ဩဂုတ် ၊ ၁
ကိုရီးယား နှစ်နိုင်ငံရဲ့ အားကစား မောင်မယ်တွေ အတူတွဲပြီး ဆုတံဆိပ်တွေနဲ့ selfie ဓာတ်ပုံရိုက်နေကြတာဟာ လက်ရှိ ကျင်းပနေတဲ့ ပါရီ အိုလံပစ်မှာ လူပြောအများဆုံး ပုံရိပ်တခု ဖြစ်လာခဲ့ပါတယ်။
သမိုင်းကြောင်းအရ တင်းမာတဲ့ အားပြိုင်မှုတွေ ရှိခဲ့သလို လက်ရှိမှာလည်း နှစ်ဖက်ကြား တင်းမာနေတဲ့ ကိုရီးယား နှစ်နိုင်ငံကြားက ချစ်ကြည်ရင်းနှီးမှု သင်္ကေတ တခုအဖြစ် ဆုပေးပွဲ စင်မြင့်ပေါ်မှာ တောင်နဲ့မြောက် ကိုရီးယား အားကစားသမားတွေ အတူတွဲပြီး ဆုတံဆိပ်တွေနဲ့ selfie ရိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
အခုနှစ် အစောပိုင်းတုန်းက မြောက်ကိုရီးယား အစိုးရဟာ တောင်ပိုင်း အိမ်နီးချင်း နိုင်ငံကို ပထမဦးစားပေး ရန်သူတော်အဖြစ် တရားဝင် သတ်မှတ်ကြောင်း ကြေညာထားခဲ့ပါတယ်။
ဇူလိုင် ၃၁ ရက်နေ့ကတော့ ပါရီ အိုလံပစ် ပြိုင်ပွဲရဲ့ အမျိုးသား-အမျိုးသမီး နှစ်ယောက်တွဲ စားပွဲတင်တင်းနစ် ပြိုင်ပွဲအပြီး ဆုလက်ခံ ယူကြချိန်မှာ ကြေးတံဆိပ်ဆုရှင် လင်မ်ဂျွန်ဟွန်းက ရွှေတံဆိပ်ဆုရ တရုတ် အားကစား မောင်မယ်တွေကိုရော၊ ငွေတံဆိပ်ဆုရ မြောက်ကိုရီးယား အားကစား မောင်မယ်တွေကိုပါ အမှတ်တရ selfie ရိုက်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
အဲဒီနောက် နိုင်ငံသုံးခုရဲ့ ဆုတံဆိပ်ရှင် ၆ ဦး ပေါင်းပြီး သူတို့ရထားတဲ့ ဆုတွေကို အသီးသီး ပြသရင်း ဓာတ်ပုံ တွဲရိုက်ခဲ့ကြပါတယ်။ ဒီလို ဓာတ်ပုံရိုက်တာဟာ ပြိုင်ပွဲက စီစဉ်ထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ မှတ်တမ်းတင်မှုမျိုး မဟုတ်ဘဲ အားကစားသမား အချင်းချင်းကြားမှာ ခင်မင်မှုကို ပြသတဲ့ အလွတ်သဘော လုပ်ဆောင်မှု ဖြစ်တာကြောင့်လည်း ပရိသတ်တွေကြား သဘောတကျ အားပေးချင်စရာ ဖြစ်ခဲ့ပါတယ်။
လင်မ်နဲ့ သူ့ရဲ့ တောင်ကိုရီးယား အသင်းဖော် ရှင်ယူဘင်၊ မြောက်ကိုရီးယားရဲ့ ရီဂျောင်ဆစ်နဲ့ ကင်မ်ကွမ်ယောင်၊ တရုတ်ရဲ့ ဝမ်ရှုကျင်နဲ့ ဆွန်ယင်ရှာတို့ အားလုံးဟာ လင်မ်ကိုင်ဆောင်ထားတဲ့ တောင်ကိုရီးယားလုပ် Samsung ဖုန်းရှေ့မှာ အတူစုဝေးပြီး selfie ဓာတ်ပုံ ရိုက်ခဲ့ကြပါတယ်။
တောင်ကိုရီးယား သတင်းဌာန တခုကတော့ တောင်ကိုရီးယားလုပ် Samsungဖုန်းနဲ့အတူ ရိုက်ခဲ့တဲ့ ကိုရီးယားနှစ်နိုင်ငံ အလံတွေပါတဲ့ selfieဓာတ်ပုံဆိုပြီး ခေါင်းစီးသတင်း ဖော်ပြခဲ့ပါတယ်။
၂၀၁၆ ခုနှစ်နောက်ပိုင်း အိုလံပစ် ဆုပေးပွဲ စင်မြင့်ပေါ်ကို မြောက်ကိုရီးယား နိုင်ငံသားတွေ တကျော့ပြန် ရောက်ရှိလာခြင်းလည်း ဖြစ်ပါတယ်။ ကိုဗစ် ကပ်ရောဂါကြောင့် မြောက်ကိုရီးယားဟာ ၂၀၂၀ ပြည့်နှစ် တိုကျို အိုလံပစ်ကို အားကစားသမားတွေ စေလွှတ်ခဲ့ခြင်း မရှိပါဘူး။
Ref: AFP