ဩဂုတ် ၊ ၉
အာရက္ခတပ်တော် AA ကထိုးစစ်ဆင်နေတဲ့ မောင်တောမှာ စစ်အုပ်စုက လူသားဒိုင်းကာအဖြစ်ထွက်ခွာခွင့်မပေးဘဲ ပိတ်ဆို့ထားတဲ့ ဒေသခံ ရိုဟင်ဂျာ(မူရင်းမှာမွတ်စလင်အဖြစ်ဖော်ပြ)ရှစ်ရာဝန်းကျင်ကိုမနေ့ကကယ်ထုတ်နိုင်ခဲ့ တယ်လို့ AA က ဒီကနေ့ထုတ်ပြန်အသိပေးပါတယ်။
မောင်တောမြို့နယ် ဗိုလ်မှူးကျေးရွာဒေသခံ သုံးရာဝန်းကျင်နဲ့ မောင်တောမြို့ အမှတ်(၈)ရပ်ကွက်၊ကညင်တန်းရွာ က ဒေသခံ ငါးရာဝန်းကျင်တို့ကို မနေ့က နေ့လယနဲ့ ညနေပိုင်းတို့မှာ ကယ်ထုတ်နိုင်ခဲ့တာလို့သိရပါတယ်။
အဲ့ဒီဒေသခံတွေကို ကယ်ထုတ်နေတဲ့အခြေအနေကို အာရက္ခတပ်တော်က ရုပ်သံဖိုင်နဲ့ ထုတ်ပြန်လာတာဖြစ်ပြီး ထွက်ခွာလာကြသူတွေထဲ ကလေးသူငယ်၊သက်ကြီးရွယ်အိုတွေ၊အမျိုးသမီးတွေလည်းပါဝင်တာတွေ့ရပါတယ်။
ဒေသခံတွေကို တိုက်ပွဲကြားကနေ ကယ်ထုတ်ခဲ့ရတာလို့လည်း AA ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။AAက ထုတ်ပြန်လာတဲ့ ရုပ်သံဖိုင်ထဲမှာလည်း အရပ်သားတွေထွက်ခွာလာကြချိန်မှာပဲ ပစ်ခတ်သံတွေကြားနေရတဲ့အခြေအနေရှိပါတယ်။
အာရက္ခတပ် တော် AA ဟာ မောင်တောမြို့ကို ထိုးစစ်မဆင်မီ ပြီးခဲ့တဲ့ ဇွန်လ ၁၆ရက်ကတည်းက ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ခွာကြဖို့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီနဲ့ စစ်အုပ်စုက လက်နက်တပ်ဆင်ပေးထားတဲ့ ဒေသခံပြည်သူ့စစ်တွေက အရပ်သားဒေသခံ တွေကို ပိတ်ဆို့ပြီး လူသားဒိုင်းကာအဖြစ်အသုံးချနေတေယ်လို့ AA ကပြောထားသလို DNA နဲ့အဆက်အသွယ်ရတဲ့ မောင်တောဒေသခံတချို့ကလည်း အလားတူပြောကြပါတယ်။
“စကစက မြို့ပြင်ထွက်ခွင့် လုံး၀မပေးဘူး၊ ရိုဟင်ဂျာတွေအတွက် တော်တော် စိုးရိမ်ဖို့ကောင်းပါတယ်၊ ထွက်ပြေး ရင်လည်း ပစ်သတ်တယ်၊ အဲလိုပစ်သတ်လိုက်တာ”လို့ ဘင်္ဂလားဒေ့ရှ်ရောက် မောင်တောဒေသခံ ရိုဟင်ဂျာတဦးက DNA ကို ပြောထားပါတယ်။
ဒါကြောင့် လက်ရှိအထိ မောင်တောမှာ အရပ်သားဒေသခံအများအပြားပိတ်မိနေဆဲဖြစ်ပြီး တိုက်ပွဲတွေကြား အရပ် သား ထိခိုက်သေဆုံးမှုတွေလည်းအများအပြားရှိနေပါတယ်။
အခုလအတွင်းပြီးခဲ့တဲ့ရက်ပိုင်းကလည်း မောင်တောမြို့နယ် ပင်လယ်ကမ်းစပ်တနေရာမှာ ပစ်ခတ်တိုက်ခိုက် မှု တွေကြောင့် ဒေသခံ ဆယ်နဲ့ချီသေဆုံးခဲ့ရပြီး AA ကတော့ အဲ့ဒီဖြစ်စဉ်ကို အသေးစိတ်စုံစမ်းစစ်ဆေးနေတယ် လို့ ပြောထားပါတယ်။
အခင်းဖြစ်စဉ်ဖြစ်ပွားတဲ့နေရာဟာ အာရက္ခတပ်တော် ထိန်းချုပ်စိုးမိုးတဲ့ နေရာမဟုတ်ဘူးလို့လည်း AAက ငြင်းဆို ထားပါတယ်။
ဒီလို အရပ်သားအများအပြား သေဆုံးထိခိုက်တဲ့ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပြီးနောက် နေရပ်စွန့်ခွာထွက်ခွာလိုတဲ့ အရပ် သားတွေအနေနဲ့ လုံခြုံမှုပေးနိုင်တဲ့ AA တပ်ဖွဲ့ဝင်တွေရှိရာနေရာတွေဆီ ဦးတည်ထွက်ခွာကြဖို့ AA က အခုလ ၇ရက်မှာ ထပ်မံထုတ်ပြန်အသိပေးထားပါတယ်။
လက်ရှိ မောင်တောမှာ စစ်အုပ်စုရဲ့ပိတ်ဆို့မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိတဲ့ ဒေသခံအရပ်သား တွေထဲကတချို့ဟာ စားနပ်ရိက္ခာပြတ်တောက်ပြီး အစာရေစာ ပြတ်လပ်မှုဒဏ်ကိုလည်း ရင်ဆိုင်နေရတယ်လို့ AAကဆိုပါတယ်။