တနင်္သာရီနဲ့မွန်က တာဝန်ခံသူမရှိတဲ့ မှားယွင်းပစ်ခတ်မှုများ

ဇူလိုင်၊ ၂၆

ကားအင်ဂျင်စက်သံနဲ့ လေခွင်းသံကလွဲလို့ တိတ်ဆိတ်နေတဲ့ ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှာ ညအချိန်တရိပ်ရိပ်ပြေးနေတဲ့ ခရီးသည်တင် ယာဉ်ပေါ် ငိုက်မြည်းရင်း လိုက်ပါလာတဲ့ မခက်မာ တယောက် သိမ့်ခနဲတုန်ခါသွားမှုနဲ့အတူ ပေါက်ကွဲသံတွေ၊ ဆူဆူညံညံပစ်ခတ် သံတွေကြောင့် အထိတ်တလန့်နိုးထလာရပါတယ်။

“အုန်း”ခနဲ ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့အတူ နောက်ဆက်တွဲထွက်ပေါ်လာတဲ့အဆက်မပြတ်ပစ်ခတ်သံတွေဟာ ဒီလိုအခြေအနေမကြုံဖူးတဲ့ သူ့လို အသက် နှစ်ဆယ်ဝန်းကျင်အရွယ် ဧရာဝတီတိုင်းသူတဦးအဖို့ ကမ္ဘာပျက်နေသလိုပါ။

“အော်တဲ့သူက အော်၊ ငိုတဲ့သူက ငို၊ ပတ်ဝန်းကျင်ကို လှမ်းကြည့်တော့ ကိုယ့်ဆီ(ကားဆီ)ကို ဝိုင်းပစ်နေကြတာ၊ ပစ်.. ပစ်.. ပစ်..တဲ့၊ ဘေးနားက တယောက်က လှမ်းပြောတော့ နင့်ထိထားတာ သွေးထွက်နေတာ အဲဒါမှ တခုခု စိုက်ဝင်နေတာ သိရတာ” လို့ မခက်မာ(အမည်လွဲ)က သူကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောပါတယ်။

မခက်မာတယောက် အခုနှစ် ဧပြီလအတွင်းက အဝေးပြေးလိုင်းကားစီးပြီးမော်လမြိုင်မြို့ကို အလုပ်ကိစ္စနဲ့ သွားရောက်ချိန် ဒီအဖြစ်တွေကို ကြုံခဲ့ရတာပါ။

ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမမှာ သူစီးလာတဲ့ ခရီးသည်တင်ယာဉ်ကို လက်နက်ကိုင်အဖွဲ့တခုက မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီယာဉ်ပေါ်မှာ  ယာဉ်မောင်းတဦး၊ ယာဉ်နောက်လိုက်နှစ်ဦးနဲ့ ခရီးသည်အမျိုးသား ၂၈ ဦးနဲ့ အမျိုးသမီး ၁၇ ဦးလိုက်ပါခဲ့ပါတယ်။

ဖောက်ခွဲမှုနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သူတို့ကားပေါ်က ယာဉ်နောက်လိုက်တဦးယာဉ်နောက်တဦး လည်ပင်ကျည်ဖောက်ထွင်းဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပြီး အမျိုးသမီးနှစ်ဦးနဲ့အမျိုးသားနှစ်ဦးကတော့ ကျည်ထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

မခက်မာကတော့ ဒဏ်ရာရသူတွေထဲကတဦးဖြစ်ပါတယ်။ခါးမှာ ကျည်စိုက်ဝင်သွားပေမယ့် အချိန်မီအရေးပေါ်ခွဲစိတ်ကုသမှု ရယူနိင်ခဲ့တာကြောင့် အသက်ဘေးကလွတ်မြောက်ခဲ့တာလို့ သူကဆိုပါတယ်။

“သွေးတွေ အများကြီးထွက်တော့ မျက်လုံးက မှုန်ဝါးဝါးဖြစ်လာတယ်၊ အဲဒီအချိန်က သေပြီလို့ ထင်တာ” လို့ မခက်မာက ပြောပါတယ်။

သူလိုက်ပါလာတဲ့ကားကို ဘယ်အဖွဲ့က တိုက်ခိုက်ခဲ့သလဲဆိုတာကိုတော့ မခက်မာအနေနဲ့ တိတိကျကျ မသိခဲ့ရပါဘူး။ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီးမှာ ၂၀၂၁ခုနှစ်နောက်ပိုင်းကတည်းကအခုလို ပစ်ခတ်တိုက်ခိုက်မှုတွေမကြာမကြာ ဖြစ်ခဲ့တယ်ဆိုတာကိုလည်း ကိုယ်တိုင်မကြုံရခင်က သူမသိပါဘူး။

ဘီးလင်းဒေသခံတွေကတော့ ရွှေရောင်ပြကျေးရွာအနီးတဝိုက်ဒေသတွေဟာ စစ်ကောင်စီတပ်တွေရော တော်လှန်ရေးတပ်တွေပါ လှုပ်ရှားမှုလုပ်တတ်ကြတဲ့နေရာလို့ DNAကိုပြောပါတယ်။

တခါမဟုတ်တော့ဘူးလေ ဒီတဝိုက်ပစ်ခံနေရတာ၊ တခါတလေတိုက်ပွဲဖြစ်နေရင်းနဲ့ ကားတွေ ပစ်ခံရတာတောင် ရှိတာ” လို့ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာမှာ နေထိုင်တဲ့ အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ရွှေရောင်ပြကျေးရွာဟာ ဘီးလင်းမြို့ရဲ့တောင်ဘက် ခြောက်မိုင်ကျော်အကွာလောက်မှာရှိပါတယ်။ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာတော့ လူသိများတဲ့ ကျုံအိတ်တံတားရှိနေတာပါ။

မခက်မာလိုက်ပါခဲ့တဲ့ ခရီးသည်တင်ယာဉ် တိုက်ခိုက်ခံရပြီးနောက် နှစ်လလောက်အကြာဇွန်လအတွင်း ကျုံအိတ် တံတား မိုင်းခွဲဖျက်ဆီးခံရသလို အဲ့ဒီအခြေအနေလာစစ်ဆေးတဲ့ စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတွေ ဒရုန်းနဲ့ဗုံး ထပ်ကြဲ ခံရလို့ သေဆုံး ထိခိုက်မှုတွေရှိခဲ့ပါသေးတယ်။

အရပ်သားကားတွေ တိုက်ခိုက်ခံရမှုဖြစ်စဉ်များ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းမှာ အရပ်သားကားတွေ၊ ခရီးသည်တင်ယာဉ်တွေ၊ အိမ်စီးကားတွေ၊ ကုန်တင်ယာဉ်တွေနဲ့ လူမှုကူညီရေးအသင်းကားတွေ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေ ခပ်စိပ်စိပ် ဖြစ်ပွား လာခဲ့ပါတယ်။

ပစ်ခတ်ခံရတဲ့ဖြစ်စဉ်အများစုမှာ ခရီးသွားပြည်သူတွေ၊ ယာဉ်မောင်းနှင်သူတွေ သေဆုံးတာတွေ ရှိနေသလို တချို့ဆို ဒဏ်ရာပြင်းထန်တာကြောင့် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းဖြတ်တောက်လိုက်ရတဲ့သူတွေ ရှိနေပါတယ်။

အာဏာသိမ်းကာလ သုံးနှစ်ခွဲကာလအတွင်း မွန်ပြည်နယ်မှာ အရပ်သားကား ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ် ၁၇ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး တနင်္ဿာရီတိုင်းမှာ အနည်းဆုံး ၁၆ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

ဒါဟာ Delta News Agency သတင်းဌာန၊ ဒေသတွင်းသတင်းဌာနနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်နဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်အပေါ် အခြေခံကောက်ယူထားတာဖြစ်ပြီး မြေပြင်မှာ ဒီထက်များပြားနိုင်ပါတယ်။

မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေဟာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဘက်က မှားယွင်းပစ်ခတ်ခဲ့တာမျိုး ရှိနေသလို စစ်ကောင်စီဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့တာ ရှိနေတာကို ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေဟာ များသောအားဖြင့် ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမပေါ်နဲ့ တနင်္သာရီတိုင်း အဝေးပြေး လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ည ၈ နာရီနဲ့ ၁၂ နာရီဝန်းကျင်ကြားမှာ ဆယ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တာပါ။

ကျန်တဲ့ဖြစ်စဉ်တွေက နေ့ခင်းပိုင်းအချိန်တွေမှာ ဖြစ်ပွားခဲ့တာပါ။

“ဖုန်းလာတော့ ကိုင်မလို့ လုပ်နေတုန်း သေနတ်သံက ဒိုင်း၊ ဒိုင်း၊ ဒိုင်း ကြားလိုက်တယ်၊ ဝိုင်းပစ်တာပေါ့၊ အချက်လေးဆယ်၊ ငါးဆယ်အထက်မှာ ရှိတယ်၊ မနက်ပိုင်းပဲ အားလုံးက အရှင်းကြီးဗျာ. ဝိုင်းပစ်ခံရတာ” လို့ အသက် ၃၅ နှစ်အရွယ် ကိုသားကြီးလေးက ပြောပါတယ်။

ကိုသားကြီးလေးဟာ ၂၀၂၄ ခုနှစ် မေလ ၂၁ ရက် နံနက်ပိုင်းက ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာနဲ့ ရေဖြူမြို့နယ်ကြား တံတားအနီးမှာ  သူမောင်းနှင်လာတဲ့ Vigo ကားကို လက်နက်ကိုင်အဖွဲ့တခု လမ်းမှာ မှားယွင်းပစ်ခတ်တိုက်ခိုက်တာ ခံခဲ့ရပါ တယ်။

ကားစတင်ပစ်ခတ်ခံလိုက်ရတဲ့အချိန်မှာ တိုက်ပွဲအကြားရောက်ရှိနေတာလို့ ကိုသားကြီးလေးက ထင်နေခဲ့တာပါ။

ဒါပေမယ့် ရုတ်တရက် အပြင်ကို လှမ်းကြည့်လိုက်တဲ့အချိန် လက်နက်ကိုင်ထားတဲ့ လူနှစ်ဆယ်နီးပါးက ကိုသားကြီးလေးရဲ့ Vigo ကားကို ဝိုင်းပစ်ခတ်နေကြတာကို တွေ့မြင်လိုက်ရတယ်လို့ သူက ဆိုပါတယ်။

“မှားနေပြီ၊မှားနေပြီ၊လှမ်းအော်ပြောတာပေါ့၊ လက်လဲ မထုတ်ရဲဘူး၊ သေနတ်နဲ့ ပြန်ပစ်တယ်ထင်မှာစိုးလို့ပေါ့၊ မရပ်ဘူးဆိုတော့ လက်ထုတ်ပြတော့မှ သေနတ်သံက ရပ်သွားတာ” လို့ ကား ဝိုင်းပစ်ခံရတဲ့အခြေအနေကို ပြန်ပြောပါတယ်။

သေနတ်ပစ်ခတ်ခံရမှုကြောင့် အတူပါလာတဲ့ အမျိုးသားနှစ်ဦး တစုံတရာ ထိခိုက်တာမျိုး မရှိပေမယ့် ကိုသားကြီးလေး ကျောမှာ ကျည်ဖောက်ဝင်ဒဏ်ရာတချက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူရဲ့ ကားတစီးလုံးက အချက်ငါးဆယ်နဲ့ခြောက်ဆယ်အကြား ပစ်ခတ်ခံခဲ့ရလို့ ကျည်ဖောက်ဝင်ဒဏ်ရာ ဒဏ်ချက်ဗလပွ ဖြစ်ခဲ့ပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို သိနေပေမယ့် သူ့ရဲ့ လုံခြုံရေးအခြေအနေအရ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

“မှားစရာလား၊ ဒီလောက်တောင် စိစစ်မှု ညံ့ဖျင်းရသလား” ဆိုပြီး အဲဒီဖြစ်စဉ်ကို စဉ်းစားမိလိုက်တိုင်း  စိတ်ထဲမှာ အကြိမ်ကြိမ်ပြောနေမိတယ်လို့လည်း ကိုသားကြီးလေးက ဆိုပါတယ်။

လက်ရှိ ကိုသားကြီးလေးက အသက်အန္တရာယ်ကနေ ကင်းလွတ်သွားပေမယ့် ခန္ဓာကိုယ်ထဲ စိုက်ဝင်နေတဲ့ ကျည်ဆံတတောင့်ကို ခွဲထုတ်ရမှာလား၊ ချန်ထားခဲ့ရမလားကို မဆုံးဖြတ်ရသေးပါဘူး။

 “ခွဲစိတ်မှု လုပ်လိုက်တော့မှ တခုခုဖြစ်သွားမလား၊ အဲဒီလိုမျိုးတော့ စိုးရိမ်နေတာပေါ့၊ လက်ရှိက အကောင်းအတိုင်းပဲ ရှိနေသေး တာဆိုတော့ ဘာမှ မဆုံးဖြတ်ရသေးဘူးပေါ့။ခုဆိုသွားလာရင် အများကြီး သတိထားနေရတာ၊  အဲဒီနေရာကို ရောက်ရင် ကျွန်တော့်မှာ အသက်ရှုဖို့တောင် ကြပ်တယ်၊ စိတ်ထဲကနေ အလိုလို ကြောက်လန့်နေတာပေါ့” လို့ ကိုသားကြီးလေးက ပြောပါတယ်။

သစ်သီးရောင်းဝယ်ရေးကုန်သည်တဦးအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ ကိုသားကြီးလေးက အခုချိန်မှာ ကျန်းမာရေး အနည်းငယ်ကောင်းမွန်လာပြီး ဒူးရင်းပင်စိုက်ပျိုးရေးနည်းလမ်းတွေကို အရင်ကအတိုင်း Facebook ကနေတဆင့် ပြန်လည် မျှဝေပေးနေပါပြီး။

ဒီလိုဖြစ်စဉ်တွေက တနင်္သာရီတိုင်းမှာ မကြာခဏဖြစ်ပွားလေ့ရှိနေပြီး အာဏာသိမ်းပြီးနောက် သုံးနှစ်ခွဲအတွင်း ၂၀၂၂ ခုနှစ်မှာ ၅ ကြိမ်၊ ၂၀၂၃ ခုနှစ်မှာ ၉ ကြိမ်၊ ၂၀၂၄ ခုနှစ်မှာ ၁ ကြိမ် စုစုပေါင်း ၁၅ ကြိမ် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာပါ။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၆ ဦးသေဆုံးခဲ့ပြီး အမျိုးသားအမျိုးသမီး စုစုပေါင်း ၄၈ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ သံဃာတော် ၂ ပါးနဲ့ ဆယ်နှစ်အောက် ကလေးငယ် ၂ ဦး ပါဝင်ပြီး ဒဏ်ရာရသူတွေထဲမှာ သံဃာတော် ၂ ပါး ပါဝင်တယ်လို့ ကောက်ယူထားတဲ့အချက်အလက်တွေအရ သိရပါတယ်။

ဘယ်သူတွေတိုက်ခိုက်နေတာလဲ

အရပ်သားကားတွေမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေဟာ ရန်ကုန်-မော်လမြိုင်-ရေးကားလမ်းကြီးပေါ်နဲ့ မော်လမြိုင်-ထားဝယ်-တနင်္သာရီအဝေးပြေး ကားလမ်းတွေပေါ်မှာ ဖြစ်လေ့ရှိတာပါ။

အဲဒီနယ်မြေဟာ မွန်မှာဆိုရင် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ ၁ နဲ့ ဒူးပလာယာခရိုင် တပ်မဟာ ၆ ထဲပါဝင်ပြီး တနင်္သာရီတိုင်းမှာဆိုရင် ကေအဲန်ယူ – တပ်မဟာ ၄ ထိန်းချုပ်နယ်မြေထဲပါဝင်ပါတယ်။

အဲဒီလမ်းပိုင်းရဲ့ နေရာအများစုကို ကေအဲန်ယူလက်အောက်မှာ လှုပ်ရှားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG လက်အောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ Local PDF နဲ့ တခြားလက်နက်ကိုင်တပ်ဖွဲ့တွေ လှုပ်ရှားကြတဲ့ နေရာဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်ကောင်စီတပ်က အဲဒီလမ်းပိုင်းကို အသုံးပြုပြီး မြန်မာပြည်တောင်ပိုင်းဖြစ်တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသကြီးအတွက် တပ်ဖွဲ့ဝင်အင်အားပို့ဆောင်တာ၊ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်း ပို့ဆောင်တာတွေကို အဓိက လုပ်ဆောင်နေတာဖြစ်ပြီး တခါတရံ အရပ်သားကားတွေ ချောဆွဲ အသုံးပြုတာမျိုးတွေ ရှိနေပါတယ်။

ဒီလိုအခြေအနေတွေကြောင့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေက အဲဒီလမ်းပိုင်းမှာ စောင့်ကြိုကာ မိုင်းဆွဲတာ၊ ခြုံခိုပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါကြောင့် တခါတရံမှာ အရပ်သားတွေ စီးနင်းလာတဲ့ကားတွေကို မှားယွင်းပစ်ခတ်ခဲ့တာမျိုး ရှိခဲ့တယ်လို့ DNA က ဆက်သွယ်ရရှိခဲ့တဲ့ အမည်မဖော်လိုတဲ့ မွန်ပြည်နယ်မှ တော်လှန်ရေးတပ်ဖွဲ့တခုမှ အမည်မဖော်လိုတဲ့ ရဲဘော်တဦးက ပြောပါ တယ်။

“သတင်းအရ စောင့်ကြိုတိုက်ခိုက်တာပေါ့၊ ပစ်ပြီးမှ အရပ်သားတွေ လိုက်ပါလာတဲ့ကားမှန်း သိရတာမျိုး ရှိတာပေါ့” လို့ စစ်ရေးဖော်ဆောင်ချိန်မှာ သူကြုံခဲ့ရတဲ့ အခြေအနေကို ပြန်ပြောပါတယ်။

တချို့ဖြစ်စဉ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အရပ်သားလိုက်ပါစီးနင်းလာတဲ့ ကားတွေနဲ့ ရောနှောပြီး လိုက်ပါလာတာမျိုး ရှိနေတာကြောင့် တချို့စစ်ဆင်ရေးတွေ ဖျက်သိမ်းလိုက်ရတာမျိုး ရှိနေသလို တချို့အခြေအနေတွေက လက်လွန်သွားတာမျိုး လည်း ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အရပ်သားကားတွေ လိုက်ပါလာတဲ့ကားတွေကို ကိုယ်တိုင်ကျူးလွန်ခဲ့မိလို့ မှားယွင်းလုပ်ဆောင်ခဲ့တာကို ကြေညာချက် ထုတ်ပြန်တောင်းပန်တဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့လောက်သာ ရှိနေတာကို ကောက်ယူထားတဲ့ အချက်အလက် တွေအရ သိရပါတယ်။

တချို့အဖွဲ့အစည်းတွေက ကြေညာချက်ထုတ်ပြန်တာမျိုး မရှိပေမယ့် မီဒီယာတွေကနေတဆင့် အတည်ပြုဖြေကြားပေးတာမျိုး ရှိပါတယ်။

ကိုယ်တိုင်ပစ်ခတ်မှုနဲ့ ကြုံတွေ့ခဲ့ရသူတွေက ပစ်ခတ်သူတွေဟာ တော်လှန်ရေးအင်အားစုတွေလို့ DNA ကိုအချက်အလက်နဲ့တကွ ထုတ်ဖော်ပြောဆိုကြတာမျိုးတွေလည်းရှိပါတယ်။

ဒါပေမယ့် ကျူးလွန်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေကို မေးမြန်းတဲ့အခါမှာ  သူတို့လုပ်ဆောင်ခဲ့တာ မဟုတ်ကြောင်း DNA ကို တုံ့ပြန်ပြောဆိုကြပါတယ်။

ဒါပေမယ့် အထက်ပါ လမ်းပိုင်းတွေပေါ်က ပစ်ခတ်တိုက်ခိုက်မှုအားလုံးဟာ တော်လှန်ရေး အင်အားစုတွေလက် ချက်သာဖြစ် တယ်လို့ ပြောလို့ရတဲ့အခြေအနေလည်းရှိမနေပြန်ပါဘူး။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုနဲ့ ကြုံကြရ တာမျိုးတွေလည်းရှိနေပါတယ်။

အဲဒီလမ်းပိုင်းတွေမှာ တော်လှန်ရေးအင်အားစုတွေဘက်က လှုပ်ရှားသွားလာ မှုရှိတယ်ဆိုပြီး စစ်ကောင်စီကကင်းပုန်းဝပ်ပြီး အရပ်သားကားတွေကို မှားယွင်းပစ်ခတ်တိုက်ခိုက်တဲ့ ဖြစ်စဉ်မျိုးတွေလည်း ရှိနေတယ်လို့ ဒီအခြေအနေကိုသိတဲ့ ဒေသခံတွေနဲ့ လူမှုကူညီရေး လုပ်နေသူတွေကပြောကြပါတယ်။

ဒါပေမယ့် စစ်ကောင်စီကလည်း သူတို့ လက်ချက်နဲ့ အရပ်သားတွေထိခိုက်မှုရှိတယ်ဆိုရင်တောင်အမှန်အတိုင်း တာဝန်ယူထုတ် ပြန်တာမျိုးမရှိပါဘူး။ဖြစ်စဉ်အများစုဟာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ သူ့လက်ချက်၊ကိုယ့်လက်ချက် လို့ အပြန်အလှန် စွပ်စွဲထုတ်ပြန်ကြတာမျိုးနဲ့ပဲ အဆုံးသတ်ရတာပါ။

ဒါကြောင့် လက်နက်ကိုင်ပဋိက္ခတွေနဲ့ မသက်ဆိုင်ဘဲ သွားရင်း၊လာရင်း ထိခိုက်၊သေဆုံးခဲ့ရသူအများစုဟာ တာဝန်ယူ၊တာဝန်ခံမှု မရကြပါဘူး။

ဒီအခြေအနေတွေကြောင့် ခရီးသွားလာသူတွေ အရင်ကထက် လျော့ကျလာသလို ခရီးသည်တင်ယာဉ် လိုင်းတွေလည်းရပ်နားကြတာကြောင့် ယာဉ်လိုင်းတွေလျော့ကျလာတယ်လို့ ကျိုက်ထို-မော်လမြိုင် ခရီးသည်တင် ယာဉ်လိုင်းပြေးဆွဲနေသူတဦးက ပြောပါတယ်။

“သထုံလမ်းပိုင်းက ဆိုးတယ်ဗျ၊ လူတွေ တော်ရုံမလိုအပ်ပဲ မသွားကြတော့ဘူး၊ ကျွန်တော်တို့တောင် စားဝမ်းနေရေးအတွက်သာ ဆက်လုပ်နေရတာ၊ ခရီးသည်တွေက သိပ်မရှိကြဘူး၊ ဆေးခန်းပြတာတို့ မဖြစ်မနေကိစ္စတွေလောက်ပဲ သွားလာကြတာ ရှိတော့တာလေ၊ တချို့နေရာဆို လမ်းမှာ လူတောင် မရှိဘူး” လို့ သူကပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်ကာလမှာ နိုင်ငံအတွင်းက မြို့နယ်ပေါင်း ၃၃၀ အနက် မြို့နယ် ၂၂၀ ကျော်က တိုက်ပွဲ ပြင်းထန်နေပြီး လမ်းပိုင်းပိတ်တာ၊ မတည်ငြိမ်တာတွေနဲ့ ကန့်သတ်နယ်မြေလိုဖြစ်လာတာတွေ ရှိလာတယ်လို့  မြန်မာအရေး လေ့လာ သုတေသနပြုစုနေတဲ့ ISP-Myanmar က ၂၀၂၃ ခုနှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ပဲ ခရီးသွားလာတာ ရှောင်ကြဉ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေး တိုက်တွန်းတာမျိုးတွေလည်းရှိနေပါတယ်။

“ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်နေတာမဟုတ်ဘူး၊ ပြောတယ်၊ မလာနဲ့ ဒီလမ်းပိုင်းလာတယ်၊ ဖြစ်သွားတော့ ပြည်သူပဲ ခံရတာ စစ်ဖြစ်နေတာလေ” လို့ မွန်ပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ရေးတင်းမာနေတဲ့ မြို့နယ်တွေမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေက အခါအားလျော်စွာ အချိန်ကန့်သတ်ပြီး ဖြတ်သန်းသွားလာမှုမလုပ်ဖို့ ထုတ်ပြန်အသိပေးကြတာမျိုးတွေလည်းရှိပါတယ်။

အရေးပေါ်ကိစ္စနဲ့ မဖြစ်မနေသွားလာရမယ်ဆိုရင် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းတွေဆီ အကြောင်းကြားဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးကြပေမယ့် အဲ့ဒါဟာလည်း မလွယ်ကူတဲ့ ကိစ္စလို့ရှုမြင်ကြသူတွေရှိပါတယ်။

“လမ်းတွေမှာ တောက်လျှောက်စစ်နေကြတာ၊ လမ်းမှာ စစ်ရင်းနဲ့ အဲဒါသူတို့(PDF)နဲ့ ဆက်သွယ်ထားတာ တွေ့တာနဲ့ နှစ်ရှည်ထောင် ချခံရမှာလေ၊ မဖြစ်နိုင်ဘူး” လို့ တော်လှန်ရေးအင်အားစုတွေထံ ဆက်သွယ်အကြောင်းကြားပြီးမှ သွားလာကြဖို့ ပြောဆိုမှုအပေါ်  မွန်ပြည်နယ်အခြေစိုက် လူမှုကူညီရေးအသင်းတခုက ဦးဌေးဝင်း (အမည်လွဲ) က ပြောပါတယ်။

ဦးဌေးဝင်းကိုယ်တိုင်လည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း အသင်းကားနဲ့အတူ အရေးပေါ်လူနာကို ရန်ကုန်လိုက်ပို့ရင်း ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ စောင့်ကြိုတိုက်ခိုက်ခံရတာမျိုးကြုံခဲ့ဖူးပါတယ်။

တဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေ နယ်မြေထိန်းချုပ်မှုရှိတဲ့ လမ်းပိုင်းကနေ ဖြတ်သန်းသွားလာကြတဲ့ လူမှုကူညီရေး အသင်းအဖွဲ့တချို့ တော်လှန်ရေးအင်အားစုတွေကို အဆက်အသွယ်လုပ်ပြီးသွားတယ်လို့ စွပ်စွဲကာ စစ်ကောင်စီရဲ့ ဖမ်းဆီး စစ်ဆေးမေးမြန်းခြင်းခံရတဲ့ လူမှုကူညီရေးအသင်းဝင်တွေလည်း ရှိနေပါတယ်။

အနီးစပ်ဆုံးဖြစ်စဉ်တခုကတော့ ရေးမြို့နယ် လမိုင်းမြို့အခြေစိုက် လမိုင်းလူငယ်ပရဟိတအဖွဲ့ဥက္ကဌ၊ အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင်ငါးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက အခုနှစ် မေလ ၂၉ ရက်မှာဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင်  ကျိုက်ထိုမြို့နယ် ကော့စံနိုင်လူမှုကူညီရေးအသင်းဝင် ရှစ်ဦးလောက်ကိုလည်း ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့တွေကို ကူညီထောက်ပံ့တယ်ဆိုပြီး ဇွန်လ ဒုတိယပတ်အတွင်း ဖမ်းဆီးခဲ့ပါတယ်။

လမိုင်းအခြေစိုက်လူမှုကူညီရေးအသင်းဝင်တွေကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပေမယ့် ကော့စံနိုင်လူမှုကူညီရေးအသင်းဝင် အများစုကိုတော့ အကြမ်းဖက်ပုဒ်မတွေနဲ့ အမှုဖွင့်အရေးလိုက်တယ်လို့ နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဒီအခြေအနေတွေကိုကြည့်ခြင်းအားဖြင့် နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်၊ဖမ်းဆီးမှုတွေကြား ကနေ အန္တရာယ်ရှိရှိနဲ့ ပရဟိတလုပ်ငန်းတွေကို လုပ်နေရတယ်လို့ လူမှုကူညီရေး လုပ်ငန်းလုပ်သူတွေက ညည်းတွားကြပါတယ်။

“အသက်ကို ဖက်နဲ့ထုပ်ထားသလိုပဲ၊ နေရာတိုင်း အချိန်တိုင်း လူတိုင်းကို ကြောက်နေရတာ” လို့ ဦးဌေးဝင်းက ပြောပါတယ်။

ဒီလိုမယုံသင်္ကာဖမ်းဆီးမှုနဲ့ ပစ်ခတ်ခံရမှုတွေကြောင့် ဦးဌေးဝင်းတို့ လူမှုကူညီရေးအသင်းဟာ တိုက်ပွဲအကြား ထိခိုက် ဒဏ်ရာရလူနာတွေကို သွားမကောက်တော့ဖို့ ည ၈ နာရီနောက်ပိုင်း လူနာလမ်းကြောင်း မထွက်တော့ဖို့ ဆုံးဖြတ်လိုက်ကြရတယ်လို့ဆိုပါတယ်။

DNA  က ပြုစုထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းသုံးနှစ်ခွဲအတွင်း မွန်ပြည်နယ်မှာ အရပ်သားကား မိုင်းဆွဲတိုက်ခိုက်ခံ ရတဲ့ အကြိမ် ၁၇ ကြိမ်အနက် ၄ ကြိမ်က လူမှုကူညီရေးအသင်းကား  လူနာပို့ဆောင်ချိန်မှာ တိုက်ခိုက်ခံရတာပါ။

မွန်မှာ အရပ်သားစီးနင်းလာတဲ့ကား မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးသေဆုံးကာ အမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ကိုရင်တပါးနဲ့ အသက် ၁၀ နှစ်အောက်ကလေး သုံးဦးပါဝင်တယ်လို့ ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ခရီးသွားပြည်သူတွေနဲ့ လုံခြုံမှု မရှိတော့သလို လူမှုကူညီရေးအသင်းတွေက လည်း လုံခြုံမှုကင်းမဲ့နေကာ အသက်အန္တရာယ်ကြားကနေ ကယ်ဆယ်ရေးလုပ်ငန်းကို ဆောင်ရွက်နေကြရတာပါ။

ဒါ့အပြင် မိုင်းဆွဲတိုက်ခိုက်ခံရတာ၊ ဖမ်းဆီးခံရတာနဲ့ သတ်ဖြတ်ခံရတာကြောင့် လူမှုကူညီရေးအသင်းအဖွဲ့ ဖျက်သိမ်းကာ လုပ်ငန်းရပ်နားသွားကြတာ ထက်ဝက်မကရှိနေတယ်လို့ လူမှုကူညီရေးအသင်းတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“သူတို့(လက်နက်ကိုင်များ)စိတ်အထင် လူနာအသက်တွေ ကယ်တင်နေတာလို့ မထင်ဘူးလေ၊ တကယ်တမ်း ဒုက္ခရောက်တာ လူထုတွေပဲ၊ အခုဆို လာခေါ်တယ် မပို့နိုင်လို့ အသက်ဆုံးရှုံးသွားရတဲ့ လူနာတွေတောင် ရှိနေပြီ” လို့ ဦးဌေးဝင်းက ပြောပါတယ်။

ဘယ်လိုအရေးယူမှုတွေရှိနေသလဲ

မှားယွင်းပစ်ခတ်ခိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသွားတဲ့ မိသားစုဝင်တွေက တရားမျှတမှု ရရှိဖို့နဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိစေဖို့ လိုလားနေကြတာပါ။

ဒါပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်က မှားယွင်းပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ခုခံတော်လှန်စစ်အားကောင်း နေချိန်မှာ အပြစ်ပေးအရေးယူတာထက်  တော်လှန်ရေးပြီးဆုံးချိန်မှ အပြစ်ပေးအရေးယူသင့်တဲ့ ယူဆက်ချက်တွေလည်း ရှိနေပါ တယ်။

“သက်သက်ကြီး လုပ်ယူထာတာမျိုး မဟုတ်ဘူးလေ၊ မတော်တဆဖြစ်သွားရင်းနဲ့ ထိခိုက်သွားတာ၊ ဒါကို နောက်ပိုင်းမှ ပြန်လည် ဖြေရှင်းတာမျိုးက ကျွန်တော်တို့အတွက် ပို့သင့်တော်မယ်ထင်တယ်” လို့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက သူ့အမြင်ကို ပြောပါတယ်။

ဒီလိုမျိုး အရေးယူနိုင်ဖို့ မှတ်တမ်းမှတ်ရာတွေ တိတိကျကျပြုစုထားမှာဖြစ်ပြီး ဥပဒေကနေ ကင်းလွတ်ခွင့်မရရှိအောင် သတိထား ကိုင်ကွယ်သွားမယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူလူထုတွေ နေ့စဉ် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများစွာနဲ့ ကြုံတွေ့နေရပြီး ကျူးလွန်တဲ့သူတွေထဲမှာ စစ်ကောင်စီတပ်အပြင် တော်လှန်ရေးအင်အားစုတွေ ကျူးလွန်နေကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့ တွေက ထောက်ပြပြောဆိုထားပါတယ်။

လူထုအပေါ် ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမယ်ဆိုရင် စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်နဲ့ အတူတူပဲ လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG တာဝန်ရှိသူ စောနန္ဒဆူးက ပြောပါတယ်။

ဒါ့အပြင် အခုလို“ပြင်းဒဏ်ကင်းလွတ်ခွင့်ရနေတာက ဒီလိုဖြစ်စဉ်တွေအတွက် ပိုပြီး ဖြစ်လာစေမှာ” လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတွေကို ချိုးဖောက်ရာ ဖြစ်တာကြောင့် လက်နက်ကိုင် အဖွဲ့အစည်းတွေ သေချာဂရုတစိုက်ကိုင်တွယ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ တွေကို လေးစားလိုက်နာကျင့်သုံးရမှာဖြစ်သလို စစ်သည်တော်ကျင့်ဝတ်စည်းကမ်းတွေကို လိုက်နာရမှာ ဖြစ်ပါတယ်။

ကျူးလွန်ခဲ့ပါက တည်ဆဲဥပဒေအများအရ ထိရောက်စွာ အရေးယူခံရမှာ ဖြစ်တယ်လို့ ပြဌာန်းထားပါတယ်။

စစ်သည်တော်တွေအနေနဲ့ စစ်ဘက်ဆိုင်ရာများကိုသာ ဦးတည်တိုက်ခိုက်ရမှာ ဖြစ်ပြီး အရပ်သားသားပြည်သူများကို ခြိမ်းခြောက် တာ၊ ပစ်မှတ်ထားတိုက်ခိုက်ခြင်း မပြုကြဖို့နဲ့ လူနာတင်ယာဉ်၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသောနေရာ၊ ရှေးဦးသူနာပြုသူများ နဲ့ ကျန်းမာရေးစောင့်ရှောက်ကုသမှုပေးသူများ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုရဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ NUG အစိုးရလက်အောက်ခံတပ်ဖွဲ့ဝင်တွေထဲ ပြစ်မှုကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးအရေးယူမှုတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါ့ပေမယ့် အခုလို လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေရတဲ့ကာလမှာ အမှုမှန်ပေါ်ပေါက်ဖို့ ကြန့်ကြာမှု ရှိနိုင်တယ်လို့ ဆိုပါ တယ်။

“တချို့သော မှားယွင်းမှုတွေလည်း ရှိကောင်းရှိနိုင်တယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် မှားယွင်းတာပဲပြောပြော ပြည်သူလူထု အရပ်သားပြည်သူတွေကို ထိခိုက်တယ်ဆိုရင်တော့ ဒါက အရေးယူဆောင်ရွက် ရမယ့်ဟာတွေ ဖြစ်တာပေါ့နော်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

အရပ်သားတွေအပေါ် မှားယွင်းပစ်ခတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး နစ်နာသူတွေဘက်က သက်ဆိုင်ရာကို အချိန်မရွေး တိုင်ကြားနိုင်တယ်လို့ ဆက်ပြောပါတယ်။

ဒါ့အပြင် အရပ်သားတွေထိခိုက်မှု မရှိစေရေးအတွက် NUG အစိုးရလက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို Code of Conduct (CoC)ကို နားလည်အောင် ရှင်းပြထားသလို လိုက်နာဆောင်ရွက်ဖို့ကို စဉ်ဆက်မပျက်မှာကြားနေတယ်လို့ ဆိုပါတယ်။

အခုလို ဖြစ်ရပ်မျိုး မဖြစ်ပွားဖို့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဆောင်ရန်၊ ရှောင်ရန် အသိညာပေး ရေးကိစ္စကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

လူထုသပိတ်လှုပ်ရှားမှုတွေကိုသာ တစိုက်မတ်မတ် လုပ်ဆောင်နေသူတဦးဖြစ်တဲ့ ကိုမင်းလွင်ဦးကတော့ အသွင်ကူးပြောင်းရေး ကာလရောက်မှ အရေးယူမယ်ဆိုတာ မဖြစ်သင့်သလို ဥပဒေနဲ့လည်း ညီညွှတ်မှု မရှိတာကြောင့် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ချက်ချင်းအရေးယူပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

“ဒါက ဥပဒေနဲ့ မညီဘူးလေဗျာ၊ ဥပဒေမှာ အပြစ်ပေးအရေးယူရမယ်ဆိုတာ ရှိနေရဲ့သားနဲ့ နောက်မှ အရေးယူခံရမယ်ဆိုတဲ့ ဟာက ဘယ်ဥပဒေမှာမှ မရှိဘူးဗျ” လို့ သူက ပြောပါတယ်။

တရားသော ခုခံတော်လှန်စစ်ကို ဆင်နွှဲတဲ့အခါမှာ ကိုယ့်ဘက်က အတက်နိုင်ဆုံး ဂုဏ်သိက္ခာအရှိဆုံး ပြည်သူတွေ ထိခိုက်မှု မရှိအောင်လုပ်ဆောင်ဖို့ လိုအပ်သလို အမှားပြုလုပ်မိပါက ကိုယ်တိုင် အရေးယူခံနိုင်တဲ့စိတ်ဓါတ်ရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ရေးဖော်ဆောင်တဲ့အခါ အရပ်သားပစ်မှတ်တွေ ထိခိုက်တာမျိုး မဖြစ်စေဖို့ တိုင်းရင်းသားလက်ကိုင်အဖွဲ့တွေက ထိန်းကျောင်းပြောဆိုမှုတွေ ရှိနေပေမယ့် လေးစားလိုက်နာကျင့်သုံးမှုတွေမှာ အားနည်းချက် ရှိနေတာကို မြင်တွေ့ရတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း အရပ်သားတွေအပေါ် မှားယွင်းပစ်ခတ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့ဟာ သူတို့လှုပ်ရှားရာနယ်မြေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဥပဒေမူဝါဒအတိုင်း အရေးယူခံသွားမယ်လို့ ပြောကြတာ ရှိပါတယ်။

ဒါ့ကြောင့် အရပ်သားကားတွေ မှားယွင်းပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU (ဗဟို)ကို DNA က မေးခွန်းပေးပို့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားပေးခြင်း မရှိသေးပါဘူး။

ကေအဲန်ယူ – သထုံခရိုင်မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီဥက္ကဌ(ဟောင်း) ဦးကျော်မြင့်ကတော့ ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက်ကနေ လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ကေအဲန်ယူရဲ့ မူဝါဒအတိုင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“ကေအဲန်ယူအဖွဲ့အစည်းမှာ ဥပဒေစည်းမျဉ်းစည်းရှိတယ်လေ၊ အဲဒီအတိုင်းပဲ အရေးယူနေတယ်၊ အပြစ်ပေးအရေးယူတဲ့ အပိုင်းက ကေအဲန်ယူရဲ့ တာဝန်သာဖြစ်တယ်” လို့ သူက ပြောပါတယ်။

ဒါပေမယ့် ဘယ်လိုပုံစံနဲ့ အရေးယူနေလဲဆိုတာကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပါဘူး။

လူ့အခွင့်အရေးကြေညာစာတမ်း အချက် ၁၃ မှာ လူတိုင်း မိမိတိုင်းပြည်အတွင်း လွတ်လပ်စွာ သွားလာခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လွတ်လပ်စွာသွားလာခွင့်တွေက ဆိတ်သုန်းပျောက်သွားပြီး လက်ရှိ အသက်အန္တရာယ်ကြားကနေ လှုပ်ရှားသွားလာနေရတာနဲ့ တာဝန်ယူမှု တာဝန်ခံမှု အားနည်းနေတာဟာ အခုဖြစ်စဉ်တွေ သက်သေတခု ဖြစ်နေပါတယ်။

“လူထုကာကွယ်တဲ့သူတွေက လူထုအပေါ် အမှားလုပ်မိတာတောင် တာဝန်မယူနိုင်တာ ရှေ့ဆက် ဘယ်လို ယုံကြည်လို့ရမလဲ၊ ဘယ်သူ့ကို အားကိုးရမှာလဲ၊ လက်နက်ကိုင်ထားတဲ့သူအားလုံးကို ကြောက်နေရတော့မှာလား”လို့ ပစ်ခတ်မှုတွေနဲ့ကြုံခဲ့ရပေမယ့် သေကံမရောက်ခဲ့တဲ့ မခက်မာကမေးခွန်းထုတ်လိုက်ပါတယ်။

ဆောင်းပါးရှင် – နွန်နွန်