မြို့ပေါင်းနှစ်ဆယ်ကျော်မှာ ရေဆက်ကြီးနေသလို တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးများ လေပြင်းတိုက်မှုတွေ ထပ်ဖြစ်နိုင်

Photo -ညောင်ဦးလူငယ်များပရဟိတအဖွဲ့ (ရေဘေးကြုံနေရတဲ့ ညောင်ဦးဒေသက နေအိမ်တချို့)

 ဇူလိုင်၊ ၁၅

မိုးအဆမတန်ရွာသွန်းမှုတွေကြောင့်ဒီလဆန်းပိုင်းကစလို့  ဧရာဝတီ ၊ ချင်းတွင်း ၊ဒုဌဝတီမြစ်တွေက မြစ်ရေတွေ မြင့်တက် လာပြီးရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေကာ လက်ရှိမှာတော့  မြို့ပေါင်း၂၂ မြို့ မှာစိုးရိမ်ရေမှတ်အထက် ကျော်လွ န်နေတယ်လို့ စစ်ကောင်စီရဲ့ မိုး/ဇလ က ဒီနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။

ဧရာ၀တီမြစ်ရေကြီးမှုကြောင့် မန္တလေး ၊စစ်ကိုင်း၊မကွေး၊ညောင်ဦးအပါအဝင်မြို့ပေါင်း ဆယ့်လေးမြို့ စိုးရိမ်ရေအမှတ်အထက်မှာရှိနေကာ ချင်းတွင်းမြစ်မှာတော့ မြစ်အထက်ပိုင်း ခန္တီးမြို့က စပြီး မုံရွာမြို့အထိ မြို့ပေါင်း ခုနစ်မြို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေတာပါ။

ဒုဌ၀တီမြစ်ရေကြီးမှုကြောင့် မန္တလေးတိုင်း မြစ်ငယ်မြို့မှာတော့ စိုးရိမ်ရေမှတ်ထက် တစ်ပေအကျော်ကို ရောက် ရှိနေပါတယ်။

ငသိုင်းချောင်နဲ့ မအူပင်မြို့တွေမှာတော့ ငဝန်မြစ်နဲ့တိုးမြစ်ရေကြီးမှုကြောင့် နောက်တရက်နှစ်ရက်အတွင်း စိုးရိမ် ရေမှတ်အထက်ကို ရောက်လာနိုင်တယ်လို့ မိုး/ဇလ ကထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားအလွန်ကောင်းနေတာ ၊တောင် တရုတ်ပင်လယ်ဘက်ကနေတိမ်တိုက်တွေရွေ့လာတာတွေကြောင့် ပဲခူး၊ရန်ကုန်၊ဧရာဝတီ၊တနင်္သာရီတိုင်းတို့နဲ့ ရခိုင်၊ကရင်၊မွန်ပြည်နယ်တို့မှာ ဇူလိုင် ၁၆ရက်ကနေ ၂၀ရက်အတွင်း မိုးကြီးတာ၊လေပြင်းတိုက်ခတ်တာတွေ ဖြစ် နိုင်တယ်လို့လည်း မိုးဇလက သတိပေးထားသေးပါတယ်။

မိုးလေဝသလေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်ကလည်း ဇူလိုင်လလယ်ကနေ လကုန်ပိုင်းလောက်အထိ မိုးကောင်း မယ့်အလားအလာတွေရှိတယ်လို့ ပြောပါတယ်။

“ကြိုတင်ခန့်မှန်းချက်တွေအရ ဆိုလို့ရှိရင် ဒီ ဇူလိုင် ၁၅၊၁၆မှာ တောင်တရုတ်ပင်လယ်ရယ် ဖိလစ်ပင်း အရှေ့ပင် လယ်ရယ် အဲ့နေရာတွေမှာ လေဖိအားနည်းရပ်ဝန်းတွေဖြစ်မယ် ။ ဖြစ်ပြီးရင် အဲ့ဖက်မှာက တိုင်ဖွန်းလို့ ခေါ်တာ ပေါ့နော်တိုင်ဖွန်းမုန်းတိုင်းဖြစ်လာနိုင်တယ်။ ကျွန်တော်တို့ တောင်တရုတ်ပင်လယ်ကနေ ဗီယက်နမ်ကမ်းခြေ တွေကို ရွှေ့မယ် ။မြန်မာပြည်ဖက်တော့မရောက်ဘူး ။ဒီမုန်တိုင်းတွေရဲ့ ကြွင်းကျန်တဲ့မိုးတိမ်တွေက မြန်မာပြည် ကို ရောက်လာနိုင်တယ်” လို့ သူကရှင်းပြပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းနဲ့ အခုလဆန်းကစလို့ မိုးများ ရေကြီးတာတွေကြောင့် တိုင်းနဲ့ပြည်နယ်တချို့က မြစ်ဝှမ်း ဒေသတလျှောက် မြို့ရွာတွေက လူပေါင်းသောင်းနဲ့ချီ ရေဘေးကြုံနေရကာ လူသေဆုံးမှု တွေလည်း ရှိခဲ့ပါတယ်။ 

ဒါ့အပြင် လမ်းတံတားတွေကျိုးပဲ့  ပျက်စီးတာ၊ဒေသခံတွေရဲ့ သီးနှံစိုက်ခင်း ဧကသောင်းချီ ပျက်စီးတာ၊ စာသင် ကျောင်းတွေ လည်းပိတ်ထားရကာ ဒေသခံတွေ အရေးပေါ်ရွှေ့ပြောင်းရတာတွေ ကြုံခဲ့ကြပါတယ်။

စစ်ကိုင်းမြို့မှာတော့ ဒီလ ဇူလိုင် ၅ ရက်က  စကာ ဧရာဝတီမြစ်ရေ တက်လာမှုကြောင့် မြစ်ရိုးတလျှောက်မှာရှိ တဲ့ ကျေးရွာတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး စားရေးသောက်ရေးလည်း အခက်အခဲရှိတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

“ရေတော့နည်းနည်းကျတယ် ။ ချင်းတွင်းမြစ်ခံနေလို့လား မသိဘူး အကျနှေးတယ်။ခုတော့ လွတ်တဲ့နေရာ တွေနေနေကြတာပေါ့ ။ ကြိုပြီးရွှေ့ထားလို့ ဘာမှတော့ မမျောဘူးပေါ့ လေးလေးတို့ကတော့ ။တခြားသူတွေတော့ မျောကြတာရှိတာပေါ့ “ လို့စစ်ကိုင်းမြို့ခံ တဦးက ဆိုပါတယ်။

ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိရာ ပုဂံဒေသမှာတော့ ညောင်ဦး-ပုဂံမြို့ဟောင်း လမ်းပေါ်မှာရှိတဲ့ ဝက်ကြီးအင်း ချောင်း ရေလျှံနေ တာ ကြောင့် မြို့ခံတွေအနေနဲ့ ဆိုင်ကယ်၊ ကားတွေ လှေနဲ့တစ်ဆင့် သွားလာနေရတယ်လို့ ညောင်းဦး ဒေသခံ တွေက ဆိုပါတယ်။

မိုး/ဇလကတော့ ညောင်ဦးမြို့မှာ နောက်၁ ရက်အတွင်းရေသုံးလက်မခန့်ထပ်မံကျဆင်းနိုင်တယ်လို့ ထုတ်ပြန် ထားပေမယ့် ဒေသခံတွေကတော့ စိုးရိမ်မှုတွေ ရှိနေတုန်းပဲလို့ ပြောကြပါတယ်။

“ရေကခုတော့ နှစ်လက်မလောက်ကျနေပြီ ဒါပေမယ့် ကျွန်တော်တို့ ဘာကို တချက်ပြန်စိုးရိမ်ရမလဲဆိုတော့ ချင်းတွင်းတို့က ခုမှရေက ကျတော့လေ အဲ့ကျတဲ့ရေက  ဒီဘက်ကိုပြန်စီးဆင်းနိုင်တယ် အဲ့ဒါတော့ စိုးရိမ်တယ် “လို့ ညောင်ဦး လူငယ်များ ပရဟိတ အသင်းတာဝန်ရှိသူတဦးက ဆိုပါတယ်။

 ၂၀၁၅ ခုနှစ် တုန်းကလည်း နိုင်ငံတဝှမ်း ဒေသအများစု ဘေးသင့်ခဲ့တဲ့ရေကြီးမှု ကြုံတွေ့ခဲ့ရပြီး ၂၀၁၅ ခုနှစ်  ဇူလိုင်လ ၁၆ ရက်က စတင် ကာ ရွာသွန်းခဲ့တဲ့မိုးကြောင့် လယ်ယာ၊ လမ်း၊၊ ရထားလမ်း၊ တံတား၊ လူနေ အိမ်၊ ရပ်ရွာ၊ မြို့တွေ နစ်မြုပ် ခဲ့ပါတယ်။

ရေဘေးကြောင့် မြန်မာပြည်မှာရှိတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအနက် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ လူ ၁၀၀ ကျော်သေဆုံးပြီး အိမ်ထောင်စု လေးသောင်းကျော်နဲ့ လူဦးရေ ၁၆ သိန်းကျော် ဘေးဒုက္ခကြုံတွေ့ခဲ့ ရတယ် လို့ အစိုးရကထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နိုင်ငံတစ်ဝန်း လယ်မြေဧက ၁၄ သိန်းကျော် ရေနစ်မြုပ်ခဲ့ကာ လုံးဝပျက်စီးသွားခဲ့တဲ့လယ်ယာမြေ ဧက ခုနစ်သိန်းကျော်ရှိခဲ့ပါတယ်။ ရေဘေးကြောင့် နိုင်ငံတစ်ဝန်းပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၁၆၅ ဘီလီယံထိ ရှိခဲ့တယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။

မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်ကတော့ လက်ရှိကာလဟာ မိုးလယ်ကာလဖြစ်ပြီး မိုးနှောင်းကာလဖြစ်တဲ့ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလတွေမှာတော့လာနီညာ( အစွန်းရောက် ရာသီဥတု )  ဖြစ်လာနိုင် ချေရှိကာ အကယ်၍ ဖြစ်လာမယ်ဆိုရင် တနှစ်ပတ်လုံးမိုးရွာနိုင်ချေရှိတယ်လို့ ခန့်မှန်းသုံးသပ်ထားပါတယ်။