မုန်တိုင်းတွေကြောင့် ရေကြီးရာက မက္ကဆီကို မြို့တချို့ထဲ မိကျောင်းကောင်ရေ ရာနဲ့ချီ ကျူးကျော်

ဇူလိုင် ၊ ၁၃

မုန်တိုင်းတွေကြောင့် ရေကြီးမှုတွေနဲ့အတူ မက္ကဆီကိုရဲ့ မြို့တချို့မှာ မိကျောင်းကောင်ရေ ရာနဲ့ချီပြီး လမ်းတွေ၊ လူနေရပ်ကွက်တွေထဲ ရောက်လာကြတယ်လို့ ဆိုပါတယ်။

ဟာရီကိန်းမုန်တိုင်း ဘာရဲလ်နဲ့ အယ်လ်ဘာတို မုန်တိုင်းတွေကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ မိုးသည်းသည်းထန်ထန် ဆက်တိုက် ရွာသွန်းမှုတွေကြောင့် ဇွန်လကစပြီး အမေရိကန်ပိုင် တက္ကဆက်စ်ပြည်နယ်နဲ့ နယ်စပ်နားက မက္ကဆီကိုရဲ့ မြို့တချို့မှာ မိကျောင်းတွေ ကျူးကျော် ဝင်ရောက်မှုကို ခံနေရတာ ဖြစ်ပါတယ်။

လက်ရှိ အချိန်ထိ အဲဒီမြို့တွေမှာ မိကျောင်း အကောင်ခပ်ကြီးကြီး ၂၀၀ ကျော်ကို တာဝန်ရှိသူတွေက ဖမ်းဆီးပြီး လူ့ရပ်ရွာနဲ့ ဝေးတဲ့ နယ်မြေတွေဆီ ပြန်ပို့ပေးခဲ့ရပြီးပါပြီ။

အဲဒီ သားစား တွားသွားသတ္တဝါတွေ လူနေဒေသတွေဆီ ရောက်လာတာဟာ ဒေသခံတွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုမျိုး ဖြစ်လာပါတယ်။ လက်ရှိ အချိန်ထိတော့ မိကျောင်းတိုက်ခိုက်လို့ လူတွေ ထိခိုက်သေကြေတဲ့ သတင်းတွေ မကြားရသေးပါဘူး။

မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ဒေသတွင်းက မြစ်ချောင်းတွေမှာ အကြီးအကျယ် ရေလျှံပြီး မိကျောင်းတွေက နယ်ကျွံလာတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ ရေပြန်ကျစပြုလာခြင်းနဲ့အတူ မိကျောင်းပြဿနာလည်း လျော့ပါးသွားဖို့ အာဏာပိုင်တွေက မျှော်လင့်နေပါတယ်။

မက္ကဆီကိုမှာ မိကျောင်းတွေဟာ ဥပဒေနဲ့ ထိန်းသိမ်းကာကွယ်ခြင်း ခံထားရတဲ့ တိရစ္ဆာန် မျိုးစိတ်တခုပါ။ မိကျောင်းတွေက လူကိုတိုက်ခိုက်တဲ့ ဖြစ်စဉ်မျိုးက အရမ်းရှားပေမယ့် ကြုံတွေ့ခဲ့ဖူးတာတွေတော့ ရှိပါတယ်။ ပြင်းထန်တဲ့ လေမုန်တိုင်းတွေကြောင့် မိကျောင်းတွေ လူနေရပ်ကွက်ထဲထိ ရောက်လာတဲ့ ဖြစ်စဉ်မျိုးဟာ အရင်ကလည်း မက္ကဆီကိုနဲ့ အမေရိကန်တို့မှာ ကြုံတွေ့ခဲ့ဖူးပါတယ်။ ဒါ့အပြင် ကမ်းရိုးတန်း ဒေသတွေမှာ ပင်လယ်ရေတွေ စီးဝင်ရာက ငါးမန်းတွေပါ ပါလာတဲ့ ရှားပါးဖြစ်စဉ်မျိုးတွေလည်း ပေါ်ပေါက်ခဲ့ဖူးပါတယ်။

Ref: CBS