ဩဂုတ်၊ ၁၂
ယူဂန္ဓာ နိုင်ငံမှာ ဧရာမ အမှိုက်တောင်ပို့ကြီး ပြိုကျခဲ့တာကြောင့် လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ကြပါတယ်။
ယူဂန္ဓာ နိုင်ငံရဲ့ မြို့တော် ကမ်ပါလာမှာ အဓိက အမှိုက်စွန့်ပစ်ရာ နေရာအဖြစ် ရှိနေတဲ့ ကစ်တီဇီ ဧရိယာထဲက အမှိုက်တောင်ပို့ကြီးဟာ ဩဂုတ် ၉ ရက်နေ့က ပြိုကျခဲ့တာ ဖြစ်ပါတယ်။ ဩဂုတ် ၁၁ ရက်နေ့ ညနေပိုင်းထိ အခြေအနေအရ လေးလံလှတဲ့ အမှိုက်ထု အစုအဝေးကြီးတွေ အောက်ကနေ အလောင်း ၁၈ လောင်း ရှာတွေ့ခဲ့ပြီး နောက်ထပ် ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးငယ် အနည်းဆုံး ၂ ယောက်ပါဝင်တယ်လို့လည်း ကယ်ဆယ်ရေးတွေက ဆိုပါတယ်။
ကမ်ပါလာမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး အောက်ခြေမြေသား ပျော့သွားခြင်းက အခုလိုမျိုး ထုထည်ကြီးမားလှတဲ့ အမှိုက်တောင်ပို့ကြီး ပြိုကျစေတဲ့ အဓိက အကြောင်းရင်းလို့ ယုံကြည်ရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို စုံစမ်းနေဆဲ ဖြစ်ပေမယ့် အမှိုက်ထုကြီးရဲ့ ဟန်ချက်ညီ တည်ရှိမှု ပျက်စီးတာကြောင့် ပြိုကျတာလို့ ကနဦး ယူဆထားကြောင်း ရဲတွေက ပြောပါတယ်။
ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်သလို အလောင်းတွေ ထပ်တွေ့လာနိုင်ခြေ ရှိတယ်လို့လည်း ယူဆထားပါတယ်။
သေဆုံးသူ အားလုံးလိုလိုဟာ အမှိုက်ထဲက ပြန်လည် ရောင်းချလို့ရမယ့် အတိုအစ ပစ္စည်းတွေကို လိုက်လံကောက်ယူတဲ့ (ပလုံကောက်)သူတွေ ဖြစ်ကြပါတယ်။ တချို့ကတော့ မြင့်မားလှတဲ့ အဲဒီ အမှိုက်တောင်ပို့ကြီးနားမှာ ယာယီ ရွက်ဖျင်တဲတွေ ထိုးပြီး နေကြပါတယ်။
ဘေးမကင်းတဲ့ ခြေအနေတွေကြောင့် ကစ်တီဇီ ဧရိယာမှာ အမှိုက်စွန့်မှုတွေကို ပိတ်သိမ်းပစ်ပြီး ပိုမိုကြီးမား ကျယ်ပြန့်တဲ့ မြို့ပြင်နေရာ တစ်ခုဆီကို ရွှေ့ပြောင်းဖို့ ကမ်ပါလာ အာဏာပိုင်တွေက စီစဉ်ခဲ့ဖူးပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အထမမြောက်ခဲ့ပါဘူး။
အမှိုက်တောင်ပို့ပြီး ပြိုကျခဲ့တဲ့ ဖြစ်စဉ်အပြီးမှာတော့ ယူဂန္ဓာ သမ္မတ ယိုဝါရီ မူဆီဗီနီက ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းမှုတွေအပြင် အန္တရာယ်ရှိတဲ့ အနေအထား၊ ဓာတ်ပစ္စည်းတွေနဲ့ အနံ့အသက်ဆိုးတွေ ဖုံးလွှမ်းနေတဲ့ နေရာမှာ လူတွေ နေထိုင်နေကြတဲ့ ကိစ္စကိုပါ စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားကြောင်း သိရပါတယ်။
Ref: AP