တိကျတဲ့တပ်တွင်းသတင်းပေးချက်အရ စစ်ကောင်စီတပ်မမှူးပါတဲ့ ရဟတ်ယာဉ်ကိုပစ်ချနိုင်ခဲ့တာလို့ ကော်ဘရာစစ်ကြောင်းမှူးပြော

Photo – Social Media

ဇူလိုင်၊ ၂၂

ကရင်ပြည်နယ် သင်္ဃန်းညီနောင် မှာ အခုနှစ်ဆန်းပိုင်းတုန်းက စစ်ကောင်စီတပ်မမှူးပါသေဆုံးစေခဲ့တဲ့ eurocopter ရဟတ်ယာဉ်ပစ်ချနိုင်ခဲ့မှုဟာ တိကျတဲ့တပ်တွင်းသတင်းပေးပို့ချက်အရဖြစ်တယ်လို့ ကော်ဘရာ စစ်ကြောင်း (၁)စစ်ကြောင်းမှူး ဗိုလ်စောကော်က ပြောလိုက်ပါတယ်။

“အဓိကကတော့ဖရဲသီးပေါ့၊ဖရဲသီးကအရမ်းချိုတယ်ဆိုတာ ဒါလက်တွေ့ပဲ၊အဲ့လိုမျိုး(သတင်း)ရတော့ ဗိုလ်ဒါဘော ကနေပြီး ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတာ စီစဉ်၊ရဲဘော်တွေခေါ်၊လာကာနီးဆဲဆဲမှ အဲ့ဒီအချိန်က ပွိုင့်ဖိုက် (လေယာဉ်ပစ်သေနတ်)ကအဝေးကြီးထားထားတာ၊ပြေးယူရသေးတယ်၊မိနစ်ပိုင်းလေးပဲမီလိုက်တယ်”လို့ သူက Breaking Brain Washed Media(BBM) စကားဝိုင်းမှာပြောပါတယ်။

အဲ့ဒီရဟတ်ယာဉ်ပျံသန်းလာမယ်ဆိုတာကို ဖြတ်သန်းလာမယ့် လမ်းကြောင်းကအစ သတင်းအတိအကျရခဲ့ တာလို့လည်း ဗိုလ်စောကော်က ပြောပါတယ်။

Breaking Brain Washed Media(BBM) ဟာ CDM ဗိုလ်ကြီထက်မြက် အပါအဝင် CDM စစ်သားတွေဦးဆောင် ကာ စစ်ကောင်စီရဲ့ဝါဒဖြန့်ချိမှုတွေကိုတုံ့ပြန်တဲ့စကားဝိုင်းဆွေးနွေးမှုတွေနဲ့ လက်ရှိတော်လှန်ရေးအခြေအနေတွေ ကို ဖော်ပြပေးနေတဲ့ချန်နယ်တခုဖြစ်ပါတယ်။

“လမ်းကြောင်းပါအတိအကျရပြီဆိုတော့ စနိုက်ပါ၊ပွိုင့်ဖိုက်၊စနိုက်ပါ၊လက်နက်ကြီး၊ဒရုန်း၊ဥပမာ ဒီနေရာကိုသူ ဆင်း လို့ရပြီဆိုရင် ကျွန်တော်တို့က စနိုက်ပါတွေ၊ပွိုင့်ဖိုက်တွေနဲ့ပစ်လို့မရတော့ဘူး၊အရမ်းကွယ် သွားပြီ၊လက်နက်ကြီးနဲ့ ဒရုန်းနဲ့ဆော်မယ်ဆိုပြီးတော့ အဲ့ဒီအဆင့်ကိုမရောက်လိုက်ဘူး”လို့ ဗိုလ်စောကောက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ သယ်ယူပို့ဆောင်ရေးအမျိုးအစား eurocopter ရဟတ်ယာဉ်ဟာ အခုနှစ် ဇန်နဝါရီ ၂၉ရက် နေ့ လယ်ပိုင်းက တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင်အပါအဝင် စစ်အရာရှိတွေကိုတင်ဆောင်ကာ သင်္ဃန်း ညီနောင်အခြေစိုက် ခမရ ၃၅၆ တပ်ရင်းဆီ တာဝန်အပြောင်းအလဲလုပ်ဖို့လာချိန် ပစ်ချခံခဲ့ရတာပါ။

တိုက်ခိုက်ခံရမှုကြောင့် ရဟတ်ယာဉ်ပျက်ကျခဲ့သလို တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင်အပါအဝင် ဗိုလ်မှူးသုံးဦး နဲ့ ဗိုလ်ကြီးတဦး စုစုပေါင်းငါးဦးသေဆုံးကာ တဦးဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က အ ခင်းဖြစ်ချိန်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီနောက်လပိုင်းအကြာ အခုနှစ်မတ်လ ၁၅ရက်မှာတော့ သင်္ဃန်းညီနောင်အခြေစိုက်ဗျူဟာစခန်းအပါအဝင် စစ် ကောင်စီတပ်ရင်းတွေနဲ့ စခန်းတွေကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ပစ်ချခံခဲ့ရတဲ့ eurocopter ကိုတော့ ပျက်ကျခဲ့တဲ့နေရာ ခမရ ၃၅၆ထဲမှာပဲ ပြန်တွေ့ခဲ့ကြရတာပါ။

သင်္ဃန်းညီနောင် မှာ လက်ရှိအချိန်အထိ တော်လှန်ရေးတပ်ဖွဲ့တွေက အခြေစိုက် ထိန်းချုပ်ထားဆဲဖြစ်ပြီး Breaking Brain Washed Media(BBM)က CDM စစ်သားနှစ်ဦးနဲ့ ဗိုလ်စောကော်တို့ရဲ့စကားဝိုင်းကိုလည်း ခမရ ၃၅၆ထဲက ပျက်ကျရဟတ်ယာဉ် အပျက်အစီးတွေရှိရာနေရာအနီးမှာပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲဘော်တွေက ဒီလေယာဉ်(ရဟတ်ယာဉ်)လာမယ်ကြား လည်းကြားရောပျော်ကြတာ၊ အတန်း လိုက်ကြီးနေရာတွေယူပြီးတော့ လာတဲ့လမ်းကြောင်းကိုဆော်တာ၊နှစ်စီးလာတာ၊တစီးက လိုက်ပတ်ပစ်နေတာ၊ ဂရုမစိုက်ဘူးပစ်လည်းအဲ့ဒီဟာကိုပဲဦးစားပေးပြီးတော့ချတာ”လို့ ဗိုလ်စောကော်က စစ်ကောင်စီရဟတ်ယာဉ်ကို တိုက်ခိုက်ခဲ့ကြတဲ့ အခြေအနေကိုပြန်ပြောပြပါတယ်။

တိုက်ခိုက်ခဲ့ပြီးနောက် မိနစ်ပိုင်းအကြာမှာ ရဟတ်ယာဉ်ပျက်ကျတဲ့အကြောင်းသတင်းရခဲ့ပေမယ့် ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ဓာတ်ပုံ အွန်လိုင်းပေါ်မှာ တွေ့ရမှသာ ခိုင်ခိုင်မာမာ အတည်ပြုနိုင်ခဲ့တယ်လို့လည်း သူကဆက်ပြောပါ တယ်။

အဲ့ဒီဖြစ်စဉ်အရ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် သတင်းလက်ဦးမှုရရှိရေးဟာ အရေးပါကြောင်းမြင်သာနိုင်ပြီး ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ သွားလာလှုပ်ရှားမှု၊လေကြောင်းတိုက်ခိုက်ဖို့အတွက် လေယာဉ်တွေပျံ သန်းမှုဆိုင်ရာ သတင်းတွေပေးကြဖို့ CDM ဗိုလ်မှူး တင်လင်းအောင်က အဲ့ဒီစကားဝိုင်းမှာ ပြောပါတယ်။

“ဒီသတင်းလေးတခုက သိန်းပေါင်းများစွာ(တန်)သော စစ်ကောင်စီရဲ့ ပစ္စည်း၊ပစ္စယတွေ လူကြီးပိုင်း၊အရာရှိပိုင်း တွေကို ကိုယ်တွေကဖျက်ဆီးပစ်နိုင်တယ်၊ဒါကသတင်းစကားလေးတခုပဲ၊အင်မတန်အဖိုးတန်တယ်”လို့ သူက ထောက်ပြပါတယ်။