Photo – PLA
ဩဂုတ် ၊ ၁
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့သိမ်းတိုက်ပွဲအတွင်း တအာင်းတပ် TNLA နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဗမာ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA တပ်ဖွဲ့ဝင်တချို့ရဲ့ပုံရိပ်တွေကို PLA က ဒီကနေ့ထုတ်ပြန်လာပါတယ်။
ခရိုင်အဆင့်မြို့တမြို့ဖြစ်တဲ့ မိုးမိတ်က နောက်ဆုံးလက်ကျန် ဗျူဟာကုန်းကို မနေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ တဲ့ နောက် တော်လှန်ရေးတပ်တွေကတမြို့လုံးကို သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
“အားလုံး ရှင်းလင်းပြီးသွားပြီ”လို့ PLAတပ်ဖွဲ့ သတင်းပြန်ကြားရေး တာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။
မိုးမိတ်ဗျူဟာကုန်းကို မနေ့က မနက် ၁၁နာရီလောက်မှာ ရှင်းလင်းသိမ်းပိုက်ခဲ့တယ်လို့ တအာင်းတပ် TNLA ကထုတ်ပြန်ထားသလို PLA ကလည်းအလားတူဖော်ပြပါတယ်။
တလကျော်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်တွေကြားကနေ TNLA၊PDF ပူးပေါင်းတပ်တွေနဲ့အတူ မိုးမိတ်မြို့ကိုသိမ်းပိုက်နိုင်ခဲ့တာလို့ PLA က ပြောပါတယ်။
တလကျော်ကြာမြင့်တဲ့ မိုးမိတ်မြို့သိမ်းတိုက်ပွဲအတွင်း ပြီးခဲ့တဲ့ ဇူလိုင်လလယ်ကလည်းက မဟာမိတ်တပ်တွေ မြို့ ကိုထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်တွေက မြို့အနီးမှာရှိတဲ့ ဗျူဟာကုန်းမှာ ဆက်လက်ခုခံခဲ့တာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေခဲ့တာပါ။
မိုးမိတ်မြို့မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ အခုနှစ်ဆန်းအထိ KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲ တွေဖြစ်ခဲ့ကာ KIA တပ်တွေက မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်ကောင်စီကပြန်လည်ထိန်းချုပ်ခဲ့ ပါတယ်။
ဒါကြောင့် မိုးမိတ်မြို့ဟာ ခြောက်လလောက်အတွင်း ပြင်းထန်တဲ့ မြို့သိမ်းတိုက်ပွဲနှစ်ကြိမ်နဲ့ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါ တယ်။လက်ရှိမိုးမိတ်မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်း ရရှိမှုအခြေအနေတွေကိုတော့ TNLA ဘက်က ထုတ်ပြန်လာတာမရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၂၅ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအတွင်း TNLA နဲ့ ပူးပေါင်းတပ်တွေဟာ ရှမ်း မြောက်က နောင်ချိုနဲ့မိုးမိတ်၊မန္တလေးတိုင်းအတွင်းက မိုးကုတ်မြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။