ်းပေါ်က ရေဦး၊ဒီပဲယင်းမြို့နယ်တွေဟာ စိုင်ပြင်ကြီး၊ဘုတလင်၊မုံရွာ တို့နဲ့ လမ်းကြောင်း တခုတည်းပေါ်မှာရှိနေသလို မူးမြစ် အရှေ့ဘက်ကမ်းပေါ်က ခင်ဦး၊ရွှေဘိုမြို့နယ်တွေနဲ့လည်း နယ်နိမိတ်ထိစပ် နေကာ စစ်ကောင်စီကို ခုခံတော်လှန်မှုအားကောင်းတဲ့ ဒေသတွေဖြစ်ပါတယ်။