မလုပ်ရဲတာတခုမှမရှိသူတယောက်အကြောင်း (သရော်စာ)

ဇူလိုင် ၊ ၂၉

“ကျွန်တော် မလုပ်ရဲတာ ဘာတခုမှမရှိဘူး၊အကုန်လုပ်ရဲတယ်”

လွန်ခဲ့တဲ့ လေးနှစ်ကပြောခဲ့တဲ့ ကျုပ်ရဲ့ဒီစကားကို အားလုံးက အခုအချိန်က မှတ်မိနေကြတုန်းပါပဲ။ရွေးကောက်ပွဲ လုပ်ဖို့ လပိုင်းလောက်အလို ကျုပ်ကိုလာငိုပြ၊တိုင်ကြတောကြတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေကို အဲ့ဒီစကား ပြောဖြစ်ခဲ့တာပေါ့။

ပြောတုန်းက လူသိရှင်ကြားမဟုတ်ပေမယ့် အဲ့ဒီပါတီခေါင်းဆောင်တွေထဲ တယောက်က ပြန်ဖောက်သည်ချတော့ လည်းတိုင်းသိပြည်သိ ကမ္ဘာသိမှတ်တမ်းကျန်ရစ်တဲ့စကားတခွန်းဖြစ်ပါလေရော။

ဒီတော့လည်း ကိုယ့်စကားကိုယ် တာဝန်ယူကြောင်း၊အပြောနဲ့အလုပ်ညီကြောင်း သက်သေပြဖို့အကြောင်းပြချက် ခိုင်ခိုင်လုံလုံဖြစ်သွားတော့တာပါပဲ။

အမှန်တော့ ခင်ဗျားတို့ ပြည်သူဆိုတဲ့လူတွေသာ ၂၀၂၀ ရွေးကောက်ပွဲတုန်းကကျုပ်တို့မျှော်လင့်ထားတဲ့အတိုင်း ကျုပ်တို့အုပ်စုရဲ့အမတ်လောင်းတွေကို ပုံအောမဲပေးခဲ့ကြရင် ကျုပ်လည်းမလုပ်ရဲတာမရှိတဲ့အကြောင်း သက်သေပြ နေဖို့လိုမှာမဟုတ်ပါဘူး။

တတိုင်းတပြည်လုံး အခုလိုအခြေအနေတွေဖြစ်လာစရာအကြောင်းလည်း ဘယ်ရှိပါတော့မလဲ။

အခုကတော့ သိကြတဲ့အတိုင်း ခင်ဗျားတို့ လက်သန်းတွေက ဟိုအနီပါတီအတွက်ပဲဖြစ်ခဲ့တော့ ကျုပ်တို့မှန်းချက်နဲ့ နှမ်းထွက် တက်တက်စင်အောင်လွဲခဲ့ရတာကြောင့် ကျုပ်စိတ်ကူးယဉ်အိပ်မက်တွေ အကောင်အထည်ပေါ်ဖို့ ရွေး ကောက်ပွဲရလဒ်ကို ယိုးမယ်ဖွဲ့အာဏာသိမ်း..အဲ..အဲ ထိန်းလိုက်ရတယ်ပေါ့လေ။

ကနဦးတုန်းကတော့ ရွေးကောက်ပွဲမဲခိုးလို့ဆိုပြီး အာဏာထိန်းတယ်လို့ကြေညာ၊ဟိုပါတီခေါင်းဆောင်တွေနဲ့ သူတို့ အစိုးရထဲက ကျုပ်ကြည့်မရသူတွေကိုဖမ်း၊ထောင်ချ။ဆန္ဒပြတာတွေရှိလာမယ်ဆိုတာလည်း ကျုပ်တို့သိခဲ့ကြတာပဲ။

အဲ့ဒီလူတွေကို ခဏလောက်လွှတ်ထားပေး။မလွှတ်ထားလို့လည်းမရဘူး။ ဒီမိုကရေစီလို့လည်းကျုပ်ကကြွေးကြော် ရဦးမှာကိုး။သူတို့တွေအင်နဲ့အားနဲ့ လမ်းပေါ်ထွက်လာမှ ပစ်သင့်ပစ်၊ဖမ်းသင့်ဖမ်း၊လက်လွန်သင့်သူကိုလွန်စေဆိုပြီး မျက်စပစ်ပြတာမျိုးလုပ်လိုက်ရင် အရာရာ အိုကေ စိုပြေ လို့ တွက်ဆခဲ့တာပဲ။

ပြီးတော့မှဟိုပါတီကို တိုင်းပြည်သစ္စာဖောက် ဘာညာ ခေါင်းစဉ်တပ်၊ “၂၁ရာစု လှိုင်းကြီးလေထန်၊ဖြစ်ရပ်မှန်” ဇာတ်လမ်းတွေရိုက်ပြ၊ ကျုပ်လိုချင်တဲ့လမ်းကိုဆက်ဖောက်ရုံပဲလို့ ယူဆခဲ့တာ။

ဒါဆို ကျုပ်ကြည့်မရသူတွေကိုရှင်းပြီးသားဖြစ်၊ဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက် ကျုပ်ကြိုက်တဲ့ ပုလ္လင်ကြီး လည်းရ၊ကျုပ်ဟာ အပြောနဲ့အလုပ်ညီသူလို့ သက်သေပြပြီးလည်းဖြစ် တချက်ခုတ် သုံး၊လေး၊ငါးချက်ပြတ်အောင် ပြောင်မြောက်တဲ့ ထိုးနှက်ချက်ဖြစ်ပြီပေါ့။

ဒါပေမဲ့ ခင်ဗျားတို့က ဒီလောက်နဲ့တင် ပြီးမသွားကြတာကြောင့် ကျုပ်အနေနဲ့ “မလုပ်ရဲတာ ဘာမှမရှိဘူး”ဆိုတဲ့ စ ကားကို ဆက်ပြီးသက်သေပြရတော့တာပါပဲ။အခုဆို ကျုပ်စကားကျုပ်သက်သေပြခဲ့ရတဲ့ ကိစ္စတွေလည်းများခဲ့ပြီ။

အစကနေ ပြန်ပြောရရင် “သိမ်းချင်ရင် အမှိုက်သိမ်း”ဆိုပြီး ခင်ဗျားတို့လှောင်ကြတော့ ကျုပ်ကတော့တကယ်ပဲ အာဏာသိမ်းခဲ့ရတယ်။ထိန်းတယ်လို့ ကြွေးကြော်ရတာကတော့ ကျုပ်တို့အပိုင်းပေါ့။

သေနတ် ကိုင်ထားတဲ့ ကျုပ်တို့တပ်ကို ပမာမခန့်နဲ့ လမ်းပေါ်ထွက်ဆန္ဒပြကြ၊ကြွေးကြော်ကြ၊လူစုလူဝေးတွေ လုပ် ကြပြန်တော့ မြသွဲ့သွဲ့ခိုင် ကစလို့ ပစ်လိုက်ခတ်လိုက်ရတာ အခုဆို ကျုပ်တို့သတ်လို့ သေတဲ့သူလည်း ၅၅၀၀ နီးနီး ရှိပြီလို့ ဆိုကြလေရဲ့။

ဒါလည်း သူတို့ ရသမျှ စာရင်းကိုသာ ပြောကြရတာ။ဒီထက်များချင်လည်းများမယ်။ကျုပ်တို့လည်း အတိအကျ မသိ ဘူး။

ဘယ်လိုဖြစ်ဖြစ် ဒီကိစ္စတွေဟာ ကျုပ်အနေနဲ့ မလုပ်ရဲတာမရှိတဲ့အကြောင်း သက်သေပြရတဲ့ ပထမဆုံးကိစ္စ ဖြစ် တယ်။

အဲ့သလို လုပ်ခဲ့ပြီးတဲ့နောက် ကျုပ်တို့လက်ချက်လို့ စွပ်စွဲသံတွေကျယ်လောင်လာတဲ့ကိစ္စတွေကို မျက်နှာပြောင် တိုက် လိမ်ရ၊ညာရဗြောင်ငြင်းရတာကတော့ ဒုတိယကိစ္စပေါ့။

ဝင်းနိမ္မိတာရုံဆရာတော် ကိစ္စတုန်းကတော့ ဗြောင်ငြင်း၊သူများကိုထိုးချပြီးမှ တိုင်းသိ၊ပြည်သိ၊ကမ္ဘာသိ အလိမ်ပေါ် သွားလို့ ဂွကျခဲ့သေးတယ်။မတတ်သာတဲ့အဆုံး ကျုပ်အောက်ကကောင်တွေကိုပဲ အပြစ်လွှဲချ၊ အရေးယူမယ်လို့ အ သံလွှင့်ခဲ့ရပါသေးတယ်။

ကျုပ်တို့လက်ချက်နဲ့ ဘဝပြောင်းသွားတဲ့တချို့လူတွေကိုတော့ အကြမ်းဖက်တွေသတ်လို့သေရတဲ့ အရပ်သားတွေ ဆိုပြီး  ကျုပ်တို့ကပဲ စာရင်းထည့်ပြုစု ပေးလိုက်ရတာတွေလည်းရှိတယ်။အဲ့ဒီလိုပြုစုထားတာတွေကို အခြေခံပြီး ကျုပ်တို့ထုတ်ပြန်ပေးနေတဲ့စာရင်း တွေ့မိကြတယ်မဟုတ်လား။

အုပ်ချုပ်ရေးဝန်ထမ်း၊ဌာနဆိုင်ရာဝန်ထမ်း၊သံဃာတွေအပါအဝင် အကြမ်းဖက်တွေလက်ချက်နဲ့သေဆုံးခဲ့တဲ့ အရပ် သားချည်းပဲ ခြောက်ထောင်ကျော်ရှိပြီဆိုတာလေ။မပိုင်ဘူးလား။

ကျုပ်တို့ကပစ်ခတ်မှုတွေ အရင်လုပ်ခဲ့၊လက်နက်မဲ့ ဆန္ဒပြတယ်ဆိုတဲ့အချိန်ကတည်းက လူရာချီသတ်ခဲ့ပြီးပြီဆို ပေမယ့် ခုကျုပ်တို့စာရင်းအရဆို ဟိုလူတွေ လက်ချက် နဲ့သေရသူကတောင် ပိုများနေရော။ကျုပ်မှာ ကိုယ့်စကား ကိုယ်တည်ဖို့အတွက်နဲ့ အဲ့ဒီလိုလည်း လုပ်ရဲနေရတာပါ။

လူတွေသတ်ဖြတ်ပြရုံတင်လားဆိုတော့ မပြီးသေးဘူး။အကြမ်းဖက်အဖွဲ့တွေ ခိုအောင်းဖို့ အမာခံနယ်မြေမရှိစေရ လို့ ကြွေးကြော်ပြီး စီမံချက်တွေနဲ့ လုပ်ခိုင်းပြန်တော့ အခုဆို သုံးနှစ်ကျော်အတွင်း တနိုင်ငံလုံးမှာ မီးရှို့ခံရတဲ့အိမ် တသိန်းနီးပါးရှိပြီလို့ ဆိုတဲ့အဖွဲ့က ဆိုကြလေရဲ့။

ကျုပ်တို့အလိုဆိုရင်တော့ဖြင့် အဲ့ဒီအိမ်မီးရှို့တာတွေဟာလည်း အကြမ်းဖက် အဖွဲ့တွေ လက်ချက်ပါ ပဲဗျာ။

ကျုပ်ဆိုတာ အဲ့ဒီလို “ကိုယ့်ပြည်သူကိုယ်ပြန်သတ်” “ပြည်သူ့အိုးအိမ်စည်းစိမ်တွေမီးရှို့” လေယာဉ်နဲ့ဗုံးကြဲဆိုတဲ့ ဂုဏ်ပုဒ်တွေအတပ်ခံပြီး မလုပ်ရဲတာမရှိတဲ့အကြောင်း ပြခဲ့ရတဲ့မောင်ပါ။

အဲ့ဒီလို အသက်၊အိုးအိမ်၊စည်းစိမ် ပျက်စီးရာပျက်စီးကြောင်းတင်မက စီးပွားရေးကျတော့လည်း တဒေါ်လာ ၁၃၀၀ ကျပ် ဖြစ်လို့ အော်ကြဟစ်ကြတဲ့ခေတ်ကနေ တဒေါ်လာ ၅၀၀၀ကျော်အထိရောက်အောင် ဆွဲတင်ပြခဲ့ရပြန် ပါရော လား။

ဆိုခဲ့တဲ့အတိုင်း “မလုပ်ရဲတာမရှိ”ဆိုတဲ့ စကား တည်အောင် လုပ်ပြနေရတာကလည်း လွယ်တော့မလွယ်လှဘူး။

တသက်နဲ့တကိုယ်မကြားဘူးကြတဲ့ စံချိန်တင် ကိစ္စတွေထဲ “ရှူးရှဲ”လက်ဖက်ထုပ်ကိုတောင် ဈေးတက်သွားစေတဲ့ စီးပွားရေး ကိစ္စကစလို့ တပ်မတော်သမိုင်းမှာ စံချိန်တင်တဲ့ လက်နက်ချမှုတွေ၊မြို့လက်လွှတ်ရမှုတွေ၊တိုင်းစစ်ဌာန ချုပ် အသိမ်း ခံလိုက်ရတဲ့ စစ်ရေးကိစ္စတွေအထိ စီမံခန့်ခွဲဦးဆောင်ပြရသေးတာ…။

အဲ့ဒီလို မလုပ်ရဲတာမရှိဆိုပြီး ဇွတ်လုပ်ရင်းနဲ့ အခုဆို ကျုပ်လည်း ယာယီသမ္မတကြီးတောင်ဖြစ်လာခဲ့ပြီ။လူတွေက တော့ ဟိုးအစ ၂၀၂၁ကတည်းကနေ အခုကျုပ်ယာယီသမ္မတ ဖြစ်လာတဲ့အထိ လုပ်ခဲ့သမျှ ၂၀၀၈ အခြေခံဥပဒေနဲ့ မညီဘူးလို့ ပြောဆိုနေကြတာပါပဲ။

ကျုပ်တို့ကလည်း အခြေခံဥပဒေနဲ့အညီဆိုပြီး တွင်တွင် ပြန်အော်ပေးနေရသေးတယ်။မလုပ်ရဲတာမရှိဆိုပေမဲ့ ဒီအ ခြေခံဥပဒေကိုဖျက်လိုက်ပြီး ပေါ်ပေါ်တင်တင် “အာဏာသိမ်းတယ်ဟေ့” ဆိုပြီး ကြွေးကြော်လုပ်ကိုင်ဖို့ရာမှာတော့ စဉ်းစားချင့်ချိန်စရာတွေကရှိနေပြန်တယ်။

ကနဦးတုန်းကတော့ ၂၀၀၈ကိုဖျက်သိမ်းလိုက်ဖို့စဉ်းစားချက်ကျုပ်မှာရှိခဲ့တာပေါ့။ မှတ်မိကြဦးမယ်ထင်တယ်။ ၂၀၂၀ရွေးကောက်ပွဲအပြီး မဲစာရင်းကိစ္စတွေအငြင်းပွားနေကြချိန် ၂၀၂၁ခုနှစ် ဇန်နဝါရီ ၂၇ရက်မှာကျုပ်ဒီစကား ကိုပြောခဲ့ဖူးတယ်။

“အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်၊ဒီဥပဒေကို မလိုက်နာဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက် ပစ်ရမယ်၊ဒါကြောင့် တော်လှန်ရေးကောင်စီခေတ်တုန်းကလည်း ၁၉၄၇ ခုနှစ်၊ ဥပဒေကိုဖျက်လိုက်တာပဲ၊နဝတ ခေတ်တပ်မတော်တက်လာတဲ့အခါမှာ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လိုက်တာပဲ” လို့ပြောခဲ့တာပါ။

ဒါပေမဲ့ နောက်တရက်မှာပဲ ဒီစကားဟာ ၂၀၀၈ အခြေခံဥပဒေကိုဖျက်သိမ်းဖို့ဆိုတဲ့သဘောမဟုတ်တဲ့အကြောင်း ကျုပ်တို့ပြန်ဖြေရှင်းခဲ့ပါတယ်။ဘာကြောင့်လဲဆိုတာကိုတော့ အခုအချိန်မှာ ရှင်းပြမနေတော့ပါဘူး။

လုပ်ချင်ရာတွေကို မလုပ်ရဲတာမရှိလုပ်နေခဲ့သလောက် ဒီစာအုပ်အစိမ်းကြီးကျမှ ဘာလို့မဖျက်သိမ်းတာလဲ၊ မဖျက် ရဲတာလဲဆိုရင်တော့ အကြောင်းပြချက်တွေရှိတာပေါ့ဗျာ။အခုလိုအခြေအနေမှာဆိုရင်စဉ်းစားစရာတွေပိုရှိလာ တယ်ဆိုရမယ်။

အကယ်၍သာ စစ်ရေးရလဒ်တွေမှာ ကျုပ်တို့မျှော်လင့်ထားသလို မဟုတ်ဘဲ အခုထက် အခြေအနေပိုဆိုးလာပြီး ကြားခံနိုင်ငံတွေရဲ့တွန်းအားကြောင့် စားပွဲဝိုင်းပေါ်မှာ အဆုံးသတ်ရမယ့်အထိဖြစ်လာရင် ၂၀၀၈ အခြေခံဥပဒေဟာ ကျုပ်တို့အတွက်ခံတပ်ဖြစ်သလို၊အကာအကွယ်လည်းဖြစ်တယ်။

အဲ့ဒီအခြေခံဥပဒေအရ ကျုပ်ကိုယ်တိုင်လည်း ငယ်သားဘဝနဲ့ပါဝင်ခဲ့ရတဲ့ နအဖလက်ထက် ဆောင်ရွက်မှုတွေကို အရေးယူခွင့်မရှိသလို လက်ရှိကျုပ်ကိုယ်တိုင်ဦးဆောင်နေရတဲ့ အရေးပေါ်ကာလ ဆောင်ရွက်ချက်တွေအတွက် လည်း အရေးယူခွင့်မပေးထားဘူးမဟုတ်လား။

နောက်ပြီး စောစောကပြောသလို စားပွဲဝိုင်းနဲ့ပဲ အဆုံးရမယ့် အခြေအနေတွေတကယ်ဖြစ်လာခဲ့ရင် ဒီအခြေခံ ဥပ ဒေကိုပဲစွဲကိုင်ပြီး ကျုပ်တို့ရဲ့ နိုင်ငံရေးလိုလားချက်တွေ၊ပိတ်ပင်ချက်တွေမူလရှိနှင့်ပြီးသားအားသာချက်တွေကို ဆက်ပြီး ရယူရမှာတွေရှိနေပါတယ်။

ဒါကြောင့် မလုပ်ရဲတာမရှိတဲ့အကြောင်း အမျိုးမျိုး အဖုံဖုံသက်သေပြခဲ့ပြီးတဲ့ကျုပ်ကို အခြေခံဥပဒေမဖျက်သေးတာ အတွက်နဲ့တော့ စကားမတည်ဘူးဆိုပြီး ပြစ်တင်မစောကြစေချင်ဘူး။

ကျုပ်အနေနဲ့လည်း ကိစ္စအားလုံးကို သက်သေပြနိုင်ချင်ပါရဲ့။လူတွေကလည်းခက်တယ်။ကျုပ်ကိုဆိုရင်မျက်လုံး ဒေါက်ထောက်လိုက်ကြည့်။အရည်မရ အဖတ်မရပြော၊တလွဲတွေပြော၊တလွဲတွေလုပ် ဆိုပြီး သွားပုပ်လေလွင့်အ ပုပ်ချတိုက်ခိုက်ဖို့လောက် စဉ်းစားကြတာမျိုး။

အခုလည်းကျုပ်ကို “အာဏာရူး”လို့ တံဆိပ်ကပ်ကြရာကနေ ရာနှုန်းပြည့် ဦးနှောက်မမှန်တော့ သလိုလို ပြောဆို၊ ရေးသား စိန်ခေါ်နေကြပြန်တယ်။

“မလုပ်ရဲတာ ဘာတခုမှမရှိဘူး”ဆိုနေမှဗျာ….။