တကောင်းမှာလည်း အောင်သပြေနဲ့ကြိုကြပြီ

Photo – သပိတ်ကျင်းမြို့နယ် ပကဖ

ဩဂုတ်၊ ၁၃

သပိတ်ကျင်းမြို့နယ် တကောင်းမြို့ကို တော်လှန်ရေး ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးမြို့ကိုထိန်းချုပ် ထားပြီလို့ သပိတ်ကျင်းမြို့နယ် ပကဖက ဒီကနေ့ရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်ပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေသေဆုံးမှုများပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေရဲ့နေအိမ်တွေလည်း ပျက်စီးမှုရှိတယ်လို့ သပိတ်ကျင်းပကဖ ကပြောပါတယ်။

မြို့သိမ်းတိုက်ပွဲအပြီး ယာဉ်တန်းတွေနဲ့ဝင်ရောက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဒေသခံတွေက အောင်သ ပြေနဲ့ကြိုဆိုနေကြတဲ့ပုံရိပ်တွေကိုလည်း သပိတ်ကျင်းပကဖထုတ်ပြန်တဲ့ ရုပ်သံဖိုင်အတွင်းတွေ့ရပါတယ်။

အဲ့ဒီမြို့သိမ်းတိုက်ပွဲမှာ NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသလက်အောက်ခံ PDFတပ်ဖွဲ့တွေ၊ သပိတ်ကျင်း ပကဖနဲ့ တကောင်းတိုက်နယ် ပကဖတို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့မြောက်ဘက် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းက ရှေးဟောင်းယဉ်ကျေးမှုရှိတဲ့ တကောင်းမြို့ဟာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထိစပ်ဒေသလည်းဖြစ်ပြီး စစ်ကိုင်းတိုင်းထဲက ကျွန်းလှ၊ထီးချိုင့်မြို့နယ်တွေနဲ့ ထိစပ် နေတဲ့ ဒေသဖြစ်ပါတယ်။

တကောင်းမြို့သိမ်းတိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ သပိတ်ကျင်းပကဖ၊အမှတ်(၁)စစ်ဒေသနဲ့ NUG ကာ ကွယ်ရေးဝန်ကြီးဌာနတို့က ထုတ်ပြန်အသိပေးတာမရှိသေးပါဘူး။

စစ်ကောင်စီရဲ့ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ တကောင်းမြို့သိမ်းပိုက်ခံရကြောင်းအတည်ပြု ဖော်ပြကြ ပြီး တော်လှန်ရေးအင်အားစုတွေဖမ်းဆီးသွားတဲ့ တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ၊မိသားစုဝင်တွေ ရှိတယ်လို့လည်း ဖော်ပြ ကြပါတယ်။

နှစ်ရက်ကြာ တကောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုဟာ ထွေအုပ်ရုံးစတင်သိမ်းပိုက်ခံရပြီးနောက် ဆေးရုံ ဘက်ကိုစတင်ဆုတ်ခွာခဲ့ပြီး အဲ့ဒီကနေ လေးမျက်နှာဘုရားကိုထပ်မံဆုတ်ခွာ ခံစစ်ဆင်ခဲ့တာလို့ စစ်အုပ်စုဘက်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက တကောင်းမြို့အနီးတဝိုက်က စစ်ကောင်စီစခန်းတချို့နဲ့ တကောင်းနီကယ် စက်ရုံတို့ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့ကာ မြို့ကိုပါ ဆက်လက်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာပါ။

လက်ရှီသပိတ်ကျင်းမြို့နယ် တောင်ခြမ်းမှာရော မြောက်ခြမ်းမှာပါ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်တွေရှိနေတာ ဖြစ်ပြီး တောင်ခြမ်းမှာတော့ သပိတ်ကျင်းမြို့နဲ့ ကိုးမိုင်ဝန်းကျင်အကွာအထိ တော်လှန်ရေးတပ်တွေ ရောက်နေ ပါတယ်။