ဇူလိုင်၊ ၁၈
ယူကရိန်းအတွက် လျာထားတဲ့ စစ်ရေး အထောက်အပံ့ ရန်ပုံငွေ ပမာဏကို လာမယ့်နှစ်မှာ ထက်ဝက်နီးပါး လျှော့ချသွားဖို့ ဂျာမနီက စီစဉ်နေပါတယ်။
မူလက ဂျာမနီ အစိုးရဟာ ယူကရိန်းအတွက် စစ်ရေးအထောက်အပံ့ ယူရို ၈ ဘီလီယံလောက်ကို ၂၀၂၅ ခုနှစ်ထဲမှာ ပေးပို့ ကူညီဖို့ လျာထားခဲ့ပါတယ်။ ဒါပေမဲ့ အသစ်ရေးဆွဲပြီး အစိုးရက အတည်ပြုထားတဲ့ ဘတ်ဂျတ် အစီအမံမှာတော့ အဲဒီ ပမာဏဟာ ယူရို ၄ သန်းလောက်ထိ လျော့ကျနေတာကို တွေ့ရပါတယ်။
ဂျာမနီ ဘဏ္ဍာရေးဝန်ကြီး ခရစ္စတီယန် လင်ဒါကတော့ ၂၀၂၅ အတွက် လျှော့ချလိုက်တဲ့ ထောက်ပံ့ငွေတွေဟာ ရှည်ကြာနိုင်တဲ့ စစ်ပွဲ အနာဂတ်မှာ ထောက်ပံ့မှု အဆက်ပြတ်မသွားအောင် ယာယီ ဆိုင်းငံ့ထားတဲ့ အဓိပ္ပါယ်သာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
G7 ထိပ်သီးညီလာခံမှာ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံကြီးတွေက ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေထဲကနေ ယူကရိန်းအတွက် စစ်စရိတ် အထောက်အပံ့ ဖြစ်စေမယ့် စီမံကိန်း တစ်ရပ်ကို သဘောတူ ရေးဆွဲနိုင်ခဲ့တဲ့နောက် ဂျာမနီက ကနဦး လျာထားတဲ့ ထောက်ပံ့ငွေကို လျှော့ချပြီး အနာဂတ်အတွက် ရည်ရွယ် ဆိုင်းငံ့ထားလိုက်တာ ဖြစ်ပါတယ်။ G7မှာ ညှိနှိုင်းမှုအရ ရုရှား ဘဏ်အပ်ငွေတွေရဲ့ အတိုးနှုန်းတွေကို အသုံးပြုပြီး ယူကရိန်းအတွက် စုစုပေါင်း ဒေါ်လာ ၅၀ ဘီလီယံလောက် ရေရှည် ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။
ရုရှားရဲ့ ကျူးကျော်စစ် ကာလမှာ ယူကရိန်းဟာ အမေရိကန်ပြီးရင် ဂျာမနီဆီကနေ စစ်ရေး အထောက်အပံ့ ဒုတိယ အများဆုံး ရရှိနေခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ဂျာမနီဟာ ယူကရိန်းအတွက် ယူရို ၇.၅ ဘီလီယံ နီးပါးလောက် ပံ့ပိုးထားပြီးပါပြီ။
တကယ်လို့ အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် တကျော့ပြန် သမ္မတ ဖြစ်လာရင် ယူကရိန်းအတွက် အမေရိကန်ရဲ့ စစ်ရေး အထောက်အပံ့တွေကို အကြီးအကျယ် ဖြတ်တောက်ပစ်မှာကို အမေရိကန်နဲ့ ဥရောပ မဟာမိတ်တွေ စိုးရိမ်နေကြတဲ့ အခြေအနေမှာ ဂျာမနီက ၂၀၂၅ ခုနှစ်အတွက် ယူကရိန်း စစ်ပွဲဆိုင်ရာ ရန်ပုံငွေကို လျှော့ချထားလိုက်တာ ဖြစ်ပါတယ်။
အဲဒီ ဘတ်ဂျတ်မူကြမ်း အသစ်ကို ဇူလိုင် ၁၇ ရက်နေ့မှာ ဂျာမနီ အစိုးရက အတည်ပြု လက်ခံပေးထားခဲ့ပါတယ်။ ယူကရိန်းအတွက် စစ်ရေး အထောက်အပံ့ကို လျှော့ချမှာ ဖြစ်ပေမယ့် ဂျာမနီရဲ့ ကာကွယ်ရေး အသုံးစရိတ်ကတော့ ၂၀၂၄ ထက် ယူရို ၁.၃ ဘီလီယံ တိုးသွားပြီး ယူရို ၅၃.၂၅ ဘီလီယံထိ ရောက်ရှိလာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယက်စ် တောင်းဆိုထားတဲ့ ပမာဏထက်တော့ ယူရို ၆ ဘီလီယံ လျော့နည်းနေဆဲပါ။
ယူကရိန်းကို ရုရှားက ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့နောက် NATO မဟာမိတ် အဖွဲ့ဝင် နိုင်ငံအများအပြားဟာ ကာကွယ်ရေး အစီအမံတွေကို အပူတပြင်း တိုးမြှင့်လာနေသလို ဂျာမနီကလည်း NATO စံနှုန်းနဲ့အညီ အနည်းဆုံး နိုင်ငံ GDPရဲ့ ၂ ရာခိုင်နှုန်းကို ကာကွယ်ရေး အသုံးစရိတ်အတွက် သတ်မှတ်သုံးစွဲဖို့ စီစဉ်လာခဲ့ပါတယ်။
Ref: BBC