ရေကြီးမှုကြောင့် သထုံနဲ့ ဘီးလင်းကြားမှာ ကားတွေ ပိတ်မိနေ

Photo – Social Media

ဇူလိုင်၊ ၂၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့အထွက်မှာ ရေကြီးနေလို့ ဒီကနေ့ ဇူလိုင် ၂၆ ရက်နေ့၊ မနက်ပိုင်းကစပြီး ကုန်တင်ကား တွေအပါအဝင်ခရီးသွားကားအများအပြား သွားမရဘဲ ပိတ်မိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ရေကြီးနေတော့ ကားတွေကို ပေးမသွားဘဲ ခဏပိတ်ထားတာ၊ ရေကျရင်တော့ ပေးသွားမှာပေါ့၊ ရေက တအားထိုး နေတော့ အခုလောလောဆယ် ပိတ်ထားတာ” လို့ သထုံမြို့နယ်၊ မိုးကောင်းရွာခံတဦးက DNA ကိုပြောပါတယ်။

ဘီးလင်းမြို့နဲ့ သထုံမြို့နယ်၊ ဒုံဝန်းရွာကြား မစောတံတား၊ ကျုံအိတ်တံတား တဝိုက်မှာ ကားတွေဖြတ်သန်းသွား လာလို့ မရလောက်အောင်အထိ ရေကြီးနေတာလို့ သိရပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းတာနဲ့ ဘီးလင်းမြစ် ​မြစ်ရေလျှံတက်မှုကြောင့် အခုလို ရေကြီးရေလျှံမှုတွေ ဖြစ်နေတာပါ။ ဒီကနေ့ မနက် ခြောက်နာရီခွဲ တိုင်းတာချက်အရတော့ ဘီးလင်းမြစ်ရေဟာ စိုးရေရိမ်မှတ်ထက် သုံးပေနီးပါး ကျော် လွန်နေပြီး မနေ့ကနဲ့ စာရင် လေးပေနီးပါး မြင့်တက်လာတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူး ဦးစီးဌာန က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နောက်တရက်အတွင်းမှာလည်း ဘီးလင်းမြစ်ရေဟာ နှစ်ပေခွဲလောက် ထပ်မြင့်တက်နိုင်ပြီး စိုးရိမ်ရေ မှတ်အထက်မှာပဲ ဆက်ရှိနေအုံးမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှူး ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိ ဘီးလင်းအထွက်က ကားလမ်းရေကျော်နေတဲ့ နေရာတွေဟာ နှစ်တိုင်းနီးပါး ရေလွှမ်းခံရလေ့ရှိတဲ့ နေရာ တွေဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

“ဘီးလင်းဘက်ကလည်း ဆင်းလာလို့မရ၊ ဒီဘက်ကလည်း တက်လို့မရတာ၊ ကျွန်တော်တို့ရွာနားမှာ ကားတွေ ရပ်ထားတယ်” လို့လည်း မိုးကောင်းရွာခံက ပြောပါတယ်။

အလားတူပဲ ဘီးလင်းမြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်တချို့လည်း ရေနစ်မြုပ်နေလို့ မြို့ခံတွေ ရေဘေးလွတ်ရာ တိမ်း ရှောင်နေရတာတွေလည်း ရှိတယ်လို့သိရပါတယ်။

မိုးလေဝသလေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်ကတော့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ အနောက် ဘက် ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ကုန်းတွင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေ တာ ကြောင့် ရက်ပိုင်းအတွင်း မိုး ဆက်များနိုင်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။

လက်ရှိမှာလည်း မိုးအဆက်မပြတ်ရွာတာနဲ့ မြစ်ရေကြီးမှုတွေကြောင့် ကရင်ပြည်နယ်ထဲက ဘားအံ၊ မြဝတီနဲ့ ဧရာဝတီတိုင်းထဲက နေရာတချို့မှာလည်း ရေကြီးမှုတွေရှိနေပါတယ်။