ကာလုံခေါ်ဖို့ဦးမြင့်ဆွေရဲ့ တာဝန်ကို စစ်ခေါင်းဆောင်ဆီလွှဲပေးတယ်လို့ စစ်ကောင်စီကြေညာ

Photo – စစ်ကောင်စီ

ဇူလိုင်၊ ၂၂

ကျန်းမာရေးကြောင့်ခွင့်ယူထားရတဲ့ ယာယီသမ္မတဦးမြင့်ဆွေရဲ့ တာဝန်တွေကို အာဏာသိမ်းစစ်ခေါင်းဆီလွှဲ ပြောင်းအပ်နှံထားတယ်လို့ စစ်ကောင်စီက ဒီကနေ့ညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဆေးခွင့်ယူထားတာကြောင့် တာဝန်ဝတ္တရားတွေပျက်ကွက်နေချိန်နဲ့ ယာယီသမ္မတတာဝန် လစ်ဟင်းနေတဲ့ ကာလအတွင်း ယာယီသမ္မတတာဝန်တွေကို စစ်ကောင်စီဥက္ကဌဆီလွှဲအပ်ဆောင်ရွက်စေမှာဖြစ်ကြောင်းယာယီသမ္မတရုံး ကအကြောင်းကြားစာပေးပို့လာတာလို့ဆိုပါတယ်။

အဲ့ဒီလိုအကြောင်းကြားစာပေးပို့ပြီးနောက် ဒီကနေ့မနက်ပိုင်းမှာပဲ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေး ကောင်စီ ဆိုင်ရာ ကိစ္စရပ်တွေအလို့ငှာ ယာယီသမ္မတတာဝန်တွေကို စစ်ခေါင်းဆောင်ဆီ လွှဲပြောင်းအပ်နှံတဲ့အကြောင်း လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ပြီးပြီလို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အာဏာသိမ်းပြီးနောက် အရေးပေါ်ကာလ ကြေညာပြီး စစ်ကောင်စီထံ အာဏာလွှဲပြောင်းပေးကြောင်း ခြောက်လတကြိမ် အကြိမ်ကြိမ်သက်တမ်းတိုးနေရတဲ့ စစ်ကောင်စီဟာ အခုလကုန်မှာ ခြောက်လသက်တမ်းထပ် ကုန်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေအရ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကို ယာယီသမ္မတ ဦးမြင့်ဆွေက ဦးဆောင်ခေါ်ယူပြီး အရေးပေါ်ကာလ သက်တမ်း ခြောက်လထပ်တိုးကြောင်း ကြေညာရဖို့ရှိနေ တာပါ။

ကာလုံအစည်းအဝေးခေါ်ဖို့ နှစ်ပတ်လောက်အလို ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ယာယီသမ္မတ ဦးမြင့်ဆွေဟာ ကျန်းမာ ရေးဆိုးရွားနေတာကြောင့် အစားစား တာအပါအဝင် နေ့စဉ် လှုပ်ရှားသွားလာမှုတွေကိုမလုပ်ဆောင်နိုင်တဲ့ အခြေ အနေဖြစ်နေတယ်လို့ စစ်ကောင်စီကထုတ်ပြန်ခဲ့ပါသေးတယ်။

၂၀၀၈ အခြေခံဥပဒေအရ ကာလုံ အစည်းအဝေး ဦးဆောင်ခေါ်ယူနိုင်သူဟာ နိုင်ငံတော်သမ္မတ တဦးတည်းသာရှိပြီး အရေးပေါ်ကာလအဖြစ်သတ်မှတ်ကာ ကာကွယ်ရေးဦးစီးချုပ်ဆီ အာဏာလွှဲပေးကြောင်း ဥပဒေကဲ့သို့ အာဏာ တည်တဲ့အမိန့်ထုတ်ပြန်နိုင်သူဟာလည်း သမ္မတရဲ့လုပ်ပိုင်ခွင့်သာဖြစ်ပါတယ်။

ဒါပေမယ့် ဦးမြင့်ဆွေ ကျန်းမာရေးဆိုးရွာနေချိန်မှာ စစ်ခေါင်းဆောင်က ယာယီသမ္မတတာဝန်တွေ အခုလို လွှဲ ပြောင်း ရယူတယ်ဆိုတာကြောင့် ကာလုံအစည်းအဝေးကို သူကိုယ်တိုင်ပဲ ဦးဆောင်ကျင်းပမယ့်သဘော ဖြစ် ပါတယ်။

ဦးမြင့်ဆွေ ကျန်းမာရေးဆိုးရွားနေကြောင်း စစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့ပြီးနောက် ကာလုံအစည်းအဝေးခေါ်ယူဖို့ စစ်ကောင်စီအခက်တွေ့နိုင်တယ်လို့ ကြိုတင်သုံးသပ်မှုတွေရှိခဲ့ပေမယ့် စစ်ကောင်စီက အခုလို အခင်းအကျင်းကို  ဖန်တီးရယူလာတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အခုလို လုပ်ဆောင်မှုဟာ အခြေခံဥပဒေပါပြဌာန်းချက်တွေနဲ့ ညီညွတ်မှုမရှိကြောင်း ဝေဖန်သုံး သပ်မှုတွေရှိလာနိုင်ပါတယ်။

အရင်ကလည်း စစ်ကောင်စီဟာ သမ္မတဦးဝင်းမြင့်ကိုဖမ်းဆီးပြီးနောက် သမ္မတ လစ်လပ်သွားတယ်ဆိုပြီး စစ်တပ် ကတင်မြှောက်ထားတဲ့ ဒုသမ္မတဦးမြင့်ဆွေကို ယာယီသမ္မတအဖြစ်ထားကာ အရေးပေါ်အခြေအနေကြေညာပြီး အာဏာလွှဲပြောင်းစေခဲ့တာအပါအဝင် အခြေခံဥပဒေနဲ့ မညီတဲ့လုပ်ဆောင်မှုတွေလုပ်နေတယ်လို့ ဝေဖန်ခံထားရ ပါတယ်။