စင်ကာပူ စစ်တပ်ရဲ့ စံပြု လက်နက်ငယ် ပြောင်းလဲတပ်ဆင်မှု အပြီးသတ်လုပြီလို့ဆို

ဇူလိုင်၊ ၁၈

စင်ကာပူ စစ်တပ်ရဲ့ စံပြု လက်နက်ငယ် ပြောင်းလဲတပ်ဆင်မှုတွေဟာ အခုလကုန်ပိုင်းမှာ ပြီးပြတ် အောင်မြင်မယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

စင်ကာပူရဲ့ အချိန်ပြည့် စစ်မှုထမ်းတွေနဲ့ အရန်တိုက်ခိုက်ရေး တပ်တွေ အားလုံးဟာ အပေါ့စား စက်သေနတ် (LMG) အနွယ်ဝင် ရိုင်ဖယ်အသစ်ကို စံပြုလက်နက် အသစ်အဖြစ် ပြောင်းလဲ ကိုင်ဆောင်သွားမှာ ဖြစ်ပါတယ်။

အမေရိကန် ကုမ္ပဏီ Colt ကုမ္ပဏီက ဒီဇိုင်းထုတ် ဖန်တီးပေးတဲ့ 6940E-SG ချေမှုန်းရေး ရိုင်ဖယ် စက်သေနတ်ကို စင်ကာပူ တပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်ခဲ့တဲ့ ပြည်တွင်းဖြစ် Ultimax 100တွေရဲ့ နေရာမှာ ဧပြီလကနေ စတင်ပြီး အစားထိုး လဲလှယ်ပေးခဲ့ပါတယ်။ အဲဒီ သေနတ်တွေကို စင်ကာပူမှာ ၁၉၈၂ ခုနှစ် ကတည်းက အသုံးပြုနေခဲ့တာပါ။

6940E-SGတွေကို အမေရိကန်မှာပဲ ထုတ်လုပ်ပြီး စင်ကာပူရဲ့ ကာကွယ်ရေး ကဏ္ဍနဲ့ တိုက်ရိုက် ကိုက်ညီမှု ရှိစေမယ့် အားသာချက်တွေ ပေါင်းစပ်ထားပါတယ်။ သေနတ်ရဲ့ ပစ်အားကို အပြောင်းအလဲ ချိန်ညှိနိုင်သလို တပ်ဖွဲ့အလိုက် လှုပ်ရှားမှုတွေကို အထောက်အပံ့ ဖြစ်စေမယ့် ကျည်ဆန် တပြုံတမနဲ့ ဖိအားပေး ပစ်ခတ်မှုမျိုးတွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။

Coltရဲ့ အလားတူ မျိုးကွဲ ချေမှုန်းရေး ရိုင်ဖယ်တွေကို မက္ကဆီကိုရဲ့ မရိန်းတပ်ဖွဲ့တွေလည်း အသုံးပြုနေပါတယ်။ ၂၀၁၀ ပြည့်နှစ်တုန်းက အမေရိကန် မရိန်းတပ်တွေကလည်း လက်နက် တပ်ဆင်မှုအတွက် ထည့်သွင်းစဉ်းစားဖူးပေမယ့် လိုအပ်ချက်နဲ့ မကိုက်ညီလို့ ပယ်ချခဲ့ပါတယ်။

စင်ကာပူ စစ်တပ်ရဲ့ စံပြုလက်နက်သစ် ဖြစ်လာတဲ့ ချေမှုန်းရေး ရိုင်ဖယ်တွေဟာ မီတာ ၆၀၀ လောက် အကွာက ပစ်မှတ်တွေကို ထိထိရောက်ရောက် ချေမှုန်းနိုင်ပြီး ၃ ဆချဲ့မြင်နိုင်တဲ့ ပစ်ကွင်းကြည့်မှန်ပြောင်း၊ ကိုင်တွယ်ရာမှာ ပိုမိုမြဲမြံပြီး သက်တောင့်သက်သာ ဖြစ်စေတဲ့ လက်ကိုင်နဲ့ သေနတ်ဒင်တွေ တပ်ဆင်ထားပါတယ်။ သေနတ်ရဲ့ ထိပ်ပိုင်းမှာ အနီအောက်ရောင်ခြည်၊ လေဆာရောင်ခြည်နဲ့ အဖြူရောင် ဓာတ်မီးတွေ လိုသလို ပြောင်းလဲ အသုံးပြုနိုင်တဲ့ ပစ်မှတ်ရှာ စနစ်လည်း ပါဝင်ပါတယ်။ ပြီးတော့ ဆက်တိုက် ပစ်ခတ်မှုကြောင့် သေနတ်ရဲ့ အတွင်းပိုင်း အပူချိန် မြင့်တက်လာမှုကို လျှော့ချပေးမယ့် နည်းပညာတွေလည်း ပေါင်းစပ်ထားပါတယ်။

NATOစံနှုန်း ကျည်ဆန်နဲ့ ပစ်ခတ်ရတဲ့ သေနတ်တွေဟာ ကျည်တောင့် ၃၀ နဲ့ ၆၀ ပါဝင်တဲ့ ကျည်ကတ် နှစ်မျိုးကို အသုံးပြုနိုင်ပါတယ်။ စင်ကာပူရဲ့ အရင်စံပြု ရိုင်ဖယ်တွေဟာ တစ်မိနစ်ကို ကျည်တောင့် ၆၀၀ လောက် ပစ်ခတ်နိုင်ပေမယ့် အခု သေနတ် အသစ်ကတော့ တစ်မိနစ်ကို ကျည်တောင့်ပေါင်း ၁၀၀၀ လောက် ခပ်မြန်မြန် ပစ်ခတ်နိုင်တယ်လို့ သိရပါတယ်။

Ref: CNA