တိုက်ပွဲမရှိသေးတဲ့ ဂွမြို့နယ်မှာ စစ်ကောင်စီတပ်က ပထမဆုံးအကြိမ် လေကြောင်းဗုံးကြဲ ၊ စစ်ရှောင်အရပ်သား ၁ဦးသေ ၊ ၇ဦး ဒဏ်ရာရ

ဩဂုတ်၊ ၈

နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု မရှိသေးတဲ့ရခိုင်တောင်ဖက်အစွန်ဆုံး ဂွမြို့နယ်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားလူနေရွာထဲ ကျရောက်ပေါက်ကွဲကာ စစ်ရှောင်အမျိုးသမီးတဦးအပါအ၀င် ခုနှစ်ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ ဩဂုတ်လ ၈ ရက် မနက်အစောပိုင်း နှစ်နာရီ၀န်းကျင်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစီးနဲ့ ဂွမြို့နယ် ကျောက်ခေါင်းကွင်းနဲ့ စေတီကွင်းရွာတို့ကို ဗုံးလာကြဲခဲ့တာဖြစ်ပြီး ဒါဟာ ဂွမြို့နယ်အတွင်း ပထမဆုံးအကြိမ် လေ ကြောင်းဗုံးကြဲတာလည်း ဖြစ်ပါတယ်။

“လူအိပ်ချိန် ဂျက်တိုက်နဲ့ လာကြဲတာ၊ ဘုန်းကြီးကျောင်းနဲ့ ရွာထဲမှာကျတယ် ကြားတယ်၊ တယောက်သေတယ်၊ ဒဏ်ရာရတာလည်း အနည်းဆုံး ခုနှစ်ယောက်လောက် ရှိတယ်ပြောပါတယ်” လို့ အနီးရှိ ကျိန္တလီမြို့ခံတဦးက DNA ကို ပြောပါတယ်။

အဲဒီဗုံးကြဲမှုကြောင့် သံတွဲမြို့နယ်မှ ကျောက်ခေါင်းကွင်းရွာသို့ စစ်ဘေးလာရှောင်နေတဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ကာ နောက်ထပ် အမျိုးသမီးအပါအ၀င် ခုနှစ်ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တာလို့ သူက ဆိုပါတယ်။

ဒဏ်ရာရသူထဲမှာလည်း စစ်ဘေးရှောင်တွေ ပါ၀င်ပြီး ဗုံးကြဲမှုကြောင့်  ဘုန်းတော်ကြီးကျောင်းဆောင်နဲ့ လူနေအိမ်အချို့ပါ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်သွယ်ဖို့ ဖုန်းလိုင်းအဆင်မပြေတာ၊ စစ်ကောင်စီတပ်က တံတားတွေ ချိုးဖျက်ထားတာ၊ စစ်ကောင်စီတပ်က ဂိတ်ဖွင့် သွားလာခွင့်ကန့်သတ်ထားတာတို့ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့  ဆိုပါတယ်။

စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲခဲ့တဲ့ ကျောက်ခေါင်းကွင်းနဲ့ စေတီကွင်းရွာတို့ဟာ သံတွဲနဲ့ ကျိန္တလီမြို့တို့ကြား ကားလမ်းမပေါ် တည်ရှိပြီး မြေပုံမှာ မျည်းဖြောင့်တိုင်းရင် သံတွဲမြို့နဲ့ ၂၆ မိုင်၀န်းကျင်အကွာ၊ ကျိန္တလီမြို့နဲ့ ၆မိုင်၀န်းကျင်အကွာမှာ တည်ရှိပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီနေ့ ဗုံးကြဲတိုက် ခိုက်ခဲ့တဲ့ ရွာတွေနဲ့ ကပ်ရပ်မှာရှိတဲ့ သဲကုန်းရွာကိုလည်း မနေ့ ဩဂုတ်လ ၇ ရက်နေ့မှာ ရေတပ်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“AA ရှိတယ်ထင်ပြီး ပစ်တာဖြစ်မယ်၊ တကယ်တော့ စစ်ရှောင်တွေနဲ့ ရွာသားတွေပဲ နေတာ၊ အကုန်လုံး ဒုက္ခရောက်နေတဲ့သူတွေပါ”လို့ သံတွဲမြို့နယ်မှ ဂွမြို့နယ်မှာ စစ်ရှောင်နေသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဂွမြို့နယ်နဲ့ ကပ်ရပ်မှာရှိတဲ့ သံတွဲမြို့နယ်အတွင်းမှ တပ်စခန်းတွေ တိုက်ခိုက်ခံရချိန် ပြီးခဲ့တဲ့ လတွေ ကတည်းက ဂွမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်း၊ တပ်စခန်းတိုးချတာ၊ လမ်းမတလျောက် ဂိတ်တွေဖွင့်ကာ သွားလာခွင့်ကန့်သတ်တာ၊ ရွာအနီးတောစပ်တွေမှာ မိုင်းထောင်တာ၊ စစ်ကြောင်းထိုး၊ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်လာခဲ့တယ်လို့ ဂွဒေသခံတွေက ပြောကြပါတယ်။

လက်ရှိမှာ ဂွမြို့နယ်အတွင်း စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းနင်းမိလို့ သေဆုံး၊ ဒဏ်ရာရသွားတဲ့ အရပ်သား ဆယ်ဦးဝန်းကျင်ရှိပြီဖြစ်ပြီး အာရက္ခတပ်တော်(AA) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဖမ်းဆီးခံထားရသူဟာလည်း နှစ်ဆယ်ဝန်းကျင်ထိရှိပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောထားပါတယ်။

အဲဒီလိုအခြေအနေတွေကြောင့် ဂွမြို့ပေါ်နဲ့ နယ်ကျေးရွာအချို့မှ ဒေသခံတွေဟာ ရန်ကုန်အပါအ၀င် ဘေးလွှတ်မယ်လို့ ယူဆတဲ့နေရာတွေဆီ တိမ်းရှောင်၊ ရွေ့ပြောင်းကြတာတွေလည်း ရှိနေပါတယ်။

သံတွဲမြို့နယ်အတွင်းရှိ သဗြုချိုင်ရေတပ်စခန်းက လွှဲလို့ မြို့နယ်တခုလုံးကို လက်လွှတ်ထားရပြီဖြစ်တဲ့ စစ်ကောင်စီတပ်ဟာ ကျိန္တလီမြို့အနီး သံတွဲ – ဂွ ကားလမ်းမပေါ်ရှိ ချင်းကွင်းတံတားအပါအ၀င် ဂွနဲ့ သံတွဲမြို့နယ်အတွင်းမှ တံတား လေးစင်းထက်မနည်းကို ဖောက်ခွဲချိုးဖျက်ထားပါတယ်။

သံတွဲမြို့နယ်တခုလုံးကို သိမ်းပိုက်နိုင်ဖို့ နီးစပ်နေပြီဖြစ်တဲ့ AA ကလည်း ကပ်ရပ်မှာရှိတဲ့ ဂွနဲ့ တောင်ကုတ်မြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ဆက်တိုက်သိမ်းပိုက်သွားမယ်လို့ ပြီးခဲ့တဲ့အပတ်က ကြေငြာခဲ့ပြီး မြေပြင်စစ်ရေးလှုပ်ရှား၊ ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ရခိုင်ဒေသေတိုက်ပွဲတွေစခဲ့တဲ့ ၂၀၂၃ နို၀င်ဘာ ၁၃ ကနေ အခုနှစ် မေလ ၁၃ ရက်အထိ ခြောက်လတာအတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းလက်နက်ကြီး ပစ်ခတ်မှုကြောင့်  သေဆုံးရသူ ၂၆၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၄၀ ဦး ရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)လက်အောက်ခံ လူသားချင်း စာနာ ထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး(HDCO) ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။