အမရပူရက ဆောက်လုပ်ရေးလုပ်ငန်းခွင် တာကျိုးပေါက်မှုအတွင်း ပျောက်ဆုံးနေသူခုနစ်ဦးထဲက ခြောက်ဦး အလောင်းပြန်တွေ့

Photo – photo မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း)

ဇူလိုင်၊ ၁၆

မန္တလေးတိုင်း၊ အမရပူရမြို့နယ်က မြို့ပြစီမံကိန်းဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဧရာဝတီမြစ် တာရိုးကျိုး ပေါက်ရာက ပျောက်ဆုံးနေသူခုနစ်ဦးအနက် ခြောက်ဦးရဲ့ရုပ်အလောင်းတွေကို ပြန်တွေ့ထားပြီလို့ ရှာဖွေကယ် ဆယ်ရေး ဆောင်ရွက်နေ တဲ့ ပရဟိတအဖွဲ့တွေဆီကသိရပါတယ်။

“လေးလောင်းကတော့ တနေရာတည်းမှာပဲတွေ့တယ်၊ကျန်တဲ့အလောင်းတွေကတော့ တနေရာစီပြန်တွေ့ရတာ၊ အခုခဏနားပြီး ကျန်တဲ့တလောင်းကိုလည်းဆက်ရှာမှာ” လို့ အခင်းဖြစ်လုပ်ငန်းခွင်အတွင်း ရှာဖွေကယ်ဆယ် ရေး ဆောင်ရွက် ပေးနေတဲ့ ပရဟိတအဖွဲ့ဝင်တဦးက DNAကို အခုညနေပိုင်းမှာပြောပါတယ်။

ပိတ်မိခဲ့သူတွေရှိနေတဲ့နေရာမှာ ငြမ်းဆင်ထားတာတွေလည်းရှိတာကြောင့် ရုပ်အလောင်းတွေကို ခက်ခက်ခဲခဲ ပြန်လည်ရှာဖွေခဲ့ရပြီး ရှာဖွေရေး အဖွဲ့သားတွေအနေနဲ့ ရေဆိုးမြောင်း တည်ဆောက်ရေးလုပ်ငန်းခွင်နေရာက ကွန်ကရစ်ဆလပ်ပြားတွေကိုပါ ဖောက်ထုတ်ဝင်ရောက်ခဲ့ရတယ်လို့ သူကရှင်းပြပါတယ်။

ခရိုနီလုပ်ငန်းရှင် ဦးမောင်ဝိတ်ပိုင် ကုမ္ပဏီက လုပ်ကိုင်နေတဲ့ အဲ့ဒီလုပ်ငန်းခွင်အတွင်း ဇူလိုင် ၁၄ရက်မနက်ပိုင်းက တာရိုးကျိုးပေါက်ပြီး ရုတ်တရက်ရေတွေဝင်လာလို့ ရေဆိုးထုတ်မြောင်းလုပ်ငန်းခွင်နေရာမှာ ရှိနေသူခုနစ်ဦးရေနစ် ပျောက်ဆုံးခဲ့တာပါ။

တာရိုးကျိးပေါက်ပြီး လုပ်ငန်းခွင် ဧရိယာတွေ ရေလွှမ်းသွားတဲ့နောက် မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံ ပရဟိတအဖွဲ့တွေ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်မှုတွေလုပ်ခဲ့ပေမယ့် အခင်းဖြစ်ပြီး သုံးရက်မြောက် ဒီကနေ့မှာမှ ရုပ်အလောင်းတွေကို ပြန်လည်ရှာတွေ့ခဲ့တာဖြစ်ပါတယ်။

ပျောက်ဆုံးခဲ့သူ ခုနစ်ဦးဟာ ရေဆိုးမြောင်းတည်ဆောက်ရေးလုပ်ငန်းခွင်ထဲ တပ်ဆင်းထားတဲ့ ငြမ်းတွေပြန်ဖြုတ် နေတဲ့အလုပ်သမားတွေဖြစ်ပြီး တာရိုးကျိုးပေါက်မှုကြောင့် ရုတ်တရက်မြစ်ရေတွေဝင်ရောက်လာချိန်ပိတ်မိသွားခဲ့ ကြတာလို့သိရပါတယ်။

အမရပူရမြို့တောင်ဘက် ဧရာဝတီမြစ်ကမ်းနဲ့ စစ်ကိုင်းတံတား အနီးမှာတည်ဆောက်နေတဲ့ အမရပူရမြို့ပြ ဖွံဖြိုး ရေး စီမံကိန်း လုပ်ငန်းခွင်ထဲက ရေဆိုးထုတ်မြောင်းလုပ်ငန်းခွင်အတွင်း ဧရာဝတီမြစ်ရေမဝင်စေဖို့ ပိတ်တား ထား တဲ့နေရာက တာရိုး ဇူလိုင် ၁၄ရက်မနက်ပိုင်းက ရုတ်တရက်ကျိုးပေါက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီစီမံကိန်းကို ခရိုနီ  စီးပွားရေးလုပ်ငန်းရှင်အဖြစ် လူသိများတဲ့ ဦးမောင်ဝိတ်ပိုင် Mandalay Business Capital City Development MBCCD ကုမ္ပဏီကလုပ်ကိုင်နေတာဖြစ်ပါတယ်။

အလုပ်သမား ခုနစ်ဦးအထိ သေဆုံးခဲ့တဲ့ အခု လုပ်ငန်းခွင် မတော်တဆမှုနဲ့ပတ်သက်ပြီး စီမံကိန်း လုပ်ပိုင်ခွင့်ရ ကုမ္ပဏီ ဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်ပြောဆိုထားတာမရှိသေးပါဘူး။