မြို့ကို လက်လွှတ်ရတော့မယ့် စစ်ကောင်စီ သံတွဲထောင်မှ အကျဉ်းသားအချို့ကို လွှတ်ပေး

Photo Credit – Western News

ဇူလိုင်၊ ၁၃

သံတွဲမြို့လယ်ရှိ အကျဉ်းထောင်ကို မနေ့ကညနေပိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် အကျဉ်းသားအချို့ပြန်လွှတ်လာခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

“လက်နက်ကြီးကျပြီး မကြာခင်ပဲ တချို့ လွှတ်လာတာ၊ အကုန်လုံးတော့ မလွှတ်ဘူး၊ တချို့ကို စစ်တပ်က ဓါးစားခံခေါ်ထားသေးတယ်၊ သူတို့(စစ်ကောင်စီတပ်)လည်း မြို့ထဲက ထွက် ပြေးဖို့ လုပ်နေပြီ”လို့ အဲဒီအကြောင်း သိထားတဲ့သံတွဲဒေသခံသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ နိုင်ငံရေးအကျဉ်သားတွေအပါအ၀င် အကျဉ်း သားအများအပြားရှိနေတဲ့ သံတွဲထောင်ထဲမှာ အခိုင်အမာစခန်းချ ခံစစ်ပြင်ကာ နေရာယူနေခဲ့တာ ဖြစ်ပါတယ်။

သံတွဲအကျဉ်းထောင်ထဲ ကျရောက် ပေါက်ကွဲတဲ့ လက်နက်ကြီးကျည်ကြောင့် အကျဉ်းသားနှစ်ဦး သေဆုံးပြီး စစ်ကောင်စီတပ်သားအချို့ ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောကြပေမယ့် DNA က သီးသန့်အတည်ပြုလို့မရသေးပါဘူး။

အဲဒီလက်နက်ကြီးကျည်ဟာ စစ်ကောင်စီရဲ့ သဗြုချိုင်ရေတပ်စခန်းကနေ လှမ်းပစ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“မြို့ထဲကို လေယာဉ်နဲ့ရော ရေတပ်ကပါ ပစ်နေတော နှစ်ရက်သုံးရက်ရှိပြီ၊ ထောင်ကိုကျတာလည်း ဒီကောင်တွေ ကိုယ့်ဟာကိုယ်နဲ့ မှားကျလာတာဖြစ်မယ်”လို့ သံတွဲဒေသခံ နောက်တဦးက ပြောပါတယ်။

သံတွဲမြို့ပတ်လည်တောင်ကုန်းတွေနဲ့ အ၀င်အထွက်တွေမှာ စခန်းချနေထိုင်နေခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ငပလီအခြေစိုက်တပ်ရင်းနှစ်ခု လက်လွှတ်လိုက်ရပြီးနောက်ပိုင်း မြို့လယ်အကျဉ်းထောင်၊ အံတော်တံတားနဲ့ ဌာနဆိုင်ရာရုံးတွေကို တပ်ဆုတ်ပြောင်းရွေ့လာခဲ့ကြတာပါ။

အခုအခါ သံတွဲမြို့ထဲမှာ စစ်ကောင်တပ်သားတရာ၀န်းကျင်သာ ကျန်တော့ပြီး မြို့ရဲ့သုံးပုံတပုံလောက်ကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားကာ မြို့ပတ်လည်မှာလည်း နေရာယူပိတ်ဆို့ထားတယ်လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“မြို့ထဲမှာ ရင်ဆိုင်တိုက်ပွဲတော့ မရှိသေးဘူး၊ စကစက ကြောက်ပြီး ဆုပ်ရင်းဆုပ်ရင်းနဲ့ ပိတ်မိနေတာ၊ အခု အဲကောင်တွေ မြို့ထဲ ပိတ်နေပြီ” လို့ ၎င်းက ဆိုပါတယ်။

အာရက္ခတပ်တော်(AA)ဟာ သံတွဲမြို့နဲ့ လေးမိုင်၀န်းကျင်အကွာ ငပလီကမ်းခြေရှိ စစ်ကောင်စီရဲ့ ခမရ ၅၆၆နဲ့ ခလရ ၅၅ တပ်ရင်းတို့နှစ်ခုလုံးကို သိမ်းပိုက်ထားပြီး ငပလီ – သံတွဲလမ်းနဲ့ တောင်ကုတ် – သံတွဲလမ်းပိုင်းတို့ကိုလည်း ထိန်းချုပ်ထားပါတယ်။

သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က သဗြုချိုင်ရေတပ်စခန်း၊ ဂျိတ်တောရွာစခန်းနဲ့ မြို့ပေါ်တပ်သားအချို့တို့သာ ကျန်တော့ပြီး အဲဒီစခန်းတွေ သိမ်းပိုက်ပြီးရင်တော့ မြို့နယ်တခုလုံး AA ထိန်းချုပ်မှုအောက် ရောက်သွားတော့မှာဖြစ်ပါတယ်။

“စစ်တပ်ကတော့ သံတွဲကို လွယ်လွယ်နဲ့ အလွတ်ပေးမယ်မထင်ဘူး၊ လေ ကြောင်း၊ ရေကြောင်းနဲ့ အပြင်းအထန် ကာကွယ်လိမ့်မယ်”လို့ ရခိုင်ဒေသခံ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်က သံတွဲမြို့ထဲကို တိုက်ပွဲတစုံတရာ မရှိဘဲလေကြောင်းတိုက်ခိုက်မှုတွေ ရက်ဆက် လုပ်နေပြီး တိုက်ပွဲကာလ သုံးလကျော်အတွင်း သံတွဲမြို့နယ်တခုတည်းမှာ အရပ်သားသေဆုံးသူ တရာ၀န်းကျင်အထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ထက်၀က်ကျော်(ကိုးမြို့)ကို သိမ်းပိုက်ထားပြီး ပြည်နယ်တခုလုံးထိန်းချုပ်သွားမယ်လို့ ကြေငြာထားတဲ့ AA ဟာ သံတွဲအပြင် မောင်တောမြို့ကိုပါ အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင်နေကာ အမ်းအခြေစိုက်တပ်စခန်း၊ တပ်ရင်းတွေကိုပါ တိုက်ခိုက်နေပါတယ်။

ဒါ့အပြင် သံတွဲမြို့နယ်နဲ့ ကပ်ရပ်၊ ဧရာ၀တီတိုင်းအစပ် ဂွမြို့နယ်မှာလည်း စစ်ရေးပြင်ဆင်မှုတွေ လုပ်နေကာ ကျောက်ဖြူ၊ တောင်ကုတ်မြို့နယ်တို့မှာလည်း နှစ်ဖက်တိုက်ပွဲတွေ မကြာခဏ ရှိနေပါတယ်။