ဩဂုတ်၊ ၁၄
ပါတီ အကြီးအကဲနဲ့ ဝန်ကြီးချုပ် ရာထူးတွေကနေ နုတ်ထွက်တော့မယ်လို့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက အတည်ပြု ကြေညာသွားခဲ့ပါတယ်။
စက်တင်ဘာလကျရင် ဂျပန်ရဲ့ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ (LDP)ဟာ ပါတီခေါင်းဆောင်သစ် နေရာအတွက် ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး ကီရှီဒါက နောက်ထပ် ၃ နှစ် သက်တမ်းအတွက် မယှဉ်ပြိုင်တော့ဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒါကြောင့် ပါတီ ခေါင်းဆောင်သစ် တဦး ပေါ်ထွက်လာမှာဖြစ်ပြီး ကီရှီဒါရဲ့ ဝန်ကြီးချုပ် တာဝန်ကိုပါ လက်လွှဲယူမယ့် သဘောပါပဲ။
ကမ္ဘာပေါ်မှာ စတုတ္ထ စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံကြီးရဲ့ အစိုးရ အဖွဲ့ကို ဦးဆောင်နေသူ ကီရှီဒါဟာ ၂၀၂၁ ခုနှစ်မှာ ဝန်ကြီးချုပ် ဖြစ်လာခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့ အစိုးရ အဖွဲ့ဟာ အဂတိ လိုက်စားမှု စွပ်စွဲချက်တွေ၊ နာမည်ဆိုး ထွက်ခဲ့တဲ့ ဘာသာရေးဂိုဏ်း တခုနဲ့ ဆက်နွှယ်မှုတွေကြောင့် အတော်လေး ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်ခဲ့ပြီး ကီရှီဒါအပေါ် လူထု ထောက်ခံမှုက သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။
တချို့သော ကာလတွေမှာ လူထုအမြင် စစ်တမ်းတွေအရ ကီရှီဒါကို ထောက်ခံတဲ့ အခြေအနေဟာ ၂၀ ရာခိုင်နှုန်းအောက်ထိ ထိုးဆင်းသွားတယ်လို့ သိရပါတယ်။
ကီရှီဒါက သူ့ရဲ့ ဝန်ကြီးချုပ်လက်ထက် အခြေအနေတွေ ဆိုးခဲ့တာကို တိတိကျကျ ထုတ်မပြောပေမယ့် LDPဟာ သစ်လွင်ပြီး အပြောင်းအလဲတွေဆီ သိသိသာသာ ဦးတည်တဲ့ ခေါင်းဆောင်မှု ပုံစံသစ်ကို လိုအပ်နေကြောင်း၊ အဲဒီလို လမ်းကြောင်းပြောင်းမယ် ဆိုတာကိုလည်း ပြည်သူတွေဆီ ပွင့်လင်းမြင်သာမှုရှိရှိ အသိပေး တင်ပြရမှာဖြစ်ကြောင်း ဩဂုတ် ၁၄ ရက်နေ့တုန်းက ရွေးကောက်ပွဲ ဆက်မဝင်မယ့် ဆုံးဖြတ်ချက်ကို ကြေညာချိန်မှာ ထည့်သွင်း ပြောဆိုသွားပါတယ်။
အသက် ၆၇ နှစ်အရွယ် ကီရှီဒါက စက်တင်ဘာလ ပါတီရွေးကောက်ပွဲ အပြီးမှာ LDPဟာ လုံးဝ ပြောင်းလဲသွားတဲ့ ပါတီအသစ် တခုအဖြစ် ရပ်တည်ပြရမှာ ဖြစ်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ ဝန်ကြီးချုပ်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ကီရှီဒါက သူဟာ အသစ်တက်လာတဲ့ ပါတီခေါင်းဆောင် ဘယ်သူဖြစ်ဖြစ် အားပေး ကူညီသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။
ကီရှီဒါရဲ့ နေရာကို ဆက်ခံမယ့် ဝန်ကြီးချုပ်ကတော့ အဓိက အင်အားကြီး မဟာမိတ် အမေရိကန်ရဲ့ အစိုးရ အပြောင်းအလဲ ဖြစ်လာမယ့် ကိစ္စတွေ၊ ပြည်တွင်းမှာ နေထိုင်မှုစရိတ် ကြီးမြင့်လာလို့ လူထုကြား စိုးရိမ်မှု မြင့်တက်နေတဲ့ ပြဿနာတွေကို ဆက်ခံ ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ အလယ်အလတ် သဘောထားရှိသူ ကာကွယ်ရေး ဝန်ကြီးဟောင်း ရှီဂီရူ အီရှီဘာနဲ့ သဘောထား တင်းမာသူ တယောက်အဖြစ် လူသိများတဲ့ ဒစ်ဂျစ်တယ် ဝန်ကြီး တာရိုကိုနိုတို့က ကီရှီဒါရဲ့ အရိုက်အရာကို ဆက်ခံယူဖို့ ရေပန်းအစားဆုံးအဖြစ် ဦးဆောင်နေကြပါတယ်။
Ref: Guardian