မောင်တောမြို့ စစ်ကောင်စီနောက်ဆုံးတပ်စခန်းကို AAထိုးစစ်ဆင်၊ ဒေသတခုလုံးသိမ်းပိုက်ဖို့ နီးစပ်လာ

ဇူလိုင်၊ ၃၀

မောင်တောမြို့နယ်အတွင်းက တစ်ခုတည်းသာ ကျန်တော့တဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်း မြို့သူကြီး နယ်ခြားစောင့်တပ်ဖွဲ့ခွဲ( နခခ၅)ကို အာရက္ခတပ်တော်(AA)က ၀င်ရောက်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ ဒေသတွင်း နီးစပ်တဲ့သတင်းရင်း မြစ်တွေက ပြောပါတယ်။

မောင်တောမြို့အ၀င် မြို့သူကြီးရပ်ကွက်ရှိ အခိုင်အမာချထားတဲ့ မြို့စောင့် တပ် နခခ(၅)ကို AA က ဒီနေ့မနက်ပိုင်းကနေ စတင်၀င်ရောက်တိုက်ခိုက်နေခဲ့တာလို့ ဆိုပါတယ်။

“အစတုန်းကတော့ အဝေးကနေပဲ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ပြီး ချည်းကပ်နေခဲ့တာ၊ အခု ဝင်တိုက်နေပြီ ၊ နခခ ၅ လည်း မကြာခင် ပြတ်တော့မယ်”လို့ စစ်ရေးနဲ့နီးစပ်တဲ့ မောင်တောဒေသခံသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။

မောင်တောဒေသခံနောက်တဦးကလည်း မြို့တွင်းတိုက်ပွဲအခြေအနေ အသေးစိတ်ကို မသိရပေမယ့် နခခ ၅ ဝန်းကျင်ဆီကနေ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေ ကြားရတယ်လို့ ဒီနေ့ နေ့လည်ပိုင်းမှာ ပြောပါတယ်။

အာရက္ခတပ်တော်(AA)ဟာ ပြီးခဲ့တဲ့ ဇွန်လဆန်းကနေစတင်ပြီး မောင်တောမြို့အနီးပတ်လည်ရှိ စစ်ကောင်စီတပ်စခန်းတွေကို တခုပြီးတခု တိုက်ခိုက်သိမ်း ပိုက်နေခဲ့တာဖြစ်ကာ အခုအခါမှာတော့ တစ်ခုတည်း ကျန်နေတဲ့ နောက်ဆုံးလက်ကျန်စခန်းကို ဆက်လက်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

နခခ (၅) လို့ ခေါ်ကြတဲ့ မောင်တောအ ခြေစိုက် အမှတ် (၅)နယ်ခြားစောင့်ရဲ တပ်ဖွဲ့ခွဲမှာ မောင်တောမြို့နယ်အတွင်းက တပ်ဆုပ်ပြေးလာကြတဲ့ စစ်ကောင် စီရှေ့တန်းစခန်းတွေမှ တပ်သားရာချီကို စုပေါင်းထားခဲ့တာဖြစ်ပါတယ်။

“နခခ ၅ ရရင် မောင်တောတခုလုံးအကုန်ရပြီ၊ AA ကလည်း အရပ်သားတွေ ရှိသေးလို့သာ အခြေအနေ ကြည့်နေခဲ့တာ၊ စတိုက်ပြီဆိုတော့ မကြာလောက်တော့ဘူး”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

AA ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မောင်တောမြို့ပေါ်နဲ့ မြို့နီးဝန်းကျင်ရွာတွေမှာ ပိတ်မိနေတဲ့ ဒေသခံအရပ်သား ပြည်သူအများအပြားကို ဘေးလွှတ်ရာ ကယ်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် မောင်တောမြို့တွင်းမှာ ပိတ်မိနေသူအချို့ ကျန်နေသေးတယ်လို့လည်း မြို့ခံစစ်ဘေးရှောင်တွေက ပြောကြပါတယ်။

အဲဒီလိုတိုက်ပွဲဖြစ်နေတဲ့ မောင်တောမြို့က အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)ရဲ့ ဝန်ထမ်းတွေဟာလည်း မနေ့က ဇူလိုင် လ ၂၉ ရက်နေ့မှာ စစ်တွေမြို့သို့ ပြောင်းရွေ့လာခဲ့ကြပြီလို့ ICRC နဲ့ နီးစပ်တဲ့ ရခိုင်ဒေသခံတဦးက ပြောပါတယ်။

“လုံခြုံရေးအရ ၀န်ထမ်းတွေကို ရွေ့ဖို့ စီစဉ်နေတာကြာပြီ၊ ဒီနေ့မှ သူတို့ ရွေ့သွားတာ၊ ရေယာဉ်နဲ့ စစ်တွေက လာခေါ်တယ်ကြားတယ်”လို့ အဆိုပါဒေသခံက ပြောပါတယ်။

မောင်တောမြို့တွင်း အခြေချနေခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ မောင်တောမြို့ရှိ ICRC ကုန်ပစ္စည်းသိုလှောင်ရုံမှ ရိက္ခာတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က ဖောက်ထွင်းခိုးယူခဲ့ကြပါတယ်။

ဒါ့အပြင် မောင်တောမြို့အနီးတိုက်ပွဲ တွေအတွင်း စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးဒဏ်ရာရသူ ဆယ်ချီရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

AA ဟာ အခုတိုက်ခိုက်နေတဲ့ နခခ ၅ ကိုသိမ်းပိုက်ပြီးရင် မောင်တောမြို့နဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနယ်စပ်တလျှောက်လုံးအပါအ၀င် မြို့နယ်တခုလုံးကို အပြည့်အ၀ ထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်။

အာရက္ခတပ်တော်(AA)ဟာ မောင်တောအပြင် ပြည်နယ်တောင်ပိုင်း သံတွဲမြို့ နယ်မှ နောက်ဆုံးလက်ကျန်စခန်း သဗြုချိုင်ရေတပ်ကိုလည်း တပြိုင်တည်း ထိုးစစ်ဆင်နေပါတယ်။

ချင်းပြည်နယ် ပလက်၀မြို့နယ်နဲ့ ရခိုင် ပြည်နယ်အတွင်းမှ မြို့နယ်ကိုးခုကို သိမ်းပိုက်ထားတဲ့ AA ဟာ တောင်ကုတ်နဲ့ အမ်းမြို့နယ်တို့မှာလည်း စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေပြီး ပြည်နယ်တခုလုံးကို သိမ်းပိုက်သွားမယ်လို့ ကြေငြာထားပါတယ်။