ဩဂုတ်၊ ၉
အင်အားပြင်း ငလျင်တခု လှုပ်ခတ်မှုနဲ့အတူ ဂျပန်နိုင်ငံ တောင်ပိုင်း ကမ်းခြေတွေဆီ အသေးစား ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်ခဲ့ပါတယ်။
ဩဂုတ် ၈ ရက်နေ့ ညနေပိုင်းတုန်းက ဂျပန်နိုင်ငံ တောင်ပိုင်း၊ ကျူရှူးကမ်းလွန်၊ ပင်လယ်ရေမျက်နှာပြင်အောက် ၂၅ ကီလိုမီတာ အနက်လောက်ကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၆.၉ နဲ့ ၇.၁ အဆင့် ငလျင်နှစ်ခု ဆင့်ကဲ လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီ (USGS)က အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ နောက်တော့ ငလျင်ဟာ ရစ်ချ်တာစကေး ၇.၁ အဆင့် တခုတည်းသာ ဖြစ်တယ်လို့ ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။
ငလျင်ရဲ့ သက်ရောက်မှုကြောင့် ကျူရှူးရဲ့ အရှေ့ဖက် ကမ်းခြေတွေဆီ အမြင့်ဆုံး ၁ ပေခွဲလောက်သာရှိတဲ့ ဆူနာမီ ရေလှိုင်းငယ်တချို့ ရိုက်ခတ်ခဲ့ပါတယ်။ မူလက ကျူရှူးကျွန်းအပြင် ငလျင်ဗဟိုချက်နဲ့ ကီလိုမီတာ ၈၅၀ လောက် ကွာဝေးတဲ့ ချီဘာဒေသအထိ ၃ ပေလောက် အမြင့်ရှိတဲ့ ဆူနာမီလှိုင်းတွေ ရိုက်ခတ်တာ ကြုံရနိုင်တယ်လို့ ခန့်မှန်းခဲ့သလို သတိပေးချက်တွေလည်း ကြိုတင် ထုတ်ပြန်ထားခဲ့ပါတယ်။
ဆူနာမီ ရေလှိုင်းတွေကြောင့် ထိခိုက်ပျက်စီးမှု၊ ဒဏ်ရာရမှုတွေ မရှိခဲ့သလို ငလျင်ကြောင့် ဖြစ်ပေါ်တဲ့ အပျက်အစီးကလည်း အနည်းအကျဉ်းသာ ကြုံခဲ့တယ်လို့ ဆိုပါတယ်။ မီယာဇာကီမှာတော့ ငလျင်နဲ့ ဆက်စပ်ပြီး ဒဏ်ရာ အနည်းအကျဉ်း ရခဲ့သူ ၃ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။
လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာတော့ ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အသေးစား အပျက်အစီးတွေရဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေက တွေ့ရပါတယ်။
ဂျပန်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက် မီးတောင် ရပ်ဝန်းနဲ့ ဆက်နွှယ်နေတဲ့ ရေအောက် ပြတ်ရွေ့ကျောက်လွှာကြီး ၄ ခုပေါ် တည်ရှိတဲ့ နိုင်ငံဖြစ်တာကြောင့် ဆိုးရွားပြင်းထန်တဲ့ ငလျင်တွေနဲ့ မကြာခဏ ကြုံရလေ့ ရှိပါတယ်။
လူဦးရေ ၁၂၅ သန်းလောက် နေထိုင်တဲ့ နိုင်ငံဟာ နှစ်စဉ် ပြင်းထန်မှုနှုန်း မတူညီတဲ့ ငလျင်ပေါင်း ၁၅၀၀ လောက် လှုပ်ခတ်မှုကို ကြုံရလေ့ရှိပြီး ဒါဟာ ပျမ်းမျှအားဖြင့် တကမ္ဘာလုံးမှာ လှုပ်ခတ်တဲ့ ငလျင်အားလုံးရဲ့ ၁၈ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။
Ref: CNA