ထရမ့်ကို လုပ်ကြံဖို့ အားထုတ်မှုမျိုးထိ ဖြစ်လာအောင် ဘိုင်ဒန် မတော်တဆ တွန်းပို့မိခဲ့တယ်လို့ ရုရှား မှတ်ချက်ပေး

ဇူလိုင်၊ ၁၅

ဒေါ်နယ်လ်ထရမ့် ပစ်မှတ်ထား လုပ်ကြံခံရတဲ့ အခြေအနေမျိုးထိ ကြုံလာစေမယ့် အနေအထားမျိုးဆီ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က တွန်းအားပေးမိခဲ့တယ်လို့ ရုရှား အစိုးရက မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဇူလိုင် ၁၃ ရက်နေ့က ပင်ဆယ်ဗေးနီးယား ပြည်နယ်မှာ ရွေးကောက်ပွဲကြို မဲဆွယ် ဟောပြောနေတဲ့ ထရမ့်ကို အသက် ၂၀ အရွယ် လူငယ်တဦးက ချောင်းမြောင်း ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်ကြောင့် ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတလောင်းရဲ့ နားထင်ကို ကျည်ဆန် ရှပ်မှန်ခဲ့ပါတယ်။ ဒါ့အပြင် မဲဆွယ်ပွဲကို တက်ရောက်ခဲ့တဲ့ မီးသတ်ဝန်ထမ်းတဦး သေဆုံးပြီး နောက်ထပ် အမျိုးသားနှစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ သေနတ်သမားကိုတော့ လုံခြုံရေး အေးဂျင့်တွေက သုတ်သင် ရှင်းလင်းနိုင်ခဲ့ပါတယ်။

အကြံအစည် မအောင်မြင်ခဲ့တဲ့ လုပ်ကြံမှုအပြီး ထရမ့်ရဲ့ ရွေးကောက်ပွဲပြိုင်ဘက်ဖြစ်သူ လက်ရှိ သမ္မတ ဘိုင်ဒန်က အဲဒီ ပစ်ခတ်မှုကို ရှုတ်ချခဲ့ပြီး အမေရိကန် နိုင်ငံရေးမှာ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတွေကို နေရာပေးလို့ လုံးဝမရဘူးလို့ ကြေညာခဲ့ပါတယ်။

ဇူလိုင် ၁၄ ရက်နေ့မှာတော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အနီးကပ် လက်ရုံး တဦးလည်းဖြစ်တဲ့ ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က အခုလုပ်ကြံမှုမျိုး ဖြစ်လာအောင် ဘိုင်ဒန်နဲ့ သူ့ရဲ့ ဒီမိုကရက်ပါတီ ကိုယ်စားပြု အစိုးရက မတော်တဆ တွန်းအားပေးမိခဲ့ဟန် ရှိတယ်လို့ ဝေဖန်သုံးသပ်သွားခဲ့ပါတယ်။

ပင်ဆယ်ဗေးနီးယားမှာ ထရမ့်ကို လုပ်ကြံဖို့ အားထုတ်ခဲ့ခြင်းရဲ့ နောက်ကွယ်ကနေ ဘိုင်ဒန်က ပါဝင်ပတ်သက်နေတယ်လို့ ရုရှားအစိုးရက လုံးဝ မယုံကြည်ကြောင်း၊ ဒါပေမဲ့ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်မယ့် ထရမ့်ကို ပစ်မှတ်ထား ခံရလောက်အောင် ပြင်းထန်တဲ့ ထိုးနှက်ချက်တွေက အဲဒီလို ရန်လို လှုံ့ဆော်မှု ပတ်ဝန်းကျင်မျိုးကို မတော်တဆ ဖန်တီးသလို ဖြစ်သွားကြောင်း၊ ဒါဟာ အမေရိကန်က မျက်မှောက်ကာလမှာ ကြုံနေတဲ့ အရှိတရားပဲဖြစ်ကြောင်း ပက်စ်ကော့ဗ်က ပြောကြားသွားခဲ့ပါတယ်။

သူ့ရဲ့ မှတ်ချက်စကားဟာ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် မဟာမိတ်တွေ ပြောဆိုနေတဲ့ စွပ်စွဲချက်တွေနဲ့လည်း ဆင်တူနေပါတယ်။ ရီပတ်ဘလစ်ကန်တွေက လုပ်ကြံမှုရဲ့ နောက်ကွယ်မှာ ဘိုင်ဒန် ရှိနေတယ်လို့ မပြောပေမယ့် ထရမ့်ကို လူမုန်းများအောင် အပုပ်ချ နာမည်ဖျက်ပြီး နိုင်ငံရဲ့ အန္တရာယ်ကောင်အဖြစ် ပုံဖော်ခဲ့တဲ့ ဘိုင်ဒန်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်မှု နည်းလမ်းတွေက အခုလို အကျည်းတန်တဲ့ ဖြစ်ရပ်တွေဆီ ဦးတည်စေခဲ့တယ်လို့ ပြောဆိုနေကြပါတယ်။

ပက်စ်ကော့ဗ်က အခုဖြစ်ရပ်ကို အကြောင်းပြုပြီး ရုရှားသမ္မတ ပူတင်က ထရမ့်ဆီ ဖုန်းဆက် စကားပြောတာမျိုး လုပ်မှာ မဟုတ်ဘူးလို့လည်း အတည်ပြုသွားပါတယ်။ အမေရိကန်မှာ ဘယ်သမ္မတ တာဝန်ယူယူ ရုရှား-အမေရိကန် နှစ်နိုင်ငံကြားက ပျက်စီးနေတဲ့ ဆက်ဆံရေးမှာ အပြောင်းအလဲ ရှိမလာနိုင်လောက်ဘူးလို့လည်း သူက မှတ်ချက်ပေးသွားပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး၊ အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံတွေနဲ့ ပြိုင်ဘက် တရုတ်တို့လို နိုင်ငံတွေရဲ့ အစိုးရ အသီးသီးကတော့ ထရမ့်ကို လုပ်ကြံဖို့ အားထုတ်မှု သတင်းကို ကြားသိပြီး မကြာခင်မှာပဲ အဲဒီဖြစ်စဉ်ကို ရှုတ်ချကြောင်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

လက်ရှိ အခြေအနေမှာတော့ အမေရိကန် ထောက်လှမ်းရေးဌာန FBIဟာ သေနတ်သမားရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ကြံဖို့ အားထုတ်မှု နောက်ကွယ်က အကြောင်းတရားတွေကို ဖော်ထုတ်နိုင်ဖို့ အပူတပြင်း ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

Ref: Reuters