ဇူလိုင် ၊ ၂၇
ပြီးခဲ့တဲ့ရက်တုန်းက နေပြည်တော်မှာ “ဟာသပညာထူးချွန်ဆုချီးမြှင့်ပွဲ”ဆိုပြီး ကျင်းပသွားတယ်လို့ သိရတယ်။
အဲဒီပွဲအကြောင်းကို သူတို့ စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့သတင်းတွေကနေ သိရတာမျိုးတော့မဟုတ်ပါဘူး။ စစ်ကောင်စီထုတ်ကုန်ဆို ဘီယာ၊ အရက်၊ ဖုန်းကတ်ကစလို့ သတင်းမှန်မပြန်ကြားရေးက ဇော်မဲလုံးထုတ်ပြန်တဲ့ သတင်းတွေအထိ ကိုရင်က မစားသုံးပါဘူး။ အဲဒီ့လိုရှောင်ပါတယ်။ ကိုရင်က BC ဘာလဲ။ A to Z ဘာလဲဆိုတာ ကောင်းကောင်းသိတယ်လေ။
ဒါဆို ဒီပွဲအကြောင်းဘယ်ကသိသလဲဆို ထုံးစံအတိုင်း ငဇူရဲ့ကျေးဇူးနဲ့ သိခွင့်ရတာပေါ့။ အဲ့လိုသိနိုင်ဖို့ VPN တော့ ရွေးတတ်၊ ရှာတတ်ရတာပေါ့။ ဘယ်လိုသိသလဲဆို တရက်မှာ လူနာထောင်ကျော်ကြည့်ရှုကုသပေးရင်း ကမ္ဘာ့ ဂင်းနစ်စံချိန်ချိုးသွားတဲ့ “စွယ်စုံရ ဥုံဖွဆရာလေး”က သတင်းမှန်မပြန်ကြားရေးဒုဝံကြီး ဇော်မဲလုံးရဲ့ ဗိုက်ကို သွား ပွတ်ပေးနေတဲ့ပုံ အွန်လိုင်းပေါ် ရောက်လာရာကနေ သိတယ်ပေါ့။
ဒီလိုဗိုက်ပွတ်နေတဲ့ပုံကို ကြည့်ကြရင်း “ဥုံဖွဆရာ ပွတ်တာ နေရာမှားနေတယ်။ အောက်ဆင်းပွတ်” ဆိုတဲ့ မန့်မျိုး တွေကနေ လူသိရှင်ကြားဖြစ်ပြီး ကိုရင်တို့လည်း သိရတယ်ပေါ့။ တကယ်တော့ ဥုံဖွဆရာလေးက ဆေးကု စားလာ တာတနေ့လူနာတထောင်ကျော်ဆိုတော့ ဘယ်သူဘာဝေဒနာခံစားနေရသလဲဆိုတာ မျက်လုံးနဲ့တချက်ကြည့်ရုံနဲ့ တန်းသိတယ်။ ဒီတော့ အခုဒုဝံကြီးဇော်မဲလုံးဟာလည်း အစားတွေလွန်ပြီး ဗိုက်မှာ ဝေဒနာ စွဲကပ်နေတာကို သိလို့ စင်ပေါ်မှာ ကြုံတုန်း ကျွဲကူးရေပါဆိုသလိုကုပေးလိုက်တာပါ။ အဲဒီလိုကုပေးရင်း ဇော်မဲလုံး နားနားကပ်ပြီး “စားတာ လျှော့ အန္တရာယ်ဖြစ်မယ်”လို့တောင် တိုးတိုးသတိပေးသွားပါသေးသတဲ့။
အနှီထူးချွန်ဆုပေးပွဲကြီးမှာ ဘယ်သူတွေ ဘာတွေရပြီး ဘယ်သူတွေက ဘာကြီးတွေကိုင်၊ ဘာကြီးတွေပိုက်သွားကြ တယ်ဆိုတာကိုတော့ ကိုရင်အသေးစိတ်ပြောမပြတော့ပါဘူး။ သိချင်ရင်သတင်းမှန်မပြန်ကြားရေးချန်နယ်တွေမှာ သာ သွားကြည့်ကြပေတော့။
အဲဒီဆုပေးပွဲနဲ့ပတ်သက်ပြီး လူရင်းတယောက်က “ကိုရင် ခင်ဗျားလည်း သရော်စာတွေရေးနေတာပဲလေ။ ဆုပေးခံရ တဲ့အထဲ မပါဘူးလား”လို့ အားမလိုအားမရဖြစ်ရင်း မေးတာလည်းရှိပါတယ်။ ကိုရင်လည်း တခွန်းပဲပြန်ပြော လိုက်ပါတယ်။ “ကျုပ်က စာပဲ ပြောင်တတ်တာ။ သူတို့လို မျက်နှာမပြောင်တတ်ဘူး”လို့။
တကယ်တော့ လူရွှင်တော်တွေဟာ ဟာသပြက်လုံးတွေကို ကြိုတင်လေ့လာ၊ ကြိုတင်ဇာတ်တိုက်ပြီးမှ ပရိသတ်ကို ဖျော်ဖြေကြရတာ။ အနှီလူရွှင်တော်တွေထက် ပိုတော်၊ ပိုကျွမ်းကျင်ကြတဲ့ ဟာသအရာမှာ အမှန်တကယ် ထူးချွန် ပြောင်မြောက်လှသူတွေ လွန်ခဲ့တဲ့သုံးနှစ်ကစပြီး ဒီနိုင်ငံမှာ များစွာပေါ်ထွန်းလာခဲ့ပါတယ်။ သူတို့က လူရွှင်တော် တွေလို ကြိုတင်ဇာတ်တိုက်တာမျိုး၊ ကြိုတင်လေ့လာ၊ လေ့ကျင့်တာမျိုးတောင်မလုပ်ဘဲ လက်တန်းကို ဟာသတွေ ထုတ်နိုင်သူတွေဖြစ်ပြီး ဟာသပညာထူးချွန်ဆုနဲ့ အမှန်တကယ်ထိုက်တန်သူတွေဖြစ်ပါတယ်။ ဆုပေးကိုပေးသင့်တဲ့ သူတွေ ဖြစ်ပါတယ်။
သူတို့က ဘယ်သူတွေလဲဆိုတော့ ‘ပျက်ကျလေယာဉ်မှူးတွေ သူတို့လက်နှစ်ဖက်ကို အတောင်လုပ်ပျံသန်းရင်း သူတို့အိမ်ဆီ ဘေးမသီရန်မခ ပြန်ရောက်နေပါပြီ’လို့ ပေါ်တင်လော်ရာကနေ လူသိများလာတဲ့ ငပိမီဒီယာက ကျော်မိုးမလင်း၊ “ဆိုးအောက်”၊ “ဆိုးအောက်”လို့ အော်ရင်း ကိုယ်တိုင်ဆိုးအောက်သွားလို့ လူထုလူတန်းစား အလွှာ အသီးသီးကြား လူသိများလာတဲ့ ကျော်ဆိုးအောက်၊ “ဒီလိုငတ်နေတာလေးကိုက အရသာရှိတာ”လို့ ပြောရင်း နေပြည်တော်က ဟိုတယ်တကာတက်စားနေတဲ့ စားဘဲကြီး ၈၈ မျိုးပျက်တို့ဦးဆောင်တဲ့ စစ်ကောင်စီလော်ဘီ တအုပ်။ သူတို့ဟာ နေ့စဉ်နဲ့အမျှဆိုသလို ဟာသတွေနဲ့ လူထုကို ဖျော်ဖြေပေးနေကြသူတွေဖြစ်ပါတယ်။ သူတို့ ပြီးတော့ နောက်ထပ်ရွေးချယ်ပေးသင့်သူက သတင်းမှန်မပြန်ကြားရေးဒုဝံကြီး ဇော်မဲလုံးဖြစ်ပါတယ်။ သူဟာလည်း ဆုပေးမယ်ဆို ဦးစားပေးထဲပါသင့်သူတယောက်ဖြစ်ပါတယ်။
သတ်ချုပ်ဗိုလ်ချုပ်မှူးကြီးမအလ တိုင်းပြည်အာဏာကို အဓမ္မရယူပြီးနောက်ပိုင်းကစလို့ ဇော်မဲလုံးဟာ သတင်းမှန် မပြန်ကြားရေးဝံကြီးဌာနမှာ ဒုဝံကြီးအဖြစ် တာဝန်ထမ်းဆောင်ရင်း ရှေ့တန်းကနေ ရွပ်ရွပ်ချွံချွံနဲ့ ဟာသတွေကို စီမံဖော်ထုတ်ပေးနေသူဖြစ်ပါတယ်။
သူဟာဆိုရင် “အာ့ကျကျ”၊ “အဂိန်း”၊ “မိုက်လိုက်တာသမီးရယ်”စတဲ့ သူမတူတဲ့ အပြောတွေနဲ့ လူထုလူတန်းစား အလွှာအသီးသီးကို အူနှိပ်ရယ်စေခဲ့ရုံသာမက “ဗျူဟာအရ ဟပေးလိုက်တာ”၊ “ဆရာတော်ကို ပစ်တာသူတို့ပါ”စတဲ့ ဟာသဇာတ်လမ်းများစွာကိုလည်း ကိုယ်တိုင်ဇာတ်ညွှန်းရေး၊ ကိုယ်တိုင်ဒါရိုက်တာလုပ်၊ ကိုယ်တိုင်ထုတ်လုပ်သူ အဖြစ်နဲ့ ပြောင်မြောက်စွာ ဖန်တီးပုံဖော်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါကြောင့် အနှီဒုဝံကြီးဇော်မဲလုံးဟာလည်း ဟာသ ပညာထူးချွန်ဆုကို ရရှိထိုက်သူဖြစ်တယ်လို့ ကိုရင် သုံးသပ်ပါတယ်။
ဇော်မဲလုံးနဲ့ လော်ဘီတအုပ်တို့အပြီး လုံးဝ၊ လုံးဝမှ ချန်ထားရစ်၊ ကျန်ထားရစ်လို့မရသူ နောက်တဦးနဲ့လည်း မိတ် ဆက်ပေးချင်ပါတယ်။ သူဟာ ဟာသပညာအရာမှာ ပြိုင်ဘက်ကင်းထူးချွန်သူလို့တောင် ဆိုနိုင်ပါတယ်။ မွေးရာပါ ဟာသပညာထူးချွန်သူလို့လည်း တချို့က ဆိုကြပါသေးတယ်။ သူက ဘယ်သူဖြစ်ပါမလဲ။ သူ့ကို လော်ဘီတအုပ် ကတော့ အဘကာချုပ်ကြီးလို့ခေါ်ပြီး လူထုကတော့ မအလ၊ ကြင်စိုး၊ သောင်းလှိုင်သား၊ ငပုစသဖြင့် ခေါ်ကြပါတယ်။ အဲ…ကိုရင်ကတော့ သူ့ကို “သတ်မတော်ကာကွယ်ရေးဦးစီးချုပ် သူခိုးမဟာသရေစည်သူ သူခိုးသီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီးမအလ”လို့ ခေါ်ပါတယ်။ တခါတလေတော့လည်း “သတ်ချုပ်မအလ”လို့ပဲ အတိုချုပ်ခေါ်တာပေါ့။
အနှီသူဟာ “မလုပ်ရဲတာ ဘာမှမရှိဘူး”ဆိုတဲ့စကားကို ဟစ်ကြွေးရင်း ကျည်ကာအင်္ကျီကြီးဝတ်လို့ မြေအောက်ခန်း ထဲဝင်ပုန်းနေကတည်းက ဝက်ဝက်ကွဲအောင်မြင်ပြီး ပရိသတ်ခိုင်ခိုင်မာမာရရှိခဲ့တဲ့ ဟာသပညာရှင်တဦးဖြစ်ပါ တယ်။ အဲဒီကနေ စပါးပင်တွေနဲ့ စကားပြောတာတဖုံ၊ ကြက်၊ ဝက်၊ နွား၊ ငါးတွေနဲ့ သွားရောက်တွေ့ဆုံတာ တမျိုး၊ သစ်ပင်စိုက်ပွဲမှာ စိုက်တဲ့သစ်ပင်က သူ့ထက်အရပ်ပိုမြင့်နေတာက တသွယ်နဲ့ လူထုလူတန်းစားအလွှာအသီးသီးကို ဟာဒယရွှင်ဆေးတွေ အဆက်မပြတ်တိုက်ကျွေးခဲ့သူကြီးပေါ့။ “ရေစက်ချလို့ပြီးပါပြီ”ဆိုတဲ့သီချင်း နောက်ခံနဲ့အတူ တစ်တော့၊ ယူကျူ့တို့ကနေ လူထုကို ပျော်ရွှင်အောင် အသုံးတော်ခံပေးနေသူကြီးလည်းဖြစ်ပါတယ်။
နောက်ရှိသေးတာက ဥက္ကဋ္ဌတို့၊ ဝန်ကြီးချုပ်တို့ဆိုတဲ့ရာထူးတွေ သူ့ဖာသူပြန်ပေးတာ၊ ဆင်မည်းကို ဆင်ဖြူလုပ်တာ၊ ဗိုလ်ရှုခံတာ၊ မြန်မာ့စီးပွားရေး ဦးမော့လာပြီလို့ပြောဆိုတာ၊ ပုဒ်မ ၄၁၉ အရလို့ဆိုတာတွေကြောင့် ကိုရင်တို့ လူထု လူတန်းစားအလွှာအသီးသီးဟာ မပြုံးဘဲ ဝါးလုံးကွဲရယ်စေတာတွေဟာ သူ့ရဲ့ ပြောင်မြောက်လှတဲ့ ဟာသပညာ အစွမ်းတွေပဲဖြစ်ပါတယ်။
ဟော…အခုလည်း လာပြန်ချေပြီ နောက်တမျိုး။ ဘယ်သူကမှ မပေး။ ဘယ်သူကမှ မတင်မြှောက်ပါဘဲ သူ့ကိုယ်သူ တင်မြှောက်လိုက်တာက သမ္မတကြီးဆိုပဲ။ ဒါကို ကြားသိပြီးနောက် ကိုရင်တို့ လူထုလူတန်းစားအလွှာအသီးသီး ဟာဆိုရင် အူတက်မတတ်ကို ရယ်သွမ်းသွေးခဲ့ကြရတာပေါ့။ ဒီလောက်ပြောင်မြောက် လှတဲ့ဟာသ ဘယ်မှာရှာလို့ ရမှာလဲ။ ဒီဟာသမျိုး ဘယ်လောက်ပညာရည်ပြည့်ဝပါတယ်ဆိုတဲ့ လူရွှင်တော်ကြီးတွေဆီကတောင် မထွက်ပါဘူး။ ဒါကြောင့်ပြောတာ လာမယ့်နှစ်ဟာသဆုပေးမယ်ဆိုရင် စီစဉ်သူတွေကိုပြောချင်တာက ခင်ဗျားတို့ရဲ့ အဘကာချုပ် ကြီးနဲ့အတူ ဇော်မဲလုံးအပါ စစ်လော်ဘီတအုပ်ကို ဆုစာရင်းထဲ မပါမဖြစ်ပါအောင် ဦးစားပေးထည့်ပေးကြဖို့ပါ။
အဲဒီထဲကမှ ပါးစပ်လှုပ်ရင်ဟာသဖြစ်၊ လက်လှုပ်ရင်ဟာသဖြစ်၊ ခြေလှုပ်ရင် ဟာသဖြစ်၊ ဘာလှုပ်လှုပ်ဟာသဖြစ်နေ တဲ့ ဟာသအရာမှာ တဖက်ကမ်းခပ်တဲ့ အဘကာချုပ်ကြီးမအလကိုတော့ တသက်တာဟာသဘုရင်ဆုကို ချီးမြှင့် ပေးလိုက်ကြဖို့ တောင်းဆိုချင်တာပါပဲ။ သူနဲ့လည်း တကယ်ထိုက်တန်တာမို့အကြံပြုရတာပါ။