မတ္တရာ လေကြောင်းရန်ကာတပ်ကနေ လေယာဉ်ပစ်စက်သေနတ်အကြီးတွေရခဲ့ပြီး လေ့ကျင့်ပြင်ဆင်ပြီးပြီလို့ MDY-PDFဆို

ဇူလိုင် ၊ ၁၁

ရှမ်း-မန်း စစ်ဆင်ရေးအတွင်း မတ္တရာမြို့နယ် အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်ကို သိမ်းပိုက်ရာမှာ လေယာဉ်ပစ်စက်သေနတ်အကြီးတွေရရှိခဲ့ကာ လေ့ကျင့်ပြင်ဆင်ခဲ့ပြီးပြီလို့ MDY-PDF က ဒီကနေ့ ထုတ်ပြန်လိုက် ပါတယ်။

အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ်ကနေသိမ်းယူနိုင်ခဲ့တဲ့ လေယာဉ်ပစ် စက်သေနတ်ကြီးတွေဟာ ပေ ၃၅၀၀အကွာအဝေးလောက်အထိပစ်ခတ်နိုင်ပြီး လက်ရှိတိုက်ခိုက်ရေးရဟတ်ယာဉ်တွေကိုခြိမ်းခြောက်နိုင် သလို တိုက်လေယာဉ်တွေအနိမ့်ပျံချိန်မှာလည်းပစ်လို့ရနိုင်တယ်လို့ လေတပ်CDMတပ်ကြပ်ကြီးဇေယျက DNAကို ပြောပါတယ်။

မတ္တရာနဲ့နောင်ချိုအစပ် အင်ကြင်းမြိုင်ရွာက ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်ကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)MDY-PDF နဲ့ပူးပေါင်းတပ်က လက်ရှိထိုးစစ်စတင်အပြီး ရက်ပိုင်းအကြာမှာ တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီစခန်းအပါအဝင် မတ္တရာမြို့နယ်ထဲက စခန်းရှစ်ခုကို သိမ်းပိုက်ရာမှာ လက်နက်မျိုးစုံ ၁၂၅လက် ရခဲ့တယ်လို့ MDY-PDF က ဇူလိုင် ၂ရက်မှာထုတ်ပြန်ပေမယ့် လေယာဉ်ပစ်စက်သေနတ်ကြီးတွေရခဲ့တယ်ဆိုတာကိုတော့ ဒီက နေ့မှ အသိပေးလာတာဖြစ်ပါတယ်။

ဒါ့အပြင် နောင်ချိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ခမရ ၁၁၄၊၁၁၅နဲ့ အမတ ၆၀၆တပ်စခန်း တွေကိုသိမ်းပိုက်ရာမှာလည်း အတွဲလိုက်ပစ်ဒုံးလက်နက်တွေအပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်း ဆည်းရရှိထားတယ်လို့ ဖော်ပြထားပါသေးတယ်။

၆၀၆ ဒုံးတပ်ရင်းကို မနေ့က နေ့လယ်သုံးနာရီမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ တအာင်းတပ် TNLA ကလည်းအတည်ပြုထားပါတယ်။နောင်ချိုမှာ နောက်ဆုံးကျန်နေတဲ့အဲ့ဒီတပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် လက်ရှိ ရှမ်း-မန်း ထိုးစစ်ကာလအတွင်း နောင်ချိုမြို့ဟာ ပထမဆုံးအပြီးသတ်သိမ်းပိုက်နိုင်တဲ့မြို့ဖြစ်လာပါတယ်။

စစ်ကောင်စီရဲ့ လက်နက်တပ်စခန်းတွေကိုလည်း အမြန်ဆုံးလက်နက်ချဖို့လိုက်တွန်းလိုတယ်လို့ MDY-PDF ကဆိုပါတယ်။

လက်နက်ချလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကောင်းမွန်စွာရှင်သန်နေထိုင်ခွင့်ပြုမှာဖြစ်ပြီး လက်နက် မချတဲ့စခန်းတွေကိုတော့ ပြင်းပြင်ထန်ထန် ဆက်လက်ထိုးစစ်ဆင်မယ်လို့ ဖော်ပြထားပါတယ်။