အစ္စရေးက အမေရိကန် သံရုံးနားမှာ ဒရုန်းတိုက်ခိုက်မှုလို့ ယုံကြည်ရတဲ့ ပေါက်ကွဲမှုဖြစ်

ဇူလိုင် ၊ ၂၀

အစ္စရေးနိုင်ငံက အမေရိကန် သံရုံးနားမှာ ဒရုန်းတိုက်ခိုက်မှုလို့ ယူဆရတဲ့ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

ဇူလိုင် ၁၉ ရက် မနက်ပိုင်းက တဲလ်အဗစ်ဗ်မြို့မှာရှိတဲ့ အမေရိကန်သံရုံး၊ ရုံးခွဲနားမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ အမေရိကန်ဟာ တဲလ်အဗစ်ဗ်မှာ ဖွင့်ထားတဲ့ သံရုံးကို ဂျေရုဆလင်ဆီ ပြောင်းလဲထားလိုက်ပေမယ့် တဲလ်အဗစ်ဗ် သံရုံးဟောင်းကိုလည်း ရုံးခွဲအဖြစ် ဆက်လက် လည်ပတ်နေစေပါတယ်။

သံတမန် အသိုက်အဝန်း အခြေချ နေထိုင်ရာ ရပ်ကွက်တခုရဲ့ အလယ်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး အသက် ၅၀ အရွယ် အမျိုးသား တဦး သေဆုံးခဲ့ကြောင်း၊ နောက်ထပ် အနည်းဆုံး ၈ ဦး ဒဏ်ရာရခဲ့ကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။ အဲဒီထဲက ၄ ဦးဟာ ပေါက်ကွဲရာက အစအနတွေ ထိမှန်ခဲ့တာပါ။

ပေါက်ကွဲမှုဟာ အမေရိကန် သံရုံးဝင်းနဲ့ မီတာ ၁၀၀ လောက်သာ ကွာဝေးတယ်လို့ ဆိုပါတယ်။ အခုကိစ္စနဲ့ ပတ်သက်လို့ အလေးအနက် စောင့်ကြည့်စုံစမ်းနေတယ်လို့ အမေရိကန် အစိုးရ တာဝန်ရှိသူ တဦးက အတည်ပြုခဲ့ပါတယ်။ ပေါက်ကွဲမှုဟာ သံရုံး အဆောက်အအုံကိုတော့ ထိခိုက်မှု မရှိခဲ့ပါဘူး။

ယီမင်အခြေစိုက် ဟိုသီ သူပုန်တွေက အခုတိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်ပြီး ဖောက်ခွဲရေး ဒရုန်းတစီးကို အသုံးပြုခဲ့တာလို့ ကြေညာထားပေမယ့် အစ္စရေးစစ်တပ် (IDF)က အတည်မပြုခဲ့သလို ပေါက်ကွဲမှုဟာ လေထဲကနေ ပျံသန်းလာတဲ့ ဒရုန်းကြောင့် ဟုတ်မဟုတ် ဆိုတာ ဆက်လက် စုံစမ်းနေဆဲလို့ ပြောပါတယ်။

အစ္စရေး ပိုင်နက်နဲ့ ဟိုသီတွေ ထိန်းချုပ်ထားရာ နယ်မြေတွေဟာ မိုင်ပေါင်း ထောင်ချီ ကွာဝေးပါတယ်။ ဂါဇာစစ်ပွဲ ကာလနောက်ပိုင်း ဟိုသီတွေက အစ္စရေးကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပေမယ့်လည်း အားလုံးလိုလို လမ်းခုလတ်မှာတင် ပစ်ချခံခဲ့ရပါတယ်။

Ref: BBC