မိုးကုတ်အရှေ့ပိုင်းမှာတိုက်ပွဲဆက်လက်ပြင်းထန်ပြီး လက်နက်ကြီးတွေကျလို့နေအိမ်တချို့ပျက်စီး

 

Photo – CJ

ဇူလိုင် ၊ ၁၃

စစ်ကောင်စီတပ်နဲ့ မဟာမိတ်တပ်တွေကြား တိုက်ပွဲတွေရှိနေတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းမှာ ဒီကနေ့ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး မြို့တွင်းနေရာအနှံ့ကိုလက်နက်ကြီးတွေကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်တချို့ပျက်စီးတာ၊လူထိခိုက်ဒဏ်ရာရတာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ငြိမ်လိုက်ပစ်လိုက်ပဲဗျ” လို့ မိုးကုတ်မြို့ခံတဦးက လက်ရှိတိုက်ပွဲအခြေအနေကို ပြောပြပါတယ်။

မြို့အနှံ့ပစ်ခတ်သံတွေကြားနေရပြီး ဒီကနေ့ နေ့လယ်ပိုင်းကတော့ ကုန်းမြင့်သာယာနဲ့ ပန်းမထိပ်ရွာကြားမှာ တိုက် ပွဲပြင်းထန်ခဲ့သလို အခုနေ့လယ် သုံးနာရီဝန်းကျင်မှာတော့ စည်ပင်သာယာသုဿန်ဘက်မှာ နှစ်ဖက်ပစ် ခတ်မှု တွေရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နာရီပိုင်းအကြာကတော့ မိုးကုတ်မြို့၊ စျေးဟောင်းရပ် မိခင်နဲ့ ကလေးစောင့်ရှောက်ရေးရုံးအနီးမှာ လက် နက်ကြီးကျရောက်ပေါက်ကွဲလို့ နေအိမ်သုံးလုံးထက်မနည်း မီးလောင်ခဲ့ပြီး မီးမငြိမ်းတာကြောင့် ပစ်ခတ်သံ တွေ ကြားကပဲ မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့မြို့ခံတွေဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပါသေးတယ်။

“လက်နက်ကြီး ကျပြီး (မီး)စွဲသွားတာပါ၊ လူတော့မထိခိုက်မိဘူး”လို့အခြေအနေကိုသိတဲ့ မိုးကုတ်မြို့ခံက DNA ကို ပြောပါတယ်။

ဘယ်အဖွဲ့က ပစ်တဲ့ လက်နက်ကြီးကျည် ကျလို့ အခုလို မီးလောင်ကျွမ်းသွားတာလဲဆိုတာကိုတော့ အတိအကျ မသိရပါဘူး။

အလားတူ နောက်ထပ် နေအိမ်တချို့လည်း ပစ်ခတ်မှုတွေကြောင့် ထိခိုက်ပျက်စီးတာတွေရှိနေတယ်လို့ လက်ရှိမိုး ကုတ်မြို့တွင်းမှာရှိနေဆဲ မြို့ခံတွေကပြောကြပါတယ်။

တအာင်းတပ်(TNLA)နဲ့ ပူးပေါင်းတပ်တွေက မိုးကုတ်အနောက်ပိုင်း(ကျပ်ပြင်)ရှိ စစ်ကောင်စီတပ်စခန်းတွေကို ဇွန်လ ၂၉ ရက်လောက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မိုးကုတ် အရှေ့ပိုင်းမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေလို့ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။

ဇွန်လ ၂၅ ရက်ကတည်းက နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မိုးကုတ်မြို့ကနေ မြို့ခံတဝက်လောက် မန္တလေး၊ ပြင်ဦးလွင်ဘက် တိမ်းရှောင်သွားနိုင်ပြီဖြစ်ပေမယ့် တဝက်လောက်ကတော့ လက်ရှိအချိန်ထိ မြို့ထဲ ပိတ်မိနေကြ ဆဲဖြစ်ပါတယ်။

အရင်ရက်တွေတုန်းကလည်း နှစ်ဖက်ပစ်ခတ်မှုတွေအတွင်း လူနေအိမ်တွေအပေါ် လက်နက်ကြီး ကျရောက် ပေါက်ကွဲလို့ လူသေဆုံးထိခိုက်တာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် ကုန်စည်စီးဆင်းမှုပြတ်တောက်နေတာကြောင့် လက်ရှိ မိုးကုတ်မြို့မှာ ပိတ်မိနေသူတွေဟာ ဆန်နဲ့ အစားအသောက်ရိက္ခာတွေ ပြတ်လပ်မှုနဲ့လည်း ကြုံနေရကြရပါတယ်။