ဩဂုတ်၊ ၉
ထိုင်းအခြေခံ ဥပဒေ ခုံရုံးရဲ့ စီရင်ချက်အရ ဖျက်သိမ်းခဲ့ရတဲ့ အဓိက အတိုက်အခံ Move Forwardပါတီ (MFP)ဟာ နိုင်ငံရေး အစုအဖွဲ့သစ်၊ ပါတီသစ် တခုအနေနဲ့ ပြန်လည် စုစည်းလိုက်ပါတယ်။
ရွေးကောက်ပွဲကြို ကာလတွေတုန်းက ထိုင်းဘုရင်စနစ်နဲ့ ပတ်သက်လို့ အလွန်အကျွံ အကာအကွယ် ပေးထားတဲ့ အငြင်းပွားစရာ ဥပဒေကို ပြင်ဆင်မယ်လို့ MFPက မဲဆွယ်ခဲ့တာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ခုံရုံးက ဆုံးဖြတ်ပြီး ပါတီကို ဖျက်သိမ်းဖို့ ဩဂုတ် ၇ ရက်နေ့မှာ စီရင်ချက် ချခဲ့တာပါ။
MFPဟာ ပြီးခဲ့တဲ့နှစ် ထိုင်းရွေးကောက်ပွဲမှာ လူထုထောက်ခံမှု အများဆုံး၊ အောက်လွှတ်တော်ထဲမှာ ကိုယ်စားလှယ် ရွေးချယ် တင်မြှောက်နိုင်မှု အများဆုံး ပါတီ ဖြစ်ခဲ့ပေမယ့်လည်း ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းဖို့ လုံလောက်တဲ့ နိုင်ငံရေး မဟာမိတ်တွေ မစုဆောင်းနိုင်ခဲ့တာကြောင့် အဓိက အတိုက်အခံ အနေနဲ့သာ ရပ်တည်ခဲ့ရတာ ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲရေး ဝါဒစွဲ နိုင်ငံရေး အင်အားစု တခုအဖြစ် လူသိများတဲ့ MFPဟာ တရားရုံး ဆုံးဖြတ်ချက်အရ ပါတီ ဖျက်သိမ်းလိုက်ရတဲ့အပြင် ပါတီ ခေါင်းဆောင်ဟောင်း ဖီထာ လင်ဂျာရွန်ရတ် အပါအဝင် အမှုဆောင် ၁၁ ဦးကလည်း နိုင်ငံရေးနဲ့ ၁၀ နှစ်ကြာ ကင်းကွာနေဖို့ ပိတ်ပင် ခံခဲ့ရပါတယ်။
ဩဂုတ် ၉ ရက်နေ့က ဘန်ကောက်မှာ ပါတီကိုယ်စားလှယ်တွေ တွေ့ဆုံ ဆွေးနွေးမှုအရ အသစ်ထူထောင်မယ့် ပါတီကို ဖက်ခ် ပရက်ချန်ချွန် (ပြည်သူ့ပါတီ)လို့ နာမည်ပေးထားပြီး အတိုကောက်အဖြစ် (PP)လို့ သုံးစွဲသွားဖို့ အတည်ပြုခဲ့ပါတယ်။ PPရဲ့ ဆောင်ပုဒ်က လွတ်လပ်မှု၊ ညီမျှမှုနဲ့ သဟာယ စိတ်ဓာတ် ဖြစ်ပါတယ်။
MFPဟာ ပါတီသစ် မထူထောင်ခင် ကတည်းက လက်ရှိ ပါတီရွေးကောက်ခံ အမတ်အားလုံး ပြိုင်ဘက်တွေဆီ ဘက်ပြောင်းမှာ မဟုတ်ဘဲ နာမည်သစ်နဲ့ ပေါ်ပေါက်လာမယ့် ပါတီရဲ့ ဦးဆောင်မှုအောက်မှာ စုစုစည်းစည်း ဆက်ရှိနေမယ်လို့ ကြေညာထားပါတယ်။ ပြီးတော့ ပါတီရဲ့ အမှုဆောင်တွေကိုလည်း ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။
PPဟာ ဘုရင်က နိုင်ငံအကြီးအကဲအဖြစ် ဦးဆောင်တဲ့ ဒီမိုကရေစီ စံနှုန်းတွေ၊ တရားဥပဒေတွေ၊ လူ့ဂုဏ်သိက္ခာတွေ၊ လူ့အခွင့်အရေးတွေ၊ မူဝါဒတွေ၊ စီးပွားရေး၊ လူမှုတန်းတူညီမျှရှိရေး၊ ဗဟိုချုပ်ကိုင်မှု ဆန့်ကျင်ရေး၊ လိင်ကွဲပြားမှုနဲ့ ယဉ်ကျေးမှု စုံလင်စွာ အသိအမှတ်ပြုရေး၊ လွတ်လပ်တဲ့ စျေးကွက် စီးပွားရေး၊ လက်ဝါးကြီးအုပ်မှု မရှိဘဲ လွတ်လပ်ပြီး တရားမျှတစွာ ယှဉ်ပြိုင်ရေး၊ လူမှုကောင်းကျိုးပြု စနစ်တွေ ဖော်ဆောင်ရေး၊ မွေးဖွားချိန်ကနေ သေဆုံးသည်အထိ လူသားတိုင်း လူ့ဂုဏ်သိက္ခာနဲ့ ညီညွတ်စွာ ရှင်သန်နေထိုင်ခွင့်ရရေးဆိုတဲ့ အတွေးအမြင်တွေကို လေးစား လိုက်နာ ကိုင်ဆွဲသွားမယ်လို့လည်း ဆိုပါတယ်။
ပါတီရဲ့ လိုဂိုကလည်း MFPလိုပဲ သုံးနားညီ တြိဂံတခုကို အခြေပြုပြီး ရေးဆွဲထားမှာ ဖြစ်ပါတယ်။ အောက်ဖက်ကို စိုက်ထားတဲ့ လိမ္မော်ရောင် သုံးနားညီ တြိဂံနဲ့အတူ ပါတီနာမည်ကို ထိုင်းဘာသာနဲ့ရော၊ အင်္ဂလိပ်လိုပါ ရေးသားထားတာ တွေ့နိုင်ပါတယ်။
ထိုင်းမှာ အဓိက ဒီမိုကရေစီ အင်အားစု တခုဖြစ်တဲ့ MFP ဖျက်သိမ်းခံရတာနဲ့ ပတ်သက်လို့ နိုင်ငံတကာ စိုးရိမ်တကြီး ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် ထိုင်းအစိုးရကတော့ နိုင်ငံရဲ့ ဒီမိုကရေစီကို ထိခိုက်မှု ကြီးကြီးမားမား မရှိဘူးလို့ မှတ်ချက် ပေးထားပါတယ်။ MFP မတိုင်ခင်က တည်ရှိခဲ့တဲ့ ကနဦး နိုင်ငံရေး အင်အားစု Future Forwardပါတီ (FFP)ဟာလည်း တူညီတဲ့ ကံကြမ္မာမျိုး ကြုံတွေ့ပြီး ဖျက်သိမ်းခံခဲ့ရတဲ့အတွက် MFPကို လက်ဆင့်ကမ်း တည်ထောင်ခဲ့ရတာ ဖြစ်ပါတယ်။
Ref: Khaosod