ဘဏ်အားလုံးနီးပါး ပိတ်ထားတဲ့ ရခိုင်မှာ ငွေထုတ်ခ အဆမတန်ဈေးတက်

Photo – AFP

ဇူလိုင်၊ ၁၁

ဒေသတွင်းတိုက်ပွဲတွေကြောင့် ဘဏ်တွေအားလုံးနီးပါး ပိတ်ထားတဲ့ ရခိုင်မှာ ငွေထုတ်ခတွေ အဆမတန်ဈေးတက်နေပြီးကျပ် တသိန်းကို ထုတ်ခတသောင်းကျော်အထိ ပေးထုတ်နေကြရတယ်လို့ ငွေလွှဲငွေထုတ်လုပ်ငန်းသူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

ဘဏ်တွေ ပိတ်ထားလို့ ငွေသား ထုတ်ရခက်ခဲတာ၊ စစ်ကောင်စီတပ်က ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက်ထားတာ၊ ပြည်မကနေ ငွေသား သယ်ယူရခက်ခဲတာတို့ကြောင့် ဈေးတက်နေတာလို့ ဆိုပါတယ်။

“အရင်ကတော့ လမ်းကြောင်းနည်းနည်း ရှိသေးတယ်၊ အခုက ငွေသယ်လို့လုံး ၀နီးပါး မရတော့ဘူး၊ စစ်တပ်နဲ့ တွေ့ရင်ဖမ်းတယ်”လို့ ရခိုင်မြောက်ပိုင်းမြို့နယ်တခုမှ ငွေလွှဲငွေထုတ်လုပ်ငန်းလုပ်ကိုင်သူတဦးက ပြောပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့လတွေတုန်းက ငွေသားတသိန်းကို ထုတ်ခ ငါးထောင်၀န်းကျင်သာ ပေးခဲ့ရရာကနေ ပြည်နယ်တောင်ပိုင်း တိုက်ပွဲတွေ ဖြစ်လာချိန်မှာတော့ ငွေထုတ်ခ တဟုန်ထိုးတက်သွားခဲ့ပြီး တသိန်းကို တသောင်းကနေ တသောင်းခွဲအထိပေးကြရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်အားလုံးရှိ ဘဏ်တွေ ပိတ်သွားပြီဖြစ်ပြီး တောင်ပိုင်းမှာလည်း ကျောက်ဖြူ၊ ဂွ၊ တောင်ကုတ်၊ အမ်းမြို့နယ်တို့မှာသာ ဘဏ်တွေ ဖွင့်တော့တယ်လို့ ဘဏ်၀န်ထမ်းတွေက ပြောကြပါတယ်။

“ရခိုင်မှာ ဘဏ်တွေ ဖွင့်ပေမယ့် ဘာမှမထူးဘူး၊ ငွေထုတ်လို့မှ မရတော့တာ၊ ဗမာပြည်ဖက်ကနေ အောက်လမ်းက ယူရတာ၊ အခု လမ်းကြောင်းတအားခက်နေတယ်”လို့ ငွေလွှဲငွေထုတ်လုပ်ငန်းလုပ်ကိုင်သူနောက်တဦးက ပြောပါတယ်။

အဲဒီလို ငွေထုတ်ခတွေစျေးကြီးနေတာကြောင့် ပြည်ပအလှူရှင်တွေရဲ့ ငွေလွှဲထောက်ပံ့မှုတွေကို အားကိုးကာ ဒေသတွင်းစစ်ဘေးရှောင်တွေအပေါ် ကူညီပေးနေတဲ့အဖွဲ့အစည်းတွေအနေနဲ့လည်း အခက်ကြုံကြရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောကြပါတယ်။

ရခိုင်ဒေသတိုက်ပွဲတွေဟာ ၂၀၂၃ ခု နိုဝင်ဘာ ၁၃ ရက်နေ့မှာ စခဲ့ပြီး အဲဒီနေ့မှာပဲ  ရခိုင်ပြည်တွင်းလမ်းတွေနဲ့ ရခိုင်ပြည်သို့ ပြည်မကနေ ဆက်သွယ်ထားတဲ့လမ်းတွေအားလုံးကို စစ်ကောင်စီက ပိတ်ခဲ့တာကြောင့် ကုန်စည်စီးဆင်းမှု လုံး၀နီးပါး ရပ်တန့်ခဲ့ရတာပါ။

အဲဒီနောက် နှစ်လဝန်းကျင်အကြာ ၂၀၂၄ ဇန်နဝါရီလလယ်မှာတော့ စစ်တွေအပါအဝင် မြို့နယ်အားလုံးနီးကို အင်တာနက်နဲ့ ဖုန်းလိုင်းတွေကိုပါ ထပ်မံဖြတ်တောက်ခဲ့ပါတယ်။

လက်ရှိမှာ AA ဟာ ပြည်နယ်မြောက်ပိုင်းက ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏာကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တောနဲ့ အလယ်ပိုင်းရှိ ရမ်းဗြဲမြို့နယ်တို့ကို သိမ်းပိုက်ထားကာ သံတွဲ၊ မောင်တောနဲ့ အမ်းမြို့နယ်တို့ကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေကာ တောင်ကုတ်၊ ကျောက်ဖြူမြို့နယ်တို့မှာလည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ပြီးခဲ့တဲ့ ၂၀၁၉ ၊ ၂၀၂၀ တိုက်ပွဲကာလတုန်းကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်အားလုံးနီးပါးမှာ အင်တာနက်တွေ ဖြတ်တောက်ခဲ့တာကြောင့် ဒေသတွင်း ငွေလွှဲလုပ်ငန်းတွေ ရပ်တန့်ကာ အခက်ကြုံခဲ့ရပါတယ်။

ဒါ့အပြင် ကိုဗစ်ကာလတုန်းကလည်း ဘဏ်တွေမှာ ငွေထုတ်ပမာဏ ကန့်သတ်လိုက်တာကြောင့် ငွေထုတ်ခတွေ အဆမတန် မြင့်တက်ခဲ့ဖူးပါတယ်။