Photo – TNLA
ဇူလိုင်၊ ၁၁
TNLA နဲ့ ပူးပေါင်းတပ်တွေက မြို့တွင်းနယ်မြေတွေကို ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကျောက်မဲမြို့မှာ စစ်ကောင်စီသတင်းပေးဆိုသူ ၁၆ဦးအပါအဝင် လူဦးရေ ၁၈၀လောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တအာင်းတပ် TNLA က ဒီကနေ့ထုတ်ပြန်ပါတယ်။
ဖမ်းဆီးထားသူတွေထဲ တိုက်ပွဲကာလအတွင်း TNLA နဲ့ပူးပေါင်းတပ်တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို စစ်ကောင် စီထံသတင်းပေးခဲ့သူ (၁၆)ဦးအပြင် စစ်ကောင်စီအမှတ်အသားပါလက်နက်ကိုင်ဆောင်သူတဦးလည်းပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါးသုံးစွဲသူ (၁၅၇)ဦး၊ မူးယစ်ဆေးရောင်းသူ သုံးဦး၊ စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ဖောက် ထွင်းခိုးယူသူ နှစ်ဦး၊ မူးယစ်ရမ်းကားသူ နှစ်ဦးတို့ကိုလည်းဖမ်းဆီးထားတာပါ။
ဖမ်းဆီးခံရသူတွေထဲ အမျိုးသမီး စုစုပေါင်း ၁၂ဦးလည်းပါဝင်ပြီး သူတို့ကိုတော့ မူးယစ်ဆေးရောင်းဝယ်သုံးစွဲ တာကြောင့် ဖမ်းဆီးတာလို့ TNLA ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
တအာင်းတပ် အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမစခင်က ကျောက်မဲမြို့အနီးအထိ မူးယစ်ရေးတိုက်ဖျက်ရေး လုပ်ငန်းတွေဆောင်ရွက်ခဲ့တာကြောင့် မူးယစ်ဆေးသုံးစွဲသူတွေဟာ စစ်ကောင်စီထိန်းချုပ်မှုအောက်က ကျောက်မဲ မြို့ထဲ ထွက်ပြေးခဲ့ကြတာလို့လည်းဆိုပါတယ်။
အခု ဖမ်းဆီးထားသူတွေကို လိုအပ်တဲ့ စစ်ဆေးဆောင်ရွက်မှတွေနဲ့ အရေးယူမှုတွေဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။
TNLA နဲ့ ပူးပေါင်းတပ်တွေက ဇွန်လ ၂၅ရက်မှာ ကျောက်မဲမြို့အပါအဝင် ရှမ်းပြည်နယ်နဲ့ မန္တလေးထိစပ် ဒေသ တွေမှာ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအဖြစ် ထိုးစစ်ဆင်တွေစတင်ခဲ့ပါတယ်။အဲ့ဒီနောက်ရက်ပိုင်းအတွင်းမှာပဲ ကျောက်မဲမြို့တွင်းစစ်ကောင်စီတပ်စွဲရာနေရာတွေနဲ့ ဌာနဆိုင်ရာရုံးတွေကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ကျောက်မဲမြို့အနီးက မြို့အပြင်ဘက်မှာတော့ စစ်ကောင်စီရဲ့ ခမရ ၅၀၁နဲ့ ၅၀၂ တပ်ရင်းနှစ်ခုရှိနေပြီး အဲ့ဒီတပ်ရင်းတွေကိုတော့ ဒီကနေ့အထိ မသိမ်းပိုက်နိုင်သေးပါဘူး။
အဲ့ဒီတပ်ရင်းနှစ်ခုကို TNLAပူးပေါင်းတပ်ကသွားရောက်တိုက်ခိုက်မှုတွေလည်းရှိနေပြီး ဒီကနေ့မှာလည်း ခမရ ၅၀၁ တပ်ရင်းထဲကနေ ကျောက်မဲမြို့နယ် ဟူးကွတ်ရွာဘက်ကို အတွဲလိုက်ဒုံး လေးလုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့စစ်ရေးသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လက်ရှိမှာ TNLA ပူးပေါင်းတပ်က အပြီးသတ်ထိန်းချုပ်နိုင်သွားပြီဖြစ်တဲ့နောင်ချိုမြို့မှာလည်း TNLA က စစ် ကောင်စီသတင်းပေးနဲ့ စစ်တပ်ထောက်ခံသူပြည်ခိုင်ဖြိုးပါတီဝင်တွေကိုဖမ်းဆီးတာ၊ တော်လှန်ရေးတပ် တွေရဲ့ သတင်းတွေကိုစစ်တပ်ဆီပေးပို့ခဲ့တယ်ဆိုသူတွေရဲ့နေအိမ်တွေကိုချိပ်ပိတ်တာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။
TNLA နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေဟာ ဒီကနေ့ ညနေပိုင်းကနောင်ချိုမြို့နယ် ဂုတ်တွင်းအနီးတဝိုက်မှာ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့သိရပါတယ်။
နောင်ချိုမြို့တွင်းမှာ စစ်ကောင်စီတပ်တွေ လုံးဝကင်းစင်သွားပြီဖြစ်ပေမယ့် ကမ္ဘာကျော် ဂုတ်ထိပ်တံတားရှိရာ ဂုတ် တွင်းအနီးတဝိုက်မှာတော့ မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့တာပါ။ဒီကနေ့တိုက်ပွဲမှာ စစ် ကောင်စီက ဂျက်ဖိုက်တာနဲ့တကြိမ် လေကြောင်းကတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
သံလွင်မြစ် အနောက်ဘက်ကမ်းပေါ်မှာရှိပြီး “ဝ”တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ “ဝ”ဒေသနဲ့လည်း ထိစပ်နေတဲ့ တန့် ယန်းမြို့နယ်ထဲမှာတော့ TNLA ဘက်က စတင်တိုက်ခိုက်မှု မနေ့က ပြုလုပ်ခဲ့ပြီးနောက် UWSA တပ်ဖွဲ့ဝင်နှစ် ထောင်လောက် တန့်ယန်းမြို့နယ်ထဲ ဝင်ရောက်လာတာလည်းရှိနေပါတယ်။
အဲ့ဒီလိုဝင်ရောက်ခဲ့တာနဲ့ ပတ်သက်လို့ ဘာကြောင့်ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် စစ်ကောင်စီ လော်ဘီအုပ်စုတွေက ဒေသအခြေစိုက်စစ်ကောင်စီတပ်နဲ့ UWSA တို့ကြား ဆွေးနွေးမှုလုပ်ခဲ့ပြီး အဆင်ပြေ တယ်လို့ ဆိုကြပါတယ်။
“ဝ”တပ်ဖွဲ့ရဲ့ လားရှိုးဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကတော့ ပဋိပက္ခတွေ ထပ်ပြီးကျယ်ပြန့်မ လာအောင် စစ်ကောင်စီနဲ့ညှိနှိုင်းပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ “ဝ”တပ်ဖွဲ့ဝင်အများအပြား တန့်ယန်းနယ် ထဲဝင်ရောက် ခဲ့တာလို့ မြန်မာနောင်းသတင်းဌာနကိုပြောထားတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ဟိုပန်နဲ့ ပန်လုံမြို့တွေကို ညီနောင်မဟာမိတ်သုံးဖွဲ့က ထိုးစစ်ဆင်လာ ချိန် UWSA တွေက ကြားဝင်ညှိနှိုင်းခဲ့ပြီး နောက်ပိုင်းမှာ အဲ့ဒီနှစ်မြို့လုံးကိုလွဲပြောင်းရယူထိန်းချုပ်ကာ “ဝ” အုပ် ချုပ်ရေးအောက်ထည့်သွင်းခဲ့ပါတယ်။