ဩစတြေးလျမှာ ငါးမန်းကိုက်ဖြတ်သွားတဲ့ ရေလွှာလျှောစီးသမားရဲ့ ခြေထောက်က ရေလှိုင်းနဲ့အတူ ကမ်းစပ်ပြန်ရောက်လာ 

ဇူလိုင်၊ ၂၄

ဩစတြေးလျမှာ ငါးမန်းတိုက်ခိုက်မှုနဲ့ ကြုံခဲ့တဲ့ ရေလွှာလျှောစီးသမား တယောက်ရဲ့ ပြတ်တောက်သွားတဲ့ ခြေထောက်ဟာ ရေလှိုင်းတွေနဲ့အတူ ကမ်းပေါ် ပြန်ရောက်လာခဲ့ပါတယ်။ အခုတော့ ဆရာဝန်တွေက အဲဒီ ခြေထောက်အပြတ်ကို ပြန်ဆက်ပေးနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

အသက် ၂၃ နှစ်အရွယ် ကီရာမက်ကင်ဇီဟာ နယူးဆောက်သ်ဝေးလ်စ် ပြည်နယ်ရဲ့ ပို့တ်မက်ကွိုင်ရာ ကမ်းခြေနားမှာ ရေလှိုင်းစီးနေတုန်း ၁၀ ပေလောက်ရှည်တဲ့ ငါးမန်းဖြူတကောင်က တိုက်ခိုက်တာ ခံရပါတယ်။ အဲဒီငါးမန်းဟာ သူ့ခြေထောက်ကို ကိုက်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင် ၂၃ ရက်နေ့တုန်းက ကြောက်စရာ ဘေးဆိုးကြီးနဲ့ ကြုံခဲ့တဲ့တိုင် မက်ကင်ဇီဟာ သတိမလွတ်စေဘဲ ရေလှိုင်းနဲ့အတူ ကမ်းခြေဖက်ထိ မျောပါနိုင်အောင် ကြိုးစားခဲ့ပါတယ်။ ကမ်းခြေမှာတော့ တာဝန်ချိန်ပြင်ပ ရဲအရာရှိ တယောက်က သူ့ကို သွေးတိတ်သွားအောင် ရှေးဦးသူနာပြု နည်းတွေနဲ့ ကူညီပေးပြီး ဆေးရုံကို အလျင်အမြန် တင်ပို့ခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ မက်ကင်ဇီရဲ့ ခြေထောက်ကလည်း လှိုင်းတွေနဲ့အတူ ကမ်းစပ်မှာ လာတင်နေတာကြောင့် တွေ့ရှိတဲ့ ဒေသခံတွေက ကောက်ယူပြီး ရေခဲကပ်ရင်း​ ဆေးရုံဆီ ချက်ချင်း ပို့ဆောင်ပေးခဲ့ပါတယ်။

အခုတော့ ဆရာဝန်တွေက မက်ကင်ဇီရဲ့ ခြေထောက်ကို ပြန်ဆက်ပေးနိုင်ဖို့ မျှော်လင့်နေပြီး အဲဒီကုသမှု အောင်မြင်မလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

လူနာကို ဆေးရုံတင်ပို့ပေးခဲ့တဲ့ အရေးပေါ်ယာဉ် ဝန်ထမ်း ကီရန် မော်ဘရေးက မက်ကင်ဇီဟာ စိတ်အေးအေးထားပြီး သတိလွတ်မသွားခဲ့သလို စကားလည်း ပြောနိုင်ကြောင်း ဆိုပါတယ်။ ဆီမီးပရို ရေလွှာလျှောစီးသမား တယောက်ဖြစ်တဲ့ မက်ကင်ဇီဟာ လည်ပင်းထိခိုက်မှုကြောင့် ပင်လယ်ရေလှိုင်းတွေနဲ့ ကာလအတော်ကြာ ကင်းကွာနေခဲ့ရာက ရေလှိုင်းပြန်စီးတဲ့အချိန် အခုလို အခြေအနေနဲ့ ထပ်ကြုံခဲ့ရတာပါ။

သူ့ရဲ့ ငါးမန်းတိုက်ခိုက်ခံရမှု ဖြစ်ရပ်ကို ရန်ပုံငွေ ကူညီရှာဖွေရေး ဝက်ဘ်ဆိုက်ဖြစ်တဲ့ GoFundMeမှာ ဖော်ပြထားခဲ့တဲ့နောက် ၂၄ နာရီအတွင်း အလှူငွေ အမေရိကန်ဒေါ်လာ ၅၀၀၀၀ ဝန်းကျင် လက်ခံရရှိလာခဲ့ပါတယ်။

ဩစတြေးလျဟာ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ငါးမန်းတိုက်ခိုက်မှုဖြစ်စဉ် အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပေမယ့် လူသေတဲ့ထိ ဆိုးရွားတဲ့ ဖြစ်စဉ်မျိုးတော့ ရှားပါးကြောင်း သိရပါတယ်။  

Ref: BBC