လုံခြုံရေး တပ်လှန့်ထားတဲ့ မန္တလေးမြို့ထဲ ပြောက်ကျားသပိတ်ဦးဆောင်ပြုလုပ်ခဲ့တဲ့ ဒေါက်တာတေဇာစန်း

Photo – Tayzar San FB

ဇူလိုင်၊ ၂၂

မြို့နဲ့မိုင်ဆယ်ဂဏန်းအကွာလောက်အထိ တိုက်ပွဲတွေရောက်လာတာကြောင့် စစ်ကောင်စီဘက်က လုံခြုံရေး တပ်လှန့်ထားတဲ့မန္တလေးမြို့မှာအခုရက်ပိုင်းအတွင်းပြောက်ကျားသပိတ်လှုပ်ရှားမှုတွေဦးဆောင်ပြုလုပ်ခဲ့တယ်လို့ လူသိများတဲ့သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကအသိပေးလိုက်ပါတယ်။

သပိတ်လှုပ်ရှားမှုလုပ်ခဲ့တဲ့နေ့ရက်ကိုဖော်ပြမထားပေမယ့် ကျုံးရှေ့၊မန္တလေးမြို့အဝင်ဆိုင်းဘုတ်အပါအဝင် မြို့ တွင်းအထင်ကရနေရာတချို့မှာ ပြောက်ကျားသပိတ်လှုပ်ရှားလုပ်နေပုံနဲ့အတူ “ဂန္တဝင်မြို့ကြီးသို့အပြန်လမ်း”ဆို ပြီး ဒေါက်တာတေဇာစန်းရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာဒီကနေ့ဖော်ပြလာတာပါ။

“အညာမြေမြို့ရွှေမန်းမှာ ကိုယ့်ပြည်သူတွေနဲ့ပြန်လည်ထိတွေ့ဖြစ်တယ်”လို့ ရေးသားထားသလို “ဒီရက်တွေအ တွင်း သူ့ရွှေမန်းမြို့မှာ ပြန်တွေ့ရတဲ့ အရေးတော်ပုံတပ်သားကြီးပါ”လို့ ဒီကနေ့ဖော်ပြထားတဲ့ ဓာတ်ပုံတွေကိုညွန်း ဆိုထားတာလည်းတွေ့ရပါတယ်။

ဒေါက်တာတေဇာစန်း ဖေ့စ်ဘွတ်စာမျက်နှာမှာဖော်ပြထားတဲ့ ဓာတ်ပုံတွေထဲ အာဏာသိမ်းကာလ အစောပိုင်းက သပိတ်လှုပ်ရှားမှုတွေမှာမသုံးခဲ့ဘဲ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်မှာမှပေါ်ပေါက်လာတဲ့ “တလှိုင်းပြီး တလှိုင်းလာ မယ်” ဆိုတဲ့ ကြွေးကြော်သံစာသားကိုသုံးပြီး ပြောက်ကျားသပိတ်လှုပ်ရှားမှုလုပ်ခဲ့တာလည်းတွေ့ရပါတယ်။

ဒေါက်တာတေဇာစန်းဟာ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အစောဆုံး ဆန္ဒပြဆန့်ကျင်ခဲ့တဲ့ သပိတ်ခေါင်းဆောင်တဦးဖြစ်ပြီး စစ်ကောင်စီက သူ့ကို အသည်းအသန်ရှာဖွေဖမ်းဆီးဖို့ကြိုးပမ်းလာတဲ့ ကာလတွေအထိ မန္တလေးမြို့မှာပဲ လှည့်ပတ်တိမ်းရှောင်နေထိုင်ကာ အာဏာသိမ်းမှုဆန့်ကျင်တဲ့လှုပ်ရှားမှုတွေပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီနောက်မန္တလေးမြို့ကို စွန့်ခွာခဲ့ချိန်မှာလည်း ဒေသအနှံ့ မြေပြင်ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို နိုင်ငံ ရေးဆိုင်ရာ အသိပေးဟောပြောမှုတွေပြုလုပ်ခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံဆွေးနွေးမှု တွေရှိခဲ့တဲ့ သပိတ်ခေါင်းဆောင်တဦးဖြစ်ပါတယ်။

မန္တလေးမြို့မှာ ပြောက်ကျားသပိတ်လှုပ်ရှားမှုတွေလုပ်ခဲ့ကြောင်း ဒေါက်တာတေဇာစန်းက ဒီကနေ့အသိပေးပြီးနောက် မန္တလေးမြို့ခံပြည်သူတချို့နဲ့ တော်လှန်ရေးအင်အားစုတွေက သူ့ရဲ့လုံခြုံရေးအတွက် စိုးရိမ်တဲ့မှတ်ချက်တွေ ရေးသားကြသလို အားတက်စရာမြင်ကွင်းလို့လည်းပြောကြပါတယ်။