ဥရောပ ချန်ပီယံဘွဲ့ကို စံချိန်တင် လေးကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တဲ့ စပိန်ဘောလုံးအသင်း

REUTERS/Lee Smith

ဇူလိုင်၊ ၁၅

ဂျာမနီ နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဥရောပ တံခွန်စိုက်ဖလား (ယူရို) ဘောလုံးပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲမှာ စပိန်က အင်္ဂလန်ကို အနိုင်ရပြီး စံချိန်သစ်အဖြစ် ၄ ကြိမ်မြောက် ဗိုလ်စွဲသွားခဲ့ပါတယ်။

နာမည်ကြီး အင်္ဂလန် အတွက်တော့ တကြိမ်မှ ချန်ပီယံ မဖြစ်ဖူးသေးတဲ့ ပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲ အဆင့်ဆီ ၂ ခါဆက်တိုက် တက်လှမ်းခဲ့ပေမယ့် နာကျင်စရာ အဆုံးသတ်တွေနဲ့သာ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အခုနှစ် ပြိုင်ပွဲမှာ စပိန်ဟာ လူငယ် ခြေတက်တွေနဲ့ အတွေ့အကြုံရင့် ကစားသမားတွေ ပေါင်းစပ်ပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သလို ဗိုလ်လုပွဲမှာလည်း အနိုင်ရလဒ်နဲ့ ပိုမိုထိုက်တန်ခဲ့တယ် ဆိုတာကို အင်္ဂလန် အသင်းမန်နေဂျာ ဂါရတ်သ် ဆောက်ဂိတ်က ဝန်ခံခဲ့ပါတယ်။

စပိန်အတွက် ဂိုးတွေကို နစ်ကို ဝီလျံနဲ့ မစ်ခေးလ် အွိုင်ရာဇာဘဲလ်တို့က သွင်းယူခဲ့ပြီး အင်္ဂလန်အတွက် ကိုးလ်ပါမာရဲ့ ချေပဂိုး တဂိုးက လုံလောက်မှု မရှိခဲ့ပါဘူး။

အခုဆိုရင် စပိန်ဟာ ၁၉၆၄၊ ၂၀၀၈၊ ၂၀၁၂ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ ဥရောပ ချန်ပီယံ ဖြစ်ဖူးပြီး ပြိုင်ပွဲ သမိုင်းတလျှောက် အောင်မြင်မှု အကြီးဆုံးဆိုတဲ့ စံချိန်မှတ်တမ်းကို ပိုင်ဆိုင်လာခဲ့ပါပြီ။ အင်္ဂလန်ကတော့ ၁၉၆၆ ခုနှစ်မှာ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့နောက်ပိုင်း အထင်ကရ ပြိုင်ပွဲတွေရဲ့ ချန်ပီယံဆုနဲ့ ဆက်လက် ဝေးကွာနေရဆဲ ဖြစ်ပါတယ်။

စပိန်ရဲ့ လက်ရွေးစင် ဘောလုံးအသင်းတွေဟာ နှစ်အတော်ကြာ ရုန်းကန်ရတဲ့ ကာလတွေကို ဖြတ်သန်းခဲ့ပေမယ့် မနှစ်တုန်းက အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့သလို စပိန် အမျိုးသား လက်ရွေးစင် အသင်းကလည်း ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)ရဲ့ အဖွဲ့ဝင် နိုင်ငံများ လိဂ်ဖလားမှာ ဗိုလ်စွဲခဲ့သလို အခုလည်း ဥရောပ ချန်ပီယံ ဖြစ်လာတာကြောင့် မျိုးဆက်သစ်တွေနဲ့အတူ ကမ္ဘာ့ဘောလုံး စင်မြင့်ပေါ် တကျော့ပြန် တက်လှမ်းလာပြီလို့ ဆိုနိုင်ပါတယ်။

၂၀၀၁ ခုနှစ်ကစတင် ရေတွက်ရင် စပိန် အမျိုးသား လက်ရွေးစင် အသင်းတွေရော၊ ကလပ်အသင်းတွေကပါ ဗိုလ်လုပွဲထိ တက်ရောက်နိုင်တဲ့ ပြိုင်ပွဲ အသီးသီးမှာ ၂၃ ကြိမ်ဆက်တိုက် အနိုင်ရခဲ့ပြီး ဖြစ်ပါတယ်။

Ref: BBC