အာဆီယံကို ပြင်ပ အင်အားစုတွေရဲ့ လွှမ်းမိုးဖို့ အားထုတ်မှုတွေကို တွန်းလှန်မယ်လို့ တရုတ်နဲ့ ရုရှားကြေညာ

 

ဇူလိုင် ၊ ၂၇

အရှေ့တောင်အာရှ ဒေသတွင်းမှာ ပြင်ပ ဩဇာ လွှမ်းမိုးဖို့ အားထုတ်မှုတွေကို ပူးပေါင်း တွန်းလှန်သွားမယ်လို့ တရုတ်နဲ့ ရုရှားတို့က ပူးတွဲ ကြေညာခဲ့ပါတယ်။

အာဆီယံ ရပ်ဝန်းရဲ့ ပြင်ပကနေ စိမ့်ဝင်လာတဲ့ ပြင်ပ ဩဇာလွှမ်းမိုးမှုတွေကို နှစ်နိုင်ငံ ပူးပေါင်းပြီး ရင်ဆိုင် တွန်းလှန်ဖို့ ကတိပြုခဲ့ကြောင်း တရုတ်နဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးတွေက ပြောပါတယ်။

အာဆီယံ ဝန်ကြီးများအဆင့် အစည်းအဝေး တက်ရောက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က လာအိုနိုင်ငံဆီ ရောက်မလာခင် ဇူလိုင် ၂၆ ရက်နေ့မှာ သူတို့နှစ်ဦးက အခုလို ပူးတွဲ ထုတ်ပြန်ခဲ့တာပါ။ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်နဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိတို့ဟာ အဲဒီနေ့မှာ အာဆီယံ အစုအဖွဲ့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် ဝမ်ဟာ အာဆီယံ ဝန်ကြီးအစည်းအဝေးကို ရောက်နေတဲ့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးသစ် ဒေးဗစ် လမ်မီနဲ့လည်း သီးခြား ဆွေးနွေးခဲ့ပါတယ်။

ဝမ်က သူနဲ့ လက်ဗ်ရော့ဗ်တို့ဟာ ဒေသပြင်ပက ဩဇာလွှမ်းမိုးဖို့ ကြံစည်နေတဲ့ အင်အားစုတွေဟာ အာဆီယံအပေါ် ပစ်မှတ်ထားနေမှန်း နားလည်ထားကြပြီး ဒီအခြေအနေကို ပူးပေါင်းတားဆီးဖို့ ခိုင်ခိုင်မာမာ စိတ်ပိုင်းဖြတ်ထားကြကြောင်း ပြောပါတယ်။

ဝမ်နဲ့ လက်ဗ်ရော့ဗ်တို့ဟာ ပူးတွဲထုတ်ပြန်ချက်မှာ ပြင်ပအင်အားစုတွေ ဆိုတာကို တိုက်ရိုက် နိုင်ငံနာမည် မတပ်ပေမယ့် အမေရိကန်နဲ့ အနောက်မဟာမိတ်တွေကို ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ယူကရိန်း စစ်ပွဲကာလတလျှောက် ရုရှားဟာ တရုတ်နဲ့ ဆက်ဆံရေးကို သိသိသာသာ တိုးမြှင့်လာခဲ့ပြီး NATO စစ်မဟာမိတ် အဖွဲ့ကတော့ တရုတ်က ရုရှားရဲ့ ကျူးကျော်စစ်ကို သွယ်ဝိုက်တဲ့ နည်းလမ်းတွေနဲ့ အားပေးအားမြှောက် လုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။

Ref: CAN