သံတွဲ သူဌေးချောင်းဆည် စိုးရိမ်ရေမှတ် ကျော်လာလို့ချက်ချင်း ရွေ့ပြောင်းကြဖို့ AA သတိပေး

ဇူလိုင်၊ ၂၇
သံတွဲမြို့နယ်မြောက်ပိုင်းရှိ သူဌေးချောင်းဆည်မှာ စိုးရိမ်ရေမှတ်(အနီရောင်အဆင့်)ထက် ကျော်လွန်လာပြီဖြစ်လို့ အနီး၀န်းကျင်ရွာတွေမှ ဒေသခံတွေအနေနဲ့ ဘေးလွှတ်ရာအမြန်ဆုံး ချက် ချင်းရွေ့ပြောင်းကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)က ဒီနေ့မနက်ပိုင်းမှာ သတိပေးထုတ်ပြန်ပါတယ်။
 
ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ တည် ဆောက်ထားတဲ့ အဲဒီသူဌေးချောင်းဆည်ရေဟာ အခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စိုးရိမ်ရေမှတ်ကျော်လွန်လာတာဖြစ်ပြီး ဆည်ဘောင်နဲ့ တောင်နံရံမြေသားတွေ ကျိုး ပေါက်၊ ပြိုကျလာမှာ စိုးရိမ်နေရတာလို့ ဒေသခံတွေက ဆိုပါတယ်။
 
“မိုးကလည်း တရက်မပျက်ရွာနေတာ၊ ရေပိုလွှဲတွေဘာတွေနဲ့ သေချာမလုပ်နိုင်ရင် ကျိုးဖို့ ကြောက်ရတယ်၊ ကျိုးရင်တော့ ရွာက အိမ်တွေလည်း မလွတ်ဘူး၊ ပါသွားမှာ” လို့ သူဌေးချောင်းဆည်အနီးရှိ ရွှေလှေရွာမှ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
အာရက္ခတပ်တော်(AA)အနေနဲ့ လွန်ခဲ့တဲ့ရက်တွေကတည်းက မိုးရွာသွန်းမှု၊ မိုး ရေချိန်အမှတ်တွေကြောင့် စိုးရိမ်ရေမှတ်ရောက်လာနိုင်ကြောင်း ဒေသတွင်း ကြိုတင်အသိပေးထားခဲ့ပြီး ဒီနေ့မှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်လာနေပြီဖြစ်တာကြောင့်အရေးပေါ်ချက်ချင်းထုတ်ပြန်ရတာလို့ ဆိုပါတယ်။
သံတွဲမြို့နဲ့ ဆယ်မိုင်ကျော်အကွာ ရွှေလှေတိုက်နယ်ရှိ သူဌေးချောင်းကို ပိတ်ပြုလုပ်
ထားတဲ့ အဲဒီဆည်အနီး၀န်းကျင်နဲ့ ချောင်းတလျှောက်မှာ ကျေးရွာပေါင်း နှစ်ဆယ်၀န်းကျင် တည်ရှိပါတယ်။
 
အခုအခါ သူဌေးချောင်းအနီး၀န်းကျင်ရွာတွေမှာ ရေကြီး၊ ရေတက်တာ မရှိသေးပေမယ့် ဆည်ကျိုး ပေါက်လာရင်တော့ အန္တရယ်ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
“ဆည်ကျိုးကျဖို့ ကြောက်နေကြတာ၊ အရင်ကတော့ ဆည်ဘောင် မပေါက်ဖူးဘူး၊ တောင်နံရံတွေတော့ ခဏခဏ ပြိုဆင်းတယ်၊ အခုတော့ တပ်တော်လူတွေအကူအညီနဲ့ ဒေသခံတွေ ရွေ့နေကြပြီပြောတယ်” လို့ သူဌေးချောင်းအနီး မကျဉ်းချောင်ရွာမှ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
 
ရခိုင်(တောင်ကုတ်)ရိုးမတောင်တန်းတွေပေါ်ကနေ စီးကျလာတဲ့ သူဌေးချောင်းဟာ ရွှေလှေတိုက်နယ်ကို ဖြတ်ကာ ဘင်္ဂလားပင်လယ်ထဲ စီးဆင်းတာဖြစ်ပါတယ်။
 
သူဌေးချောင်းဆည်ကို ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက် ၂၀၀၈ ခုနှစ်မှာ လျှပ်စစ်ထုတ်လုပ်ဖို့ စတင်တည် ဆောက်ခဲ့တာဖြစ်ပြီး နှစ်ပေါင်းတဆယ်ကျော်ကြာတဲ့အထိ မပြီးပြတ်ခဲ့ဘဲ ခုချိန်မှာတော့ အဲဒီစီမံကိန်းနေရာကို AA က ထိန်းချုပ်ထားပါတယ်။
 
အဲဒီရေအားလျှပ်စစ်စီမံကိန်းကြောင့် အနီး၀န်းကျင်ရှိ မယ်၀၊ ပုရစ်၊ ရေကောက် ရွာသုံးရွာဟာ ရွာလုံးကျွတ် နေရာပြောင်းရွေ့ခဲ့ကြရပြီး လုပ်ကိုင်စားသောက်ဖို့ မြေနေရာနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း မရခဲ့ကြဘူးလို့ ဆိုပါတယ်။
 
သံတွဲအပါအ၀င် ရခိုင်မြို့နယ်တွေမှာ မိုးအဆက်မပြတ်ရွာနေတာ တပတ်ကျော်ရှိပြီဖြစ်ပြီး သံတွဲမြို့ပေါ် တောင်ကုတ်မြို့ပေါ်နဲ့ အနီး၀န်းကျင်ရွာအချို့မှာလည်း ရေကြီးလို့ ဒေသခံထောင်ချီ ဘေးလွှတ်ရာ ရွေ့ပြောင်းနေထိုင်နေကြရပါတယ်။
 
တိုက်ပွဲတွေနဲ့ ဆက်စပ်လို့ စစ်ဘေးရှောင်နေရသူတွေ အများအပြားရှိနေတဲ့ အဲဒီဒေသတွေမှာ ရေဘေးထပ်ကြုံရတော့ အခက်ပိုကြုံကြရပြီး စားနှပ်ရိက္ခာနဲ့ ဆေးဝါးအရေးတကြီး လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီပေးနေသူတွေက ပြောကြပါတယ်။
 
ရေကြီးမှုကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ကြုံလာရမှာကိုလည်း စိုးရိမ်ရတယ်လို့ ဆိုကြပါတယ်။
 
ရခိုင်အပါအ၀င် ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ ကရင်၊ မွန်နဲ့ တနင်္သာရီတိုင်းတို့မှာ နောက်လာမယ့်၂၄ နာရီအတွင်းမှာ မိုးဆက်လက်များနေနိုင်ဦးမှာဖြစ်တာကြောင့် မြစ်ရေကြီးနေတဲ့ မြန်မာပြည်တောင်ပိုင်းဒေသတွေမှာ အထူးသတိထားပြီး ဆက်လက်ရင်ဆိုင်ဖြတ်ကျော်ကြရဖို့ ရှိနေတယ်လို့ မိုးလေ၀သပညာရှင် ဦး၀င်းနိုင်က ခန့်မှန်း၊ သတိပေးထားပါတယ်။
 
Photo – AA Info Desk