တော်လှန်ရေးတပ်တွေကို မိုးကုတ်မြို့ခံတွေကြိုဆိုတာဟာ လုပ်ကြံဝါဒဖြန့်တာလို့ စစ်ကောင်စီတုံ့ပြန်၊ မြို့လက်လွှတ်ရခြင်းကိုလည်းဝန်မခံ 

Photo – MAH, စစ်ကောင်စီ

ဇူလိုင်၊ ၂၅

မန္တလေးတိုင်း၊သပိတ်ကျင်းခရိုင်၊ မိုးကုတ်မြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ပြီးနောက်မြို့တွင်းဝင် ရောက် လာချိန်မှာမြို့ခံတွေနဲ့ ကြိုဆိုကြတယ်ဆိုတဲ့ ပုံရိပ်တွေဟာ လုပ်ကြံဝါဒဖြန့်တာလို့အာဏာသိမ်းစစ်ကောင်စီက ပြောဆိုတုံ့ပြန်လိုက်ပါတယ်။

“ဘယ်ပြည်သူကမှသူတို့ရဲ့အသက်အိုးအိမ်စည်းစိမ်ဥစ္စာတွေကိုဖျက်ဆီးတဲ့သူတွေကို သောင်းသောင်းဖျဖျ ကြိုဆို မှာမဟုတ်ပါဘူး။ဒီမှာပါတဲ့လူတွေဟာ အကြမ်းဖက်အဖွဲ့ရဲ့မိသားစုဝင်တွေနဲ့ သစ္စာမဲ့ cdm ဝန်ထမ်းအချို့ကို စု စည်းပြီးတော့ ဝါဒဖြန့်နိုင်ဖို့ လုပ်ကြံရိုက်ကူးထားခြင်းသာဖြစ်ကြောင်းတင်ပြလိုပါတယ်”လို့ စစ်ကောင်စီရဲ့ သတင်း မှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးဇော်မင်းကပြောပါတယ်။

အာဏာသိမ်းကာလတလျှောက် လတ်တလောအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ တုံ့ပြန်ရှင်းလင်းမှု တွေကို ပြန်ကြားရေးဒုဝန်ကြီးလည်းဖြစ်၊သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ ဗိုလ်ချုပ် ဇော်မင်း ထွန်း ရှင်းလင်းလေ့ရှိပေမယ့် မိုးကုတ်နဲ့ လားရှိုးလက်ရှိအခြေအနေတွေကိုတော့ ဗိုလ်မှူးဇော်မင်းဆိုသူကိုရှင်း လင်းစေခဲ့တာပါ။

“သူတို့ရိုက်နေကျ ဇာတ်လမ်းလိုပဲထင်တာနေမှာပေါ့ မျက်လုံးပေါ်မှာ မြင်နေရတဲ့ အပြုံးတွေကို ကြည့်လိုက်လေ ရင်ထဲကလာတဲ့ အပြုံးကို ဟန်လုပ်ပြီး ဓာတ်ပုံထဲရိုက်နိုင်ရအောင် အဲ့ပုံတွေထဲမှာ သရုပ်ဆောင်လုပ်နေတဲ့ မင်းသား မင်းသမီး တစ်ယောက်မှ မပါဘူး”လို့ စစ်ကောင်စီတုံ့ပြန်ချက်အပေါ် မိုးကုတ်ဒေသခံလူငယ်အမျိုးသမီးတဦးက ဝေ ဖန်ပါတယ်။

တော်လှန်ရေးတပ်တွေကို မိုးကုတ်မြို့ခံတွေကို လှိုက်လှိုက်လှဲလှဲကြိုဆိုနေတဲ့ ဓာတ်ပုံနဲ့ ရုပ်သံဖိုင်တွေ မနေ့ညက လုမှုကွန်ရက်မှာ ပျံ့နှံ့ပြီး ပြန်လည်မျှဝေမှုများပြားခဲ့တဲ့နောက် စစ်ကောင်စီက အခုလို တုံ့ပြန်လာတာလည်း ဖြစ်ပါ တယ်။

ဒါပေမယ့် မိုးကုတ်မြို့သိမ်းပိုက်ခံရတဲ့အခြေအနေ ဟုတ်၊မဟုတ်ဆိုတာကိုတော့ ဗိုလ်မှူးဇော်မင်းက ထည့်သွင်း ပြောဆိုခြင်းမရှိပါဘူး။

“စစ်ရေးအခြေအနေတွေအရမိုးကုတ်က လုံခြုံရေးစခန်းအချို့ရွှေ့ပြောင်းပေါင်းစည်းတာတွေကို လုပ်ဆောင်ခဲ့ပါ တယ်”လို့ သူကဆိုပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်နေတဲ့ မိုးကုတ်အရှေ့ပိုင်းဒေသခံ အမျိုးသားတဦးကတော့ စစ်ကောင်စီအနေနဲ့ တိုက်ပွဲ တိုင်းလိုလိုမှာ ရှုံးနိမ့်နေ တာ၊လက်နက်ချအညံ့ခံနေတာကြောင့် သူတို့ကိုထောက်ခံသူတွေစိတ်ဓာတ်ကျမှာစိုးရိမ် တာကြောင့် အခုလို လိမ်ညာတုံ့ပြန်တာလို့ DNAကိုပြောပါတယ်။

“သူတို့ထွက်ရှင်းလိုက်တာကိုက သိမ်းလိုက်နိုင်ပြီဆိုတာကို သူတို့ကိုယ်တိုင် အတည်ပြုပေးလိုက်သလိုပါပဲ” လို့ လည်း သူကဆက်ပြောပါတယ်။

မိုးကုတ်မြို့သိမ်းပိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီကအခုလို တုံ့ပြန်လာပေမယ့် TNLAနဲ့ MDY-PDF တို့ က တော့ မိုးကုတ်မြို့ အနောက်ပိုင်းကို အခုလဆန်းကတည်းက သိမ်းပိုက်ခဲ့ကာ မြို့အရှေ့ပိုင်းကစခန်းတွေကိုလည်း မနေ့က သိမ်းပိုက်နိုင်ခဲ့တာကြောင့် တမြို့လုံးကို အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီလို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

ဒါ့အပြင် ဒီကနေ့ည စစ်ရေးသတင်းထုတ်ပြန်ချက်မှာလည်း မိုးကုတ်မြို့တွင်းမှာ စစ်ဆေးမှုတွေလုပ်နေတဲ့ TNLA တပ်ဖွဲ့ဝင်တချို့ရဲ့ ဓာတ်ပုံတွေကိုဖော်ပြထားပါတယ်။အလားတူ မိုးကုတ်မြို့ကိုသိမ်းပိုက်နိုင်ကြောင်း MDY-PDF တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာလည်း မိုးကုတ်စစ်ဗျူဟာစခန်းရှေ့၊စစ်ဗျူဟာအဖွဲ့ရုံးခန်းအတွင်းနဲ့ မိုးကုတ်မြို့ တွင်း နေရာတချို့က မှတ်တမ်းဓာတ်ပုံတွေကိုပါဖော်ပြထားပါတယ်။

မိုးကုတ်တမြို့လုံးက စစ်ကောင်စီစခန်းတွေသိမ်းပိုက်ခံရပြီး တော်လှန်ရေးတပ်တွေကိုမြို့ခံတွေကြိုဆို နေကြတဲ့ မြင်ကွင်းတွေလူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့နောက် စစ်ကောင်စီထောက်ခံတဲ့ လော်ဘီတွေက မိုးကုတ်မြို့ ကို ဗုံးကြဲ ဖျက်ဆီးဖို့နဲ့ အာဏာသိမ်းမှုဆန့်ကျင်တဲ့ မိုးကုတ်ဒေသခံတွေကိုဖမ်းဆီးဖို့ ခြိမ်းခြောက်လှုံ့ဆော်မှုတွေ လုပ်ခဲ့ကြ ပါတယ်။

အလားတူ နေပြည်တော်မှာ စစ်ရှောင်ရင်း နေထိုင်နေတဲ့ မိုးကုတ်မြို့ခံ လူငယ်အမျိုးသမီးတဦးက သူ့ရဲ့ လူမှုကွန် ရက်မှာ “အောင်သပြေနဲ့ကြိုနေကြတာဝမ်းသာစရာ”လို့ ရေးသားခဲ့တာကြောင့် ဖမ်းဆီးထားတယ်လို့လည်း စစ် ကောင်စီလော်ဘီချန်နယ်တွေကရေးသားဖော်ပြကြပါတယ်။

ဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့ အဲ့ဒီအမျိုးသမီးဟာ ၂၀၁၆ ခုနှစ်က Miss Universe Mogok ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ဖူးသူတဦးဖြစ်တယ်လို့ မိုးကုတ်မြို့ခံတချို့က DNAကိုပြောပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဗိုလ်မှူးဇော်မင်းကတော့ မိုးကုတ်မြို့အခြေအနေဟာ မဟုတ်မှန်ဘူးလို့ ပြောသလို လားရှိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာကျော်လက်နက်ချခဲ့တယ်ဆိုတာနဲ့ ရမခ ဌာနချုပ် သိမ်းပိုက်ခံပြီဆိုတဲ့ ထုတ်ပြန်ပြောဆိုမှုတွေဟာလည်း မမှန်ဘူးလို့ ဆက်ပြောပါတယ်။

“လားရှိုးမြို့အနီးဝန်းကျင်က လုံခြုံရေးစခန်းနေရာအချို့ကို စွန်လွှတ်၊စွန့်ခွာထားရပေမယ့် MNDAAအကြမ်းဖက် သမားတွေကို အဆင့်ဆင့် ခံစစ်ဆင် ချေမှုန်းလျက်ရှိနေပါတယ်”လို့ သူကဆိုပါတယ်။