ဩဂုတ် ၊ ၂
စစ်အေးခေတ်နောက်ပိုင်း အတိုင်းအတာ ပမာဏ အကျယ်ပြန့်ဆုံး အကျဉ်းသား လဲလှယ်မှု အစီအစဉ် တခုကို ရုရှားနဲ့ အနောက် မဟာမိတ် နိုင်ငံတွေကြား ညှိနှိုင်း အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။
ဩဂုတ်လ ၁ ရက်နေ့က စုစုပေါင်း အကျဉ်းသား ၁၂ ယောက်ကို အပြန်အလှန် လဲလှယ်ခဲ့ရာမှာ ရုရှားက ဖမ်းဆီးထားတဲ့ အမေရိကန် ဂျာနယ်လစ် အီဗန် ဂရက်ရှ်ကိုဗစ်ချ်၊ ဘာလင်က လူသတ်မှု တခုအတွက် စွပ်စွဲပြီး အဖမ်းခံထားရတဲ့ ရုရှား ထောက်လှမ်းရေးဌာန ဗိုလ်မှူးကြီး တဦးတို့လည်း လွတ်မြောက်ခဲ့ကြပါတယ်။
အမေရိကန်၊ ဂျာမနီ၊ ပိုလန်၊ ဆလိုဗေးနီးယား၊ နော်ဝေး၊ ဘီလားရုစ်နဲ့ ရုရှားမှာရှိတဲ့ အကျဉ်းထောင်တွေမှာ အသီးသီး ဖမ်းဆီး ထိန်းသိမ်း ခံထားရသူတွေဟာ တူရကီ နိုင်ငံရဲ့ မြို့တော် အန်ကာရာကို လေကြောင်းနဲ့ သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
အကျဉ်းသား လဲလှယ်ရေး သဘောတူညီချက်ကို ရှုပ်ထွေး သိမ်မွေ့လှတဲ့ ဆွေးနွေးမှုတွေ အပြီးမှာ ရရှိခဲ့တယ်လို့ တူရကီ သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ မြို့တော် ဝါရှင်တန် ဒီစီမှာတော့ ဂရက်ရှ်ကိုဗစ်ချ် အပါအဝင် ပြန်လည် လွတ်မြောက်လာသူတွေရဲ့ မိသားစုတွေဟာ သမ္မတ ဂျိုးဘိုင်ဒန်နဲ့အတူ စိတ်လှုပ်ရှားခြင်း ကြီးစွာနဲ့ သတင်းစောင့်ပြီး နားထောင်နေခဲ့ကြပါတယ်။ လွတ်မြောက်လာသူတွေဟာ မိသားစုဝင်တွေနဲ့လည်း ဖုန်းအဆက်အသွယ်တွေ ရခဲ့ကြပါတယ်။
အခုလို အကျဉ်းသားချင်း လဲလှယ်နိုင်မှုဟာ သံတမန်ရေးရာ အောင်ပွဲတခုလို့ ဘိုင်ဒန်က ညွှန်းဆိုခဲ့ပြီး ဂျာမနီ၊ ပိုလန်၊ ဆလိုဗေးနီးယား၊ နော်ဝေးနဲ့ တူရကီတို့ဟာ အမေရိကန်နဲ့ မဟာမိတ် ပီသစွာ လက်တွဲ ရပ်တည်ပေးခဲ့တယ်လို့ ချီးကျူးသွားခဲ့ပါတယ်။
သူလျှိုမှုအပြင် တခြား ပြစ်မှုကြီးတွေအတွက် ဖမ်းဆီးထားတဲ့ ရုရှားတွေကို အမေရိကန်ရဲ့ မေတ္တာရပ်ခံချက်ကြောင့် မဟာမိတ် နိုင်ငံတွေက ပြန်လွှတ်ပေးဖို့ သတ္တိရှိရှိ ဆုံးဖြတ်ပေးခဲ့ကြတဲ့အပေါ် ကျေးဇူးတင်ကြောင်းလည်း ဘိုင်ဒန်က ဆိုပါတယ်။
တဖက်မှာတော့ ရုရှား သမ္မတဟောင်း တဦးလည်းဖြစ်၊ လက်ရှိ သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အနီးကပ် နိုင်ငံရေး မဟာမိတ်လည်းဖြစ်တဲ့ ဒီမစ်ထရီ မက်ဒ်ဗီဒက်ဗ်က အဖနိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရုရှားနိုင်ငံသားတွေ ပြန်လည် လွတ်မြောက်လာတဲ့အတွက် ဝမ်းသာကြောင်း ကြေညာခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ် ဂရက်ရှ်ကိုဗစ်ချ်ဟာ မနှစ်က မတ်လတုန်းက ရုရှားမှာ အဖမ်းခံခဲ့ရပြီး ဇူလိုင်လမှာတော့ သူလျှိုမှုနဲ့ ထောင် ၁၆ နှစ် ချမှတ် ခံခဲ့ရပါတယ်။ ပြန်လွတ်လာသူတွေထဲမှာ ၂၀၁၈ ကတည်းက အဖမ်းခံထားရသူ အမေရိကန် မရိန်းစစ်သားဟောင်း ပေါလ်ဝှီလန်လည်း ပါဝင်တယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြထားကြပါတယ်။
Ref: Reuters