ဘရာဇီးမှာ လူနေအိမ်ပေါ် ခရီးသည်တင်လေယာဉ် ပျက်ကျ၊ လိုက်ပါလာသူ ခြောက်ဆယ်ကျော် သေဆုံး

ဩဂုတ် ၊ ၁၀

ဘရာဇီးနိုင်ငံမှာ လူနေအိမ် တလုံးပေါ်ကို ခရီးသည်တင် လေယာဉ်ငယ် ပျက်ကျမှုကြောင့် လိုက်ပါသွားသူ ၆၁ ဦးစလုံး သေဆုံးသွားခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၅၇ ဦးနဲ့ အမှုထမ်း ၄ ဦး စီးနင်းလိုက်ပါခဲ့ပြီး အသက်ရှင် ကျန်ရစ်သူ တယောက်မှ မရှိခဲ့ကြောင်း Voepass လေကြောင်းလိုင်းက အတည်ပြုခဲ့ပါတယ်။ လေယာဉ်ဟာ နိုင်ငံတောင်ပိုင်း ပါရာနာ ပြည်နယ်ကနေ ဩဂုတ် ၉ ရက်မှာ ပျံတက်လာပြီး ဆာအိုပေါ်လို ပြည်နယ်ရဲ့ မြို့တော်၊ ဆာအိုပေါ်လို စီးတီးဆီ ဦးတည်ပျံသန်းနေရင်း ဗင်ဟီဒိုဆိုတဲ့ မြို့ထဲမှာ ပျက်ကျသွားခဲ့တာပါ။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black boxတွေကိုတော့ ရှာတွေ့ထားပြီး ဖြစ်ပါတယ်။

လေယာဉ်ဟာ ကွန်ဒို အိမ်ရာတခုထဲက လုံးချင်းအိမ် တလုံးပေါ်ကို ပျက်ကျပြီး ပေါက်ကွဲ မီးလောင်ခဲ့ပါတယ်။ လေယာဉ်က အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားခဲ့သလို နေအိမ်ကလည်း စုတ်ပြတ်သွားခဲ့ပါတယ်။ မြေပြင်ပေါ်မှာ ရှိနေသူတွေကတော့ အခုဖြစ်စဉ်မှာ အထိအခိုက် မရှိခဲ့ပါဘူး။

သူက ဝရန်တာကို ထွက်ကြည့်မိတဲ့ အချိန် ချာချာလည်ရင်း အရှိန်နဲ့ ထိုးဆင်းလာတဲ့ လေယာဉ်ကို မြင်လိုက်မိကြောင်း အခင်းဖြစ်တဲ့ နေရာနားမှာ နေထိုင်သူ တယောက်က ဆိုပါတယ်။

ပျက်ကျတဲ့ လေယာဉ်ဟာ ATR-72 အမျိုးအစား ပန်ကာနှစ်လုံးတပ် လေယာဉ်ငယ် ဖြစ်ပြီး အမြင့်ပေ ၁၇၀၀၀ လောက်မှာ ပျံသန်းနေရာက ရုတ်တရက် ထိုးဆင်းလာတယ်လို့ Flight Radar ဝက်ဘ်ဆိုက်ရဲ့ မှတ်တမ်း အချက်အလက်တွေအရ သိရပါတယ်။

ဘရာဇီး သမ္မတ လူလာ အင်နာစီယို ဒါဆေးလ်ဗားက သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူဝမ်းနည်းကြောင်း ကြေညာပြီး အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ နောက်ဆက်တွဲ လိုအပ်တဲ့ အကူအညီတွေ မှန်သမျှကို ဗဟိုအစိုးရက ဖိဖိစီးစီး ပေးအပ်သွားမယ်လို့ ပြောပါတယ်။

အခုလေယာဉ်ပျက်ကျမှုဟာ ဘရာဇီးမှာ ၂၀၀၇ ခုနှစ်တုန်းက TAM Expressရဲ့ ခရီးသည်တင် လေယာဉ် ဆာအိုပေါ်လိုမှာ ပျက်ကျလို့ ပေါက်ကွဲမီးလောင်ပြီး လူ ၁၉၉ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း နိုင်ငံရဲ့ အဆိုးဆုံး လေကြောင်း မတော်တဆမှု အဖြစ်လည်း မှတ်တမ်းဝင်လာခဲ့ပါတယ်။

Ref: Guardian