ဩဂုတ် ၊ ၃
ကာလုံဟုသူတို့ခေါ်သော ခြောက်လစာအရေးပေါ်အသက်ကယ်ဆယ်ရေး ဆွေးနွေးခန်းထဲတွင်ဖြစ်သည်။
အခန်းတွင်းရှိ ဘဲဥပုံစားပွဲရှည်ကြီး၏ထိပ်တွင် တိုက်ပုံအင်္ကျီနှင့် ချိတ်ထဘီကို ကျကျနနဝတ်ဆင်ထားလျက် ရွှေစ လွယ်ကို လွယ်ကာ သံလက်ကိုင်ထားသူတဦး နေရာယူထားသည်။ အနှီသူသည် ပြီးခဲ့သောရက်ပိုင်းအတွင်းကမှ ကသုတ်ကရက်ဖြင့် ပန်းရန်ဆရာတယောက်ထံမှ သံလက်ကိုလု၊ အနီးဆုံးတွင်ရှိသည့် ရွှေရည်စိမ်ဆိုင်မှ ရွှေစလွယ်တခု ခပ်မြန်မြန်အော်ဒါအပ်ကာလွယ်လျက် မာန်ပါပါဖြင့် “ငါဟဲ့သမ္မတ”ဟု ကြွေးကြော်ခဲ့သူဖြစ်သည်။
၎င်း၏ ညာဘက်ဘေးကပ်လျက်ထိုင်ခုံမှာတော့ စစ်ယူနီဖောင်းကို ကျကျနနဝတ်ထားသူတဦး နေရာယူထားပြီး ဘယ်ဘက်ကပ်လျက်မှာတော့ တိုက်ပုံအင်္ကျီနှင့် ချိတ်ထဘီကို အတွဲအစပ်မိမိဝတ်ထားကာ ရေနံဆီမီးခွက်လေး ကိုင်ထားသူတဦး နေရာယူထားသည်။
“ကျွန်တော်တို့ရဲ့ ရေစက်ချအလှူတွေ မပြီးပြတ်သေးတာမို့ အလှူကာလကို နောက်ထပ်ခြောက်လသက်တမ်း ထပ်မံတိုးမြှင့်ခွင့်ပြုဖို့ သမ္မတကြီးထံ တင်ပြတောင်းဆိုအပ်ပါတယ်”
စစ်ယူနီဖောင်းဝတ်ဆင်ထားသူက စားပွဲထိပ်ရှိ တိုက်ပုံအင်္ကျီ၊ ချိတ်ထဘီ၊ ရွှေစလွယ်တို့အား ဝတ်ဆင်ကာ သံလက်ကို မာန်ပါပါကိုင်ထားသော သမ္မတကြီးဆိုသူထံ ပြောဆိုတင်ပြလိုက်ခြင်းဖြစ်သည်။ အနှီစစ်ယူနီဖောင်းဝတ်ထားသူ တင်ပြအပြီးတွင် သမ္မတကြီးဆိုသူ ထိုင်ခုံမှထ၍
“အေး…ယူလေ။ ခါတိုင်းလည်း မင်းတောင်းနေကျပဲဟာ။ အလှူတခုအတွက် ပါဝင်ပေးရတာ ကုသိုလ်တောင်ရသေး။ ယူ…ယူ”
ထိုသို့ဖြင့် ခြောက်လစာအရေးပေါ်အသက်ကယ်ဆယ်ရေးအတွက်သာ အလုပ်လုပ်ရသည့်၊ ခြောက်လတခါသာ တံခါးဖွင့်သော ကာလုံခန်းမကြီး တံခါးပြန်ပိတ်လိုက်ချေပြီ။ မပိတ်သေးသည်ကတော့ “အထူးဖိတ်ကြားထားသူ”ဆို သည့်ဆိုင်းဘုတ်များကိုင်ကာ ထိုအခန်းအတွင်း လိုက်ပါလာသည့် သတင်းမှန်မပြန်ကြားရေးဝန်ကြီးဌာနမှ ဒုဝံကြီး ဇော်မဲလုံးနှင့် သူ၏တပဲ့ဆိုသူတို့၏ ပါးစပ်များဖြစ်သည်။ အခန်းအပြင်အရောက် ဇော်မဲလုံး၏တပဲ့က မေးခွန်း ထုတ်၏။
“ဆရာရေ အဲဒီအခန်းထဲမှာရှိတဲ့ လူသုံးဦးစလုံးက ရုပ်တွေ တူကြတယ်နော်။ တူဆို ချွတ်စွပ်ကို တူတာဗျ”
“ဟကောင်ရ။ ရုပ်တင်တူတာမဟုတ်ဘူး။ နာမည်တွေရော၊ ဘွဲ့တံဆိပ်တွေရောပါ တူတာဟ”
သတင်းမှန်မပြန်ကြားရေးဒုဝံကြီးဆိုသူဇော်မဲလုံးက သူ့တပဲ့၏ အမေးအား ခပ်သုတ်သုတ်ခြေလှမ်းနေလျက်က ဖြေသည်။
“ဟင်…ဟုတ်လား။ ဘယ်လိုတွေတောင် တူနေတာလဲဗျ”
“မင်းတွေ့တယ်မလား။ စားပွဲထိပ်ဆုံးမှာရှိနေတဲ့ တယောက်က သမ္မတကြီးဦးမအလတဲ့။ စားပွဲဘယ်ဘက်က ဝန်ကြီးချုပ်ဦးမအလ။ စားပွဲညာဘက်ထိပ်က သတ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမအလတဲ့။ သူ့ကိုတော့ အတိုကောက်သတ်ချုပ်မအလလို့လည်း ခေါ်ကြတယ်။ သူတို့အားလုံး ရာထူးသာကွဲတာ နာမည်တွေက အတူတူပဲ။ ပြီးတော့ သူတို့မှာ တူညီတဲ့ဘွဲ့တံဆိပ်တွေလည်း ကိုယ်စီရှိကြတယ်။ ‘သူခိုးမဟာအလောင်းစည်သူ သူခိုးသီရိသုတ်ဓမ္မ’ဆိုတဲ့ဘွဲ့ပဲ။ အဲဒီဘွဲ့တွေကလည်း ကိုယ့်ဖာသာ ပြန်ပေးထားကြတာ။ ရာထူးဆိုတာကလည်း ထိုနည်းလည်းကောင်းပါပဲ။ ကိုယ့်ဖာသာပြန်ပေးထားကြတာချည်းပဲ”
“အော်…အတော်ထူးဆန်းအံ့သြစရာကောင်းလောက်အောင် တိုက်ဆိုင်မှုကြီးပဲနော် ဆရာ။ တပဲ့တသက်နဲ့တကိုယ် တခါမှ ဒီလောက်တိုက်ဆိုင်တာမျိုး မကြုံဖူးဘူးရယ်ဗျ”
“အေး…အခုကြုံဖူးပြီမဟုတ်လား။ ဒါတောင် တယောက်ကျန်သေးတယ်။ အလှူစာရင်းတွေ ပြုစုနေရတာနဲ့ မအားလို့ အစည်းအဝေးမတက်တာ။ သူက ဥက္ကဋ္ဌကြီးဦးမအလတဲ့။ သူ့မှာလည်း စောစောက သုံးယောက်နဲ့တူတဲ့ ‘သူခိုး မဟာအလောင်းစည်သူ သူခိုးသီရိသုတ်ဓမ္မ’ဆိုတဲ့ ဘွဲ့တံဆိပ်လည်းရှိတယ်။ ဒါလည်း သူ့ဖာသူပြန်ပေးထားတာပဲ”
ဇော်မဲလုံး၏ တပဲ့ဖြစ်သူမှာ ဇော်မဲလုံးပြောသမျှအပေါ် ခေါင်းတညိတ်ညိတ်၊ မျက်လုံးတပြူးပြူးဖြင့် ဖြစ်နေလေတော့သည်။ တသက်နဲ့တကိုယ်မက နှစ်သက်၊ သုံးသက်နဲ့ တကိုယ်၊ နှစ်ကိုယ်၊ သုံးကိုယ်မှာတောင် မကြုံဖူးနိုင်တဲ့ ဖြစ်ရပ်ဆန်းကြီးနဲ့တည့်တည်းတိုးနေပြီကိုး။
“ကဲ…ကဲ…မင်းနဲ့ငါလည်း အချိန်ရှိတုန်း သူတို့လေးယောက်ခိုင်းတာတွေလုပ်ဖို့ သူတို့အခန်းတွေဆီ သွားတွေ့ကြစို့ရဲ့”
ပြောပြောဆိုဆိုဖြင့် ဇော်မဲလုံးလည်း ဦးစွာတွေ့ရသည့် အသစ်စက်စက်သမ္မတကြီးဦးမအလ၏ အခန်းတွင်းသို့ ဝင်လိုက်သည်။ ထိုအခန်းရှေ့ရှိ တံခါးတွင်တော့ “သမ္မတကြီး သူခိုးမဟာအလောင်းစည်သူ သူခိုးသီရိသုတ်ဓမ္မ ဦးမအလ”ဟူသည့် ဆိုင်းဘုတ်ကို ချိတ်ဆွဲထား၏။ ဇော်မဲလုံးတို့ ဆရာတပဲ့နှစ်ယောက် အခန်းတွင်းရောက်သွားတော့ ရွှေရည်စိမ်ရွှေစလွယ်ကို ပွတ်ကာသပ်ကာ ပီတိဖြာဝေနေသည့် သမ္မတကြီးအား တွေ့ရ၏။ သမ္မတကြီး ဦးမလအက ဇော်မဲလုံးထံ စာရွက်တရွက်ကမ်းပေးလိုက်သည်။
“ဒီစာကို အမြန်ဆုံး ထုတ်ပြန်လိုက်။ မင့်ဆီက သတင်းမှန်မပြန်ကြားရေးမီဒီယာ အကုန်လုံးမှာထည့်”
ကမ်းပေးလာသောစာအား ခပ်သုတ်သုတ်ယူလျက် ဇော်မဲလုံးနှင့် တပဲ့ဖြစ်သူတို့ သမ္မတကြီးဦးမအလအခန်းထဲမှ ထွက်ကာ နောက်တခန်းဖြစ်သည့် “ဝန်ကြီးချုပ် သူခိုးမဟာအလောင်းစည်သူ သူခိုးသီရိသုတ်ဓမ္မ ဦးမအလ”ဟူသည့် ဆိုင်းဘုတ်ချိတ်ဆွဲထားသော အခန်းတွင်းသို့ ဝင်လိုက်သည်။ ဇော်မဲလုံးတို့ ဆရာတပဲ့နှစ်ဦး အခန်းတွင်းရောက်တယ်ဆိုရင်ပဲ ရေနံဆီမီးခွက်ကို စိုက်ကြည့်ကာ အတွေးပွားနေသည့် ဝန်ကြီးချုပ်အား တွေ့ရသည်။ သူတို့နှစ်ဦးကို မြင်သည်နှင့် လက်ထဲမှာအသင့်ကိုင်ထားသော စာတစောင်ကို ထိုးထည့်ပေး၏။
“ဒီစာကို အမြန်ဆုံး ထုတ်ပြန်လိုက်။ မင့်ဆီက သတင်းမှန်မပြန်ကြားရေးမီဒီယာ အကုန်လုံးမှာထည့်”
ဝန်ကြီးချုပ်ကြီးဦးမအလက စာကိုကမ်းပေးလျက် သူအလိုရှိသည့်စကားကိုလည်း တပါတည်းဆိုပြန်သည်။ ဇော်မဲလုံးလည်း ထုံးစံအတိုင်း ခပ်သုတ်သုတ်ယူလျက် နောက်တခန်းသို့ ကူးရပြန်သည်။ ယခုကူးသည့်အခန်းကတော့ “သတ်မတော်ကာကွယ်ရေးဦးစီးချုပ် သူခိုးမဟာအလောင်းစည်သူ သူခိုးသီရိသုတ်ဓမ္မ ဗိုလ်ချုပ်မှူးကြီးမအလ” ဟူသည့်ဆိုင်းဘုတ် ချိတ်ဆွဲထားသော အခန်းဖြစ်၏။
အခန်းတွင်းရောက်သည်ဆိုလျှင် စားပွဲ၌ထိုင်၍ ထုံးစံအတိုင်း ဖုန်းပွတ်နေသော သတ်ချုပ်ဗိုလ်ချုပ်မှူးကြီးမအလအား တွေ့ကြရ၏။ သူတို့ဆရာတပဲ့ ဝင်လာသည်ကို တွေ့သည်နှင့် သတ်ချုပ်က သူ၏ စားပွဲပေါ်မှ စာရွက်တရွက်အား ကမ်းပေးလျက် “ဒီစာကို အမြန်ဆုံးထုတ်ပြန်လိုက်။ မင့်ဆီက သတင်းမှန်မပြန်ကြားရေးမီဒီယာ အကုန်လုံးမှထည့်” ဟု ခပ်ပြတ်ပြတ်ဆိုသည်။
ထို့နောက် စာကိုယူကာ နောက်ဆုံးတွေ့ရမည့် အလှူ့ကောင်စီဥက္ကဋ္ဌကြီးဦးမအလထံသို့ ဝင်တွေ့သည်။ “အလှူ့ကောင်စီဥက္ကဋ္ဌ သူခိုးမဟာအလောင်းစည်သူ သူခိုးသီရိသုတ်ဓမ္မ ဦးမအလ”ဟူသည့် ဆိုင်းဘုတ်ချိတ်ဆွဲထားသော အခန်းတွင်းဝင်လိုက်သည်နှင့် စာရွက်ပုံထဲရောက်သွားရတော့သည်။
အနှီစာရွက်များမှာ ဥက္ကဋ္ဌကြီး နေ့မအားညမအား ကြိုးစားအားထုတ်ခဲ့ရသည့် အလှူပေးမည့် စာရင်းများ ဖြစ်သည်။ ဇော်မဲလုံးတို့ ဆရာတပဲ့နှစ်ဦးလည်း စာရွက်များကြားမှ အတင်းဖြဲဝင်လိုက်ရာ ပေါင်းထားသည့်ခေါင်းပေါင်းစလေးသာထောင်နေပြီး လူတကိုယ်လုံး စာရွက်ပုံ ကြားရောက်နေသည့် ဥက္ကဋ္ဌကြီးဦးမအလကို တွေ့လိုက်ကြရတော့သည်။
ဥက္ကဋ္ဌကြီးသည် စကားပင်မဆိုအား လက်ဟန်ခြေဟန်ဖြင့်သာပြောပြီး စာရွက်တရွက်အား ဇော်မဲလုံးလက်သို့ အတင်းထိုးသွင်းပေးလျက် စာရွက်ပုံကြားဒိုင်ဗင်ထိုးသွားသည်။ ဒိုင်ဗင်ထိုးနေရင်းက “ဒီစာကို အမြန်ဆုံးထုတ်ပြန်လိုက်။ မင့်ဆီက သတင်းမှန်မပြန်ကြားရေးမီဒီယာ အကုန်လုံးမှာထည့်” ဟူသည့်စကားကိုတော့ ရအောင်ပြောသွား သေးသည်။ ထို့နောက် ဇော်မဲလုံးတို့ ဆရာတပဲ့နှစ်ဦးလည်း လုပ်စရာရှိသည်များလုပ်ရန် မိမိတို့ရုံးခန်းသို့ သုတ်ခြေ တင်ကာ ပြန်လာခဲ့တော့သည်။
နောက်တနေ့ မနက်မှာတော့ ဇော်မဲလုံး၏ သတင်းမှန်မပြန်ကြားရေးချန်နယ်များဖြစ်သည့် မြန်မာ့အမှောင်၊ ဓမြဝတီနှင့် အွန်လိုင်းချန်နယ်များအားလုံး(ဖေ့စဘုတ်မပါ)၌ တပြိုင်နက်တည်း ကြေညာချက်များထွက်လာတော့ သည်။ အနှီကြေညာချက်များသည်ကား
(၁) “ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ သတ်ချုပ်ဗိုလ်ချုပ်မှူးကြီးမအလအား ယနေ့မှစ၍ တာဝန်မှ အနားယူခွင့် ပြုလိုက်သည်” (ပုံ/သမ္မတဦးမအလ)
(၂) “ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အလှူ့ကောင်စီဥက္ကဋ္ဌဦးမအလအား ယနေ့မှစ၍ တာဝန်မှ အနားယူခွင့်ပြုလိုက်သည်” (ပုံ/ဝန်ကြီးချုပ်ဦးမအလ)
(၃) “ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဝန်ကြီးချုပ်ဦးမအလအား ယနေ့မှစ၍ တာဝန်မှ အနားယူ ခွင့်ပြုလိုက်သည်” (ပုံ/သတ်ချုပ်ဗိုလ်ချုပ်မှူးကြီးမအလ)
(၄) “ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ သမ္မတဦးမအလအား ယနေ့မှစ၍ တာဝန်မှ အနားယူခွင့်ပြု လိုက်သည်” (ပုံ/ အလှူ့ကောင်စီဥက္ကဋ္ဌဦးမအလ)
(မှတ်ချက်။ ။ ယခုသရော်စာအား ဖတ်သူ/နားဆင်သူများ မည်သို့မည်ပုံရှိမည်မသိ။ ရေးသားသူ ကိုရင်တော့ဖြင့် ခေါင်းအတော်မူးသွားချေသည်။ သောက်စရာမလိုဘဲ စာနဲ့တင် မူးအောင်စွမ်းနိုင်သော မအလအားလည်း ကျေးဇူးတွေ အထပ်ထပ်တင်လျက်။ အနှီကာယကံရှင်မအလရော မူးနေမည်လား/ရူးနေမည်လား မည်သို့မည်ပုံရှိနေမည်ကိုလည်း အလွန့်အလွန်စိတ်ဝင်စားမိပါ၏။)
မအလအား အပေါ့/အလေးအကုန်ပြုလျက်