ရေတပ်စခန်းတခုကို ပထမဆုံးလက်လွတ်ရဖို့ နီးစပ်နေတဲ့ စစ်ကောင်စီ

ဇူလိုင်၊ ၂၉

သံတွဲမြို့နယ်အတွင်းရှိ နောက်ဆုံးလက်ကျန်တပ်စခန်းနှစ်ခုထဲက တခုဖြစ်တဲ့ သဗြုချိုင်ရေတပ်စခန်းရဲ့ ကာကင်းစခန်းငယ်တွေကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်လိုက်ပြီဖြစ်ပြီး ရေတပ်စခန်းကို ဆက်လက်တိုက်ခိုက်နေတယ်လို့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သဗြုချိုင်ရေတပ်စခန်းအနီး ရေဖြူအိုင်၊ သစ်ကောရွာတို့ရှိ ကာကင်းစခန်းတွေကို AA က အခုရက်ပိုင်းအတွင်း သိမ်းပိုက်လိုက်တာလို့ ဆိုပါတယ်။

“ကာကင်းတွေ သိမ်းလိုက်ပြီ၊ ရေတပ် ထဲတော့ ၀ငျမတိုကျသေးဘူး၊ လက်နက် ကြီးတွေ ဒရုန်းတွေနဲ့ ချနေတယ်၊ စစ်ကောင်စီဖက်ကလည်း လက်နက်ကြီးတွေ ရမ်းပစ်တယ်”လို့ အနီး၀န်းကျင်မှာ နေထိုင်တဲ့ ဒေသခံသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။

သပြုချိုင်(ကွင်းဝိုင်း)ရေတပ်စခန်းက သံတွဲမြို့တောင်ဖက် ၁၆မိုင်လောက်အကွာ သဗြုချိုင်၊ ကွင်းဝိုင်း၊ မောင်ရွှေလေးရွာတွေအနီး တောင်အောက် ပင်လယ်ကမ်းခြေမှာ တည်ရှိတာပါ။ AA ထိုးစစ် သံတွဲ ရောက် လာချိန်ကတည်းကအဲဒီရေတပ်စခန်းမှာ လက်နက်ကြီးတွေ အများအပြားအထိုင်ချထားခဲ့တာလည်း ဖြစ်ပါတယ်။

“တောင်ပေါ်မှာရော၊ တောင်ခြေမှာရော လက်နက်ကြီးတွေ ထိုင်ထားတယ်၊ ဒါပေမယ့် အခုနောက်ပိုင်း တောင်ခြေ (ပင်လယ်ကမ်းခြေ) ကနေပဲ ပစ်တော့တယ်၊ စစ်သားတွေ တောင်ပေါ်မှာ မရှိလောက်တော့ဘူး”လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ သံတွဲမြို့နယ်အတွင်းက အခြေစိုက်တပ်ရင်းဌာနချုပ်နှစ်ခု၊ လေဆိပ်နဲ့ ရှေ့တန်းတပ်စခန်းအများအပြား သိမ်းပိုက်ခံရပြီးတဲ့နောက်မှာ မြို့ပေါ်နဲ့ အနီး၀န်းကျင်စစ်အင်အားတွေကို ရေတပ်စခန်းဆီ ရွေ့ပြောင်း၊ တပ်ဆုပ်ခဲ့တာလို့ စစ်ရေးနီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

အခု AA က တိုက်ခိုက်နေတဲ့ သဗြုချိုင်ရေတပ်စခန်းမှာ စစ်ကောင်စီတပ်အင်အား သုံးရာ၀န်းကျင်ရှိပြီး သံတွဲအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်း သားတွေနဲ့ နှစ်ကြီးသမား (ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံထားရသူ)အချို့ကိုလည်း ဓါးစာခံ ထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“(ရေတပ်မှာ)အလွန်ဆုံးရှိရင် အင်အားသုံးရာပဲ၊ ဒါပေမယ့် အကြီးပိုင်းကောင်တွေက ပြေးသွားကြပြီကြားတယ်၊ လက်နက်ချဖို့လည်း အသံထွက်နေတယ်”လို့ သံတွဲဒေသခံ သတင်းရင်းမြစ်နောက်တဦးက ပြောပါတယ်။

ဒါ့အပြင်အာရက္ခတပ်တော်(AA)ဟာ ငပလီအခြေစိုက်တပ်ရင်းတွေမှ တပ်ဆုပ်ပြေးလာပြီး ဂျိတ်တောရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

“ဂျိတ်တောမှာက နည်းနည်းပဲ ကျန်တော့တယ်၊ အဲကောင်တွေ ဟိုဖက်ထွက်ပြေး၊ ဒီဖက်ထွက်ပြေးနဲ့ သေတာလည်း အများကြီးပဲ၊ AA က ဝိုင်းထားတာ ပြေးစရာလမ်းလည်း အကုန် မရှိတော့ဘူး”လို့ ဂျိတ်တောရွာသားတဦးက ပြောပါတယ်။

AA ဟာ ဂျိတ်တောရွာစခန်းနဲ့ ရေတပ်စခန်းတို့ကိုပါ အပြီးသတ်သိမ်းပိုက်နိုင်ရင် သံတွဲမြို့နယ်တခုလုံးကို ထိမ်းချုပ်နိုင်မှာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားနေတာ သုံးလ၀န်းကျင်ရှိပြီဖြစ်တဲ့ သံတွဲမြို့နယ်မှာ  လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တာစတဲ့ စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် သေဆုံးရသူအရပ်သား တရာကျော်အထိ ရှိခဲ့ပြီလို့ ဒေသတွင်း စာရင်းကောက်ယူနေသူတွေက ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲကာလအတွင်း မိသားစုနဲ့ အဆက်အသွယ်မရဖြစ်နေသူဟာလည်း ရာဂဏန်းထိ ရှိနေတယ်လို့ ဒေသတွင်းသတင်းဌာနတွေမှာ ရေးသေားထားကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ထက်၀က်ကျော်(ကိုးမြို့)ကို သိမ်းပိုက်ထားပြီး ပြည်နယ်တခုလုံးထိန်းချုပ်သွားမယ်လို့ ကြေငြာထားတဲ့ AA ဟာ သံတွဲအပြင် မောင်တောမြို့ကိုပါ အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင်နေကာ အမ်းအခြေစိုက်တပ်စခန်း၊ တပ်ရင်းတွေကိုပါ တိုက်ခိုက်နေပါတယ်။

ဒါ့အပြင် သံတွဲမြို့နယ်နဲ့ ကပ်ရပ်၊ ဧရာ၀တီတိုင်းအစပ် ဂွမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်တို့မှာ စစ်ရေးပြင်ဆင်မှုတွေ လုပ်နေကာ ကျောက်ဖြူ၊ တောင်ကုတ်မြို့နယ်တို့မှာလည်း နှစ်ဖက်တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။