လားရှိုးကအထက်တန်းကျောင်းထဲ လက်နက်ကြီးကျလို့ အထက်တန်းပြဆရာတဦးအပါအဝင်သုံးဦးသေဆုံး

ဇူလိုင် ၊ ၁၁

စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ လားရှိုးမြို့မှာ အထက်တန်းကျောင်း ထဲ လက်နက်ကြီးကျလို့ ကျောင်းဆရာတဦးအပါအဝင် သုံးဦးသေဆုံးသွားတယ်လို့ မြို့ခံတွေဆီ ကသိရပါတယ်။

လားရှိုးမြို့ ရပ်ကွက် (၉) မှာရှိတဲ့ အထက(၅)ကျောင်းဝန်းထဲ ဒီကနေ့ ညနေ လေးနာရီခွဲလောက်က လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အဲ့ဒီကျောင်းက အထက်တန်းပြ သင်္ချာနဲ့ကာလနည်းပြဆရာ ဦးသက် နိုင်ဦး၊နောက်ထပ် ကျောင်းဆရာမနှစ်ဦးတို့ရဲ့ မိသားစုဝင်တဦးစီ စုစုပေါင်းသုံးဦးသေဆုံးခဲ့တာလို့သိရပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခရှိရာ လားရှိုးမြို့မှာ တိုက်ပွဲတွေစဖြစ်တဲ့  ဇူလိုင် ၃ရက်ကစလို့ ဒီကနေ့အထိ အရပ်သားသေဆုံးထိခိုက်မှု မြင့်တက်နေပြီး သေဆုံးသူနှစ်ဆယ်ဝန်းကျင်နဲ့ ဒဏ်ရာရသူ ဆယ်ချီ ရှိနေပါတယ်။

ဒီကနေ့ လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့ အထက(၅)ကျောင်းဟာ စစ်ကောင်စီရဲ့ ရမခဌာနချုပ်ဧည့်ရိပ်သာ အဆောက်အအုံ၊၆၂၆ ထောက်ပို့တပ် တို့အနီးမှာရှိတာဖြစ်ပါတယ်။

မြို့တွင်းအထိ နှစ်ဖက်တိုက်ပွဲတွေဖြစ်လာပြီးနောက် အဲ့ဒီစာသင်ကျောင်းထဲ လာရောက်ခိုလှုံနေထိုင်ကြသူတွေရှိ နေတယ်လို့လည်းကျောင်းနဲ့ နီးစပ်တဲ့ လားရှိုးမြို့ခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့နှစ်ရက်အကြာ ဇူလိုင် ၁၀ရက်ကလည်း လားရှိုးမြို့ ရပ်ကွက်(၉)နယ်မြေ(၃)ဘူတာရုံ သံလမ်းဘေးမှာ လက် နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတဦး၊အမျိုးသားတဦးနဲ့ ကလေးတဦးသေဆုံးကာ ၁၂ဦးဒဏ်ရာရခဲ့ တယ်လို့  တအာင်းတပ် TNLA ကထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မနေ့ကလည်း လားရှိုးမြို့ ရပ်ကွက်(၁)၊ရပ်ကွက်(၁၀)နဲ့ ရပ်ကွက်(၈)တို့မှာ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုတွေကြောင့် အရပ်သားလေးဦးသေဆုံးခဲ့ပါသေးတယ်။

လက်ရှိလားရှိုးတိုက်ပွဲတွေအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ မြို့တွင်းရပ်ကွက်တွေထဲ ရှော့ တိုက်ဒုန်းတွေ ကျရောက်ပေါက်ကွဲတာလို့ ဒေသခံတွေကပြောကြတာရှိသလို စစ်ကောင်စီနဲ့ တော်လှန်ရေးတပ် တွေကတော့ အပြန်အလှန် စွပ်စွဲထားကြပါတယ်။

တအာင်းတပ် TNLA ကတော့ ရှမ်းမြောက်မှာ တကျော့ပြန်တိုက်ပွဲတွေပြန်ဖြစ်ခဲ့တဲ့ ဇွန်လ ၂၅ရက်ကနေ ဒီကနေ့ အထိ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၅၈ဦးသေဆုံးပြီး ဒဏ်ရာ ရသူ ၈၂ဦးအထိ ရှိနေတယ်လို့ ဆိုပါတယ်။