စစ်ဘေးရှောင်များလာလို့ ရန်ကုန်မှာ အိမ်ငှားခစျေးမြင့်တက်

Photo -xinhuanet

ဩဂုတ်၊ ၁၂

ရန်ကုန်မြို့ကို စစ်ဘေးရှောင်ပြည်သူတွေဝင်ရောက်တာများနေသလို အိမ်နဲ့တိုက်ခန်းအငှားစျေးနှုန်းမှာလည်း သိသိသာသာမြင့်တက်လာနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

စစ်ရေးတင်းမာနေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊တောင်ပိုင်းနဲ့ မန္တလေးတိုင်းအတွင်းရှိမြို့နယ်တချို့ကပြည်သူတွေအနေနဲ့ရန်ကုန်မြို့မှာ စစ်ဘေးရှောင်ဖို့ဝင်ရောက်လာကြတာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီစစ်ဘေးရှောင်တွေအနေနဲ့နီးစပ်ရာဆွေမျိုးတွေဆီမှာခဏတဖြုတ်နေထိုင်ပြီး အခန်းငှားဖို့ရှာဖွေနေကြတာမျိုးရှိကာ အိမ်ရှာသူများတာနဲ့အမျှအခန်းစျေးတွေပါခုန်တက်သွားတယ်လို့ လက်ရှိအခန်းရှာနေသူတဦးကဆိုပါတယ်။

“ဝါတွင်းကာလလည်းဖြစ်နေတော့အခန်းလွတ်ကမရှိဘူး။ရှိတဲ့အခန်းကြတော့လည်းမတန်တဆခေါ်တယ်။တော်တော်များများကအခန်းရရင်ပြီးရောခေါ်တဲ့စျေးပေးမယ်ဆိုပြီးရှာနေကြတာ”လို့ သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်သူတဦးကပြောပါတယ်။

လက်ရှိတိုက်ခန်းအငှားစျေးမှာ အာဏာမသိမ်းမီကာလကထက် အနည်းဆုံးနှစ်ဆကျော်မြင့်တက်သွားပြီး ပါးစပ်ပေါက်စျေးနဲ့ စျေးကွက်ပျက်နေတယ်လို့လည်း ရန်ကုန်မြို့နေပြည်သူတချို့ကဆိုပါတယ်။

“အရင်ခြောက်လွှာအပေါ်ဆုံးထပ်ဆို တလတသိန်းလောက်ပဲပေါက်စျေးရှိတာ၊အခုနှစ်သိန်းကျော်အထိစျေးခေါ်တဲ့သူတွေတောင်ရှိလာပြီ။အဓိကပွဲစားတွေကစျေးဖျက်တာ။အခုစစ်ရှောင်တွေဝင်လာတော့စျေးတွေစွတ်တင်ရိုက်နေကြတာ။စစ်ရှောင်တွေကခဏတဖြုတ်ဘဲငှားနေမှာ။တကယ်ခံရတာက နဂိုရှိရင်းစွဲလူတွေ။အခုပေါက်စျေးအတိုင်းမပေးနိူင်ဘူးလေ”လို့ တောင်ဥက္ကလာပမြို့နယ်မှာတိုက်ခန်းငှားနေထိုင်သူတဦးကပြောပါတယ်။

ကျောက်မဲမြို့ကနေ ရန်ကုန်ကို မကြာသေးခင်ကမှမိသားစုလိုက်စစ်ရှောင်လာသူအမျိုးသမီးတဦးကလည်း သူ့ရဲ့အတွေ့အကြုံကိုအခုလိုပြောပြပါတယ်။

“လှိုင်နဲ့ စမ်းချောင်းမှာတိုက်ခန်းရှာတာ စည်းကမ်းတွေကလည်းများ စပေါ်ကလည်းတောင်း အိမ်ငှားခကလည်းကြုံသလိုတောင်းနေကြတော့ အဆင်မပြေဘူး အဝတ်တထည်ကိုယ်တခုနဲ့ပြေးလာကြရတာ”လို့ဆိုပါတယ်။

ဒါ့အပြင်လက်ရှိမှာစစ်ရှောင်တွေဝင်ရောက်လာတာအပြင် နေပြည်တော်လိုနေရာမှာတာဝန်ကျနေသူတွေက ရန်ကုန်ကိုမိသားစုတွေပြန်ပို့ထားဖို့ဆိုပြီး သူတို့အငှားချထားတဲ့တိုက်ခန်းတွေကို ပြန်အပ်ခိုင်းတာမျိုးရှိလို့ အဲဒီအခန်းတွေမှာငှားနေနေတဲ့မိသားစုတွေအခက်တွေ့နေကြရတယ်လို့လည်း ကိုယ်တိုင်ကြုံရသူတချို့ကဆိုပါတယ်။

ဒါ့အပြင့် အိမ်ရှင်တချို့က စျေးပိုပေးလာတဲ့သူတွေကိုပြန်ငှားဖို့ဆိုပြီး လက်ရှိငှားနေသူတွေကို ဆက်လက်မခံတော့တာမျိုးတွေရှိနေတယ်လို့လည်း အိမ်ငှားနေထိုင်သူတွေကပြောပါတယ်။

အခုလိုစစ်ဘေးရှောင်တွေကိုအကြောင်းပြုပြီး အိမ်ရှင်နဲ့ပွဲစားတွေက အမြတ်ကြီးစားနေတဲ့အပေါ်ဝေဖန်မူတွေလည်းမြင့်တက်နေပါတယ်။

အဲဒီလို အမြတ်ထုတ်သူတွေရှိသလို တချို့ အိမ်နဲ့မြေကွက်ပိုင်ဆိုင်သူတွေက စစ်ဘေးရှောင်တွေကိုအခမဲ့နေထိုင်ခွင့်ပြုတာ၊စားသောက်ဖို့ကူညီပေးတာမျိုးတွေလည်းရှိနေပါတယ်။