လောင်းလုံးမှာ စစ်ကောင်စီ စစ်ကြောင်းထိုး နေလို့ ဒေသခံထောင်ချီ ထွက်ပြေးနေရ

Photo – CJ

ဇူလိုင် ၊ ၂၀

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် အောက်ပိုင်း ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင် စီတပ်က ဇူလိုင် ၁၉ ရက်၊ မနေ့က နေအိမ်သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကြောင်းဆက်ထိုးနေလို့ ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“မနေ့ကဆို ညင်းမော်ရွာက တရွာလုံးပဲပြေးကြတာ၊ စစ်ကြောင်းကတော့ တရွာပြီးတရွာ ဆက်သွား နေတာ၊ တောလမ်းအတိုင်းပဲ သွားနေကြတယ်” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

အင်အား တရာကျော်ရှိနိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေဟာ ထားဝယ်မြို့ဘက်ကနေတဆင့် လောင်း လုံးမြို့ကို အရင်ရက်တွေကတည်းက ရောက်နေ ကြ တာဖြစ်ပြီး မနေ့ကစလို့ လောင်းလုံးမြို့နဲ့ ကပ်လျက် ညင်းမော်ကျေးရွာကနေတဆင့် အောက်ဘက်ကို စစ်ကြောင်းထိုးလာနေတာလို့ သိရပါတယ်။

အဲဒီနေ့ နေ့လယ်ပိုင်းမှာတော့ ညင်းမော်ကျေးရွာ အုပ်စု၊ ရင်းဘုတ်ရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ် ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေ ထိပ်တိုက်တွေ့မိပြီးနောက် PDF တွေ ဆုတ်ခွာ သွားတဲ့ လမ်းကြောင်းက နေအိမ်သုံးလုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

“အိမ်ထဲ ရှာချင်တာရှာပြီးမှ မီးရှို့တယ်၊ အိမ်ကလူ တွေက ဘာမှမသယ်လိုက်ရဘူး၊ ညင်းမော်ကို စစ် တပ်ရောက်နေပြီကြားကတည်းက ဆင်းပြေးလာတာ၊ တိုက်ပွဲကမီးရှို့ပြီးမှ ဖြစ်တာထင်တယ်” လို့ နေအိမ် မီးရှို့ခံရသူတွေနဲ့ ဆွေမျိုးတော်စပ်သူ တဦးက ပြောပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်က ဂေါ့အင်း၊ ရေဖြူရွာတွေဘက်ကို တောလမ်းကနေတဆင့် စစ်ကြောင်းထိုးလာခဲ့ပြီး ရေဖြူရွာက ဘုန်းကြီးကျောင်းတကျောင်းမှာ ညအိပ်ရပ်နားခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ ရေဖြူရွာကနေတဆင့် ကဒက်ငယ်ထိန်၊ ရသိမ်၊ ကဒက်ကြီး၊ မြခါးပတ်ရွာတွေကို ဆက်တိုက်စစ်ကြောင်းထိုးသွားခဲ့ပြီး ညနေ လေးနာရီဝန်းကျင်လောက်အထိတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းရှိရာ မြခါးပတ်ရွာမှာပဲ တပ်ချရပ်နားနေတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ အဖွဲ့တွေနဲ့တော့ မနေ့က ပစ်ခတ်မှုရှိတယ်၊ ကျနော်တို့ဘက် ရဲဘော်တယောက် ထိတာလည်းရှိတယ်၊ စစ်ကြောင်းကတော့ အောက်ဘက်ဆင်းမယ်နဲ့တူတယ်” လို့ အမည်မဖော်လိုတဲ့ ဒေသအခြေစိုက် PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကြောင်းထိုးနေတဲ့ လမ်းတလျှောက် ကျေးရွာတွေက ဒေသခံထောင်ချီကတော့ ဘေးလွတ်နိုင်တယ်လို့ ယူဆရတဲ့ ရွာတွေဘက်မှာ သွားရောက်တိမ်းရှောင်နေကြတယ်လို့လည်း သိရပါတယ်။

“မိုးကလည်းကြီး၊ ပြေးလာတဲ့လူတွေကလည်း အများကြီးပဲ၊ ရွာထဲက အိမ်တွေမှာရော၊ ဘုန်းကြီးကျောင်းမှာရော ထားပေးထားတယ်” လို့ တိမ်းရှောင်လာသူတွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က အခုလို စစ်ကြောင်းမထိုးခင်ကတော့ ထားဝယ်-လောင်းလုံး ကားလမ်းပိုင်းနဲ့ လောင်းလုံးအောက်ဘက် ကားလမ်းပိုင်းတချို့မှာ PDF တွေက လမ်းသွားလမ်းလာတွေကို မကြာခဏ ပေါ်ပေါ်ထင်ထင်စစ်ဆေးတာမျိုးရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကပဲ လောင်းလုံးအခြေစိုက် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ လောင်းလုံး ပကဖ၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ ဖက်ဒရယ်ဓူဝံကြယ်တက်ဖွဲ့နဲ့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့တို့က လောင်းလုံးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး အရှိန်အဟုန်မြင့် လုပ်ဆောင်သွားမှာဖြစ်လို့ ခရီးသွားပြည်သူတွေအနေနဲ့ စစ်ဆေးမှုကို ကြည်ဖြူစွာလက်ခံကြဖို့ ပူးတွဲထုတ်ပြန်ခဲ့ကြပါသေးတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ PDF တပ်ဖွဲ့တွေ အဲဒီလို စစ်ဆေးလေ့ရှိတဲ့ နေရာတဝိုက်ကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်တာတွေရှိပြီး အဲဒီလို ပစ်ခတ်မှုကြောင့် နေအိမ်တွေပျက်စီးတာ၊ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။