အမေရိကန် ရွေးကောက်ပွဲမှာ ထရမ့်နဲ့ယှဉ်ရင် အောက်စည်းကနေ ယှဉ်ပြိုင်ရမယ်လို့ ဟားရစ် ဝန်ခံ

ဇူလိုင် ၊ ၂၉

ရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရမ့်နဲ့ ယှဉ်ရင် သူဟာ အောက်စည်းရောက်နေမယ့်သူ (underdog)အဖြစ် လက်ခံထားကြောင်း အမေရိကန် ဒုတိယ သမ္မတ ကာမာလာ ဟားရစ်က ပြောပါတယ်။

လက်ရှိ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ရွေးကောက်ပွဲ ဝင်တော့မှာ မဟုတ်ကြောင်း ကြေညာခဲ့တဲ့နောက် ဟားရစ်ဟာ ဒီမိုကရက်တစ် ပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ပါတီရဲ့ ထရမ့်ကို စိန်ခေါ်ဖို့ လမ်းပွင့်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မက်ဆာချူးဆက် ပြည်နယ်မှာ ရွေးကောက်ပွဲကြို ရန်ပုံငွေ အလှူရှင်တွေနဲ့ တွေ့ဆုံတဲ့ အစီအစဉ် တခုမှာတော့ ဟားရစ်က ထရမ့်ကို အသက်ကြီးပြီး ခွကျတဲ့၊ နားလည်ရခက်တဲ့သူ တဦးလို့ သုံးနှုန်းသွားပြီး လက်ရှိ အခြေအနေမှာတော့ သူဟာ ထရမ့်နဲ့ယှဉ်ရင် အောက်စည်း အနေအထားက ချဉ်းကပ်နေရဆဲလို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဟားရစ်ဟာ ထရမ့်ထက် အသက် ၂၀ နီးပါးလောက် ပိုငယ်ပြီး ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေမှာ ဒီမိုကရက်တစ် ပါတီဟာ ထရမ့်ကို တဇွတ်ထိုးဆန်တဲ့ ရှေးရိုးစွဲ အဖိုးကြီး တဦးလို ပုံဖော်ပြီး ထိုးနှက်လာဖွယ် ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ဟားရစ်က ထရမ့်ဟာ လောလောဆယ် သူ့ထက်ပိုပြီး အားကောင်းတဲ့ ဦးဆောင်မှုမျိုး ရထားနိုင်ပေမယ့်လည်း အမေရိကန် ပြည်သူတွေရဲ့ စစ်မှန်တဲ့ သဘောထားဆန္ဒနဲ့ စွမ်းအားတွေကို အားကိုးပြီး သူဟာ အခြေအနေတွေကို ပြောင်းလဲပစ်နိုင်မယ်လို့ ယုံကြည်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ထိ လူထုအမြင် စစ်တမ်းတွေအရ ဘိုင်ဒန်နဲ့တုန်းက အခြေအနေ ဆိုးခဲ့တဲ့ ဒီမိုကရက်တစ် ပါတီအပေါ် လူထုထောက်ခံမှုဟာ သိသိသာသာ ဦးပြန်မော့လာပြီး ဟားရစ်ဟာ ထရမ့်နဲ့ ကွာဟချက်ကို လျှော့ချလာနိုင်တာ တွေ့ရပါတယ်။

မက်ဆာချူးဆက်မှာ ဟားရစ်က ရန်ပုံငွေ အခမ်းအနား တက်ရောက်ပြီး နာရီပိုင်းလောက်အကြာ မင်နီဆိုးတားမှာ ထရမ့်က မဲဆွယ်စည်းရုံးမှု အစီအစဉ်တခု လုပ်ဆောင်ခဲ့တဲ့ အခါမှာတော့ ဟားရစ်ကို အတော်လေး ထိုးနှက်သွားခဲ့ပြီး အမေရိကန် နိုင်ငံကို ဘိုင်ဒန်ထက်တောင် ဖျက်လိုဖျက်ဆီး လုပ်မယ့်သူမျိုးလို့ ဝေဖန် တိုက်ခိုက်သွားခဲ့ပါတယ်။ သူက နိုင်ငံရဲ့ ကောင်းကျိုးကိုပဲ ဦးစားပေးမှာဖြစ်လို့ သိမ်မွေ့တဲ့ လူကောင်းတယောက်အဖြစ် ဟန်ဆောင်နေမှာ မဟုတ်ကြောင်း၊ လိုအပ်လာရင် သူ့ရဲ့ အပြုအမူတွေက ပိုလို့တောင် ပွင့်လင်းပြီး တဲ့တိုးဆန်မှာဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။ ဒါဟာ ဟားရစ်က သူ့ကို ခွကျတယ်လို့ ပုံဖော်ခဲ့တဲ့အပေါ် တုံ့ပြန်တဲ့ သဘောလည်း ဖြစ်ပါတယ်။

အစောပိုင်းမှာ ထရမ့်က ဟားရစ်ဟာ သူ့အတွက်တော့ ဘိုင်ဒန်ထက်တောင် အနိုင်ယူရ ပိုလွယ်တဲ့ ပြိုင်ဘက်မျိုးလို့လည်း သုံးသပ် ပြောဆိုထားခဲ့ဖူးပါတယ်။

Ref: Reuters