ထိုင်းမှာ TikTok influencerကို သတ်ဖြတ်ပြီး တိမ်းရှောင်နေတဲ့ အမျိုးသားကို ဟောင်ကောင်မှာ ဖမ်းမိ

ဇူလိုင် ၊ ၁၉

Tiktokမှာ လူသိများတဲ့ တရုတ်အမျိုးသမီး influencer တဦးကို ထိုင်းနိုင်ငံမှာ သတ်ဖြတ်ခဲ့တယ်လို့ ယူဆရပြီး တိမ်းရှောင်နေတဲ့ တရုတ် အမျိုးသားကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

ထိုင်းနိုင်ငံကို အလည်အပတ် ရောက်ရှိနေခဲ့ချိန် အတောအတွင်း သတ်ဖြတ် အလောင်းဖျောက်မှု ခံခဲ့ရတဲ့ အသက် ၃၈ နှစ်အရွယ် ယန်ရူမင်ရဲ့ အမှုမှာ အဓိက သံသယ တရားခံအဖြစ် ပါဝင် ပတ်သက်နေသူ မာကျိယန်ကို ဟောင်ကောင်မှာ ဖမ်းဆီး ရမိခဲ့တာလို့ ထိုင်းရဲတွေက ဇူလိုင် ၁၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ထိုင်းရဲ့ ဆက်သွယ် အကူအညီ တောင်းမှုကြောင့် နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်) ဟောင်ကောင်ရဲတွေဆီ ချိတ်ဆက်ပေးပြီး မာကို ဖမ်းမိခဲ့တာလို့ ဘန်ကောက် မက်ထရိုပိုလီတန် ရဲဗျူရို ဒုတိယ အကြီးအကဲ နော့ပါဆီလ် ပူလ်ဆာဝတ်က ပြောပါတယ်။ အခုတော့ မာကို တရုတ်နိုင်ငံဆီ လွှဲပြောင်းပေးထားပြီး တရားခံ လွှဲပြောင်းရေး သဘောတူညီမှုကိစ္စ တရုတ်နဲ့ ထိုင်းအာဏာပိုင်တွေကြား ညှိနှိုင်းနေပါတယ်။

ယန်ပျောက်ဆုံးနေခဲ့ပြီးတဲ့နောက် ဇူလိုင် ၁၃ ရက်တုန်းက ရှာတွေ့ခဲ့တဲ့ စွန့်ပစ်အလောင်း တခုဟာ အဲဒီအမျိုးသမီး ဖြစ်နေမှန်း DNA စစ်ဆေးမှုတွေနဲ့ အတည်ပြုနိုင်ခဲ့တဲ့နောက် ရဲတွေက အဓိက သံသယရှိသူ ယန်ရဲ့ လှုပ်ရှားသွားလာမှု လမ်းကြောင်းတွေကို စုံစမ်းခဲ့ပါတယ်။ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ ဘန်ကောက်မှာ မာဟာ ယန်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့သူဆိုတာ စစ်ဆေး ပေါ်ပေါက်ခဲ့ပါတယ်။ ယန်ကို ချာချောင်ဆာအိုမှာ ဇူလိုင် ၃ ရက်နေ့က နောက်ဆုံးတွေ့ခဲ့ပြီး နောက်ထပ် ၁၁ ရက် အကြာ အဲဒီဒေသမှာပဲ ယန်ရဲ့ အလောင်းကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

မာဟာ ဇွန်လ ၃၀ ရက်နေ့တုန်းက ဘန်ကောက်ကနေ ကားတစီးကို ငှားရမ်းခဲ့ပြီး ဇူလိုင် ၁ ရက်နေ့တုန်းက ယန်ဟာ အဲဒီကားပေါ်ကို တက်သွားခဲ့တဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေ ရှိနေပါတယ်။ အဲဒီကားဟာ ချွန်ဘူရီကို သွားရောက်ခဲ့ပြီး အဲဒီကနေမှတဆင့် ချာချောင်ဆာအိုကို ခရီးဆက်ခဲ့ပါတယ်။ ဇူလိုင် ၃ ရက်မှာတော့ ယန်ရဲ့ ဖုန်းဆက်သွယ်မှု ကွန်ရက်က လုံးဝ ပြတ်တောက်သွားခဲ့ပါတယ်။

အဲဒီနေ့မှာပဲ မာဟာ ဘန်ကောက်မှာ ရှိတဲ့ ဟိုတယ်ကနေ ထွက်ခွာပြီး ဟောင်ကောင်ကို လေကြောင်းကနေ ခရီးဆက်ခဲ့ပါတယ်။ သူငှားခဲ့တဲ့ ကားထဲမှာတော့ ယန်ရဲ့ ခရီးဆောင်အိတ်ကို မီးရှို့ထားတာမျိုး အထောက်အထားတွေ တွေ့ခဲ့ပြီး အဲဒီကနေတဆင့် မနီးမဝေးမှာ ရုပ်အလောင်းကို ရှာတွေ့ခဲ့တာပါ။

ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က နိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား ကဏ္ဍကို မြှင့်တင်ဖို့အတွက် တရုတ် ဧည့်သည်တွေကို အလေးအနက် ဆွဲဆောင်ဖို့ ကြိုးစားနေချိန် ထိုင်းမှာ အခုလိုမျိုး လူသိများတဲ့ တရုတ် TikTok influencerတဦး အသတ်ခံရတဲ့ ကိစ္စမျိုး ကြုံတွေ့လာတာလည်း ဖြစ်ပါတယ်။

Ref: Bangkok Post