လောင်းလုံးမှာ စစ်တပ်က ပစ်ခတ်လို့ ဆယ်ကျော်သက် မိန်းကလေးတဦး သေဆုံး

ဇူလိုင် ၊ ၁၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာမှာ ဇူလိုင် ၁၀ ရက်၊ မနေ့ နေ့လယ် သုံးနာရီလောက်က စစ်ကောင်စီတပ် သေနတ်နဲ့ ပစ်ခတ်လို့ အသက် ၁၆ နှစ်အရွယ် မိန်းကလေး ငယ်တဦး သေဆုံးသွားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

“တိုက်ပွဲဖြစ်လို့ ဗုံးခိုကျင်းထဲ ဝင်ပုန်းနေတာ၊ သူ့ အဖေနဲ့ အမေကိုက စစ်တပ်က ဖမ်းပြီး အိမ်ပေါ်မှာ ဝပ်ခိုင်းထားတာ၊ ပြောနေဆိုနေသံကြားတော့ စိတ် ပူလို့ ထွက်ပြေးပြီးလာကြည့်တာနဲ့ ပစ်လိုက်တာ၊ အိမ်နားတောင်မရောက်သေးဘူး ပစ်ထည့်လိုက်တာ ” လို့ သေဆုံးသူနဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။

သေဆုံးသွားသူဟာ မသက်ထားခိုင်(ခ) ဝိုင်းလေး ဆိုသူ မိန်းကလေးငယ်ဖြစ်ပြီး လက်မောင်းဆုံက နေတဆင့် အဆုတ်တဝိုက်ကို ကျည်ဆံ ဖောက် ထွင်းဝင်ရောက်သွားတယ်လို့ သိရပါတယ်။

“ထားဝယ်(ဆေးရုံ) သယ်သွားဖို့လုပ်သေးတယ်၊ စစ်တပ်က လောင်းလုံးဆေးရုံကိုပဲ သွားခိုင်းလို့ သွား မယ်လုပ်တော့ အသက်မရှိတော့ဘူး၊ ဘယ်မှကိုမ ယူသွားလိုက်ရဘူး” လို့ ဆွေမျိုးတော်စပ်သူ အမျိုးသမီးက ပြောပါတယ်။

မသက်ထားခိုင်တို့ရဲ့ အိမ်နဲ့အနီးတဝိုက်မှာ သဗျာရွာနဲ့ ကပ်လျက် လောင်းလုံးမြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မနက် ၁၁ နာရီလောက်ကတည်းက နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ကာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ အချိန်အတွင်းမှာပဲ မသက်ထားခိုင်တို့အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ရောက်လာခဲ့ပြီး အဖေဖြစ်သူနဲ့ အမေဖြစ်သူတို့ နှစ်ဦးကို ဖမ်းဆီးထားခဲ့တာပါ။

အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေအိမ်က ပြန်ထွက်သွားချိန်မှာတော့ နေအိမ်ရှိ လက်ကိုင်ဖုန်း ငါးလုံး၊ ပိုက်ဆံတချို့နဲ့ ရွှေထည်တချို့ကိုလည်း ယူသွားတယ်လို့သိရပေမယ့် ယူသွားတဲ့ ပိုက်ဆံနဲ့ ရွှေ ပမာဏကိုတော့ မသိရသေးပါဘူး။

ဒါ့အပြင် အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အနီးတဝိုက်အိမ်တွေကိုလည်း ဖောက်ထွင်းဝင်ရောက်ခဲ့သေးတယ်လို့ သိရပါတယ်။

“အိမ်မှာလည်း ကန်ဖွင့်ထားတာ၊ အခုတော့ ရွာမှာ လူသိပ်မရှိတော့ဘူး၊ ရှောင်ကုန်ကြပြီ၊ အသုဘအိမ်မှာပဲ လူနည်းနည်းတွေ့တယ်” လို့လည်း သဗျာရွာခံ အမျိုးသမီးတဦးက ပြောပါတယ်။

အဲဒီ သဗျာကျေးရွာမှာပဲ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ဆိုင်ကယ်အတူစီးနင်းလာတဲ့ ရွာခံ ဆယ်ကျော်သက် မောင်နှမနှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်လို့ အစ်ကိုဖြစ်သူ အသက် ၁၄ နှစ်အရွယ် ကလေးငယ်တဦးသေဆုံးခဲ့ပြီး အသက် ၁၂ နှစ်အရွယ် ညီမဖြစ်သူ ကျည်ဆံထိမှန် ဒဏ်ရာရခဲ့ပါသေးတယ်။