အင်းဆက်မျိုးစိတ် တဒါဇင်ကျော်ကို စားသောက်ကုန်အဖြစ် စင်ကာပူ သတ်မှတ်၊ သွင်းကုန်ကဏ္ဍအတွက် လမ်းဖွင့်ပေး

ဇူလိုင်၊ ၁၀

အင်းဆက်ပိုးမွှား မျိုးစိတ် ၁၆ ခုကို စားသုံးဖို့ သင့်တော်တဲ့ အစားအသောက်တွေအဖြစ် စင်ကာပူ အာဏာပိုင်တွေက အသိအမှတ်ပြုလိုက်ပါတယ်။

နိုင်ငံတကာမှာ အင်းဆက်ပိုးမွှားတွေ စားသောက်မှု ဓလေ့ထုံးစံ ကျယ်ပြန့်လာတာနဲ့အမျှ စင်ကာပူကလည်း နှံကောင်၊ ပုရစ်နဲ့ ကျိုင်းကောင်တွေ အပါအဝင် အင်းဆက် ၁၆ မျိုးကို အစားအသောက်အဖြစ် ရောင်းချဖို့ ခွင့်ပြုလိုက်ခြင်း ဖြစ်ပါတယ်။

စင်ကာပူရဲ့ အစားအသောက် အေဂျင်စီ (SFA)ရဲ့ ခွင့်ပြုချက်ဟာ ချက်ချင်း အသက်ဝင်မှာဖြစ်ပြီး အကျိုးဆက် အနေနဲ့ အရှေ့တောင်အာရှ ဒေသတွင်းက မြို့ပြနိုင်ငံဆီကို အင်းဆက်ပိုးတွေ စားသောက်ကုန်အဖြစ် တင်သွင်းခြင်းကိုပါ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

SFAရဲ့ ခွင့်ပြုချက် ရရှိထားတဲ့ အင်းဆက် ၁၆ မျိုးကို လူသားတွေ စားသုံးဖို့၊ တိရစ္ဆာန်တွေကို အစာအဖြစ် ကျွေးမွေးဖို့၊ တိရစ္ဆာန် အစာထုတ်လုပ်မှုမှာ ထည့်သွင်းအသုံးပြုဖို့ ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။

အခုကြေညာချက်ဟာ တရုတ်၊ ထိုင်းနဲ့ ဗီယက်နမ်တို့မှာရှိတဲ့ အင်းဆက် မွေးမြူရေး လုပ်ငန်းတွေကနေ စားသောက်ကုန် တင်သွင်းဖို့ ချိတ်ဆက် ဆွေးနွေးနေတဲ့ စင်ကာပူ ကုမ္ပဏီတွေအတွက် အခွင့်အလမ်းကောင်း ဖြစ်လာစေတယ်လို့ Straits Times သတင်းစာက ဖော်ပြခဲ့ပါတယ်။

SFAရဲ့ လမ်းညွှန်ချက်ထဲမှာတော့ ပြည်တွင်းကို တင်သွင်းမယ့် အင်းဆက်တွေဟာ  အလေ့ကျ ပေါက်ပွားတာမျိုး မဟုတ်ဘဲ သတ်မှတ် စံနှုန်းတွေနဲ့အညီ မွေးမြူထားတဲ့ ခြံတွေကနေ ရောက်လာတာ ဖြစ်ရမယ်လို့ ကန့်သတ် ပြဋ္ဌာန်းထားပါတယ်။ ဒါ့အပြင် အဲဒီပိုးမွှားတွေကို သက်ဆိုင်ရာ စည်းမျဉ်းတွေနဲ့အညီ စနစ်တကျ မွေးမြူထားတယ်ဆိုတဲ့ သက်ဆိုင်ရာ နိုင်ငံအလိုက် အာဏာပိုင်တွေဆီက ထောက်ခံစာတွေကို တင်ပြဖို့လည်း လိုမယ်လို့ SFAက လမ်းညွှန်ထားပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အာဖရိ၊ အာရှ၊ လက်တင်အမေရိကနဲ့ သမုဒ္ဒရာပိုင်းဇုန် ဒေသတချို့မှာ အင်းဆက်တွေကို အစားအသောက်အဖြစ် ခုံခုံမင်မင် လက်ခံစားသောက်တဲ့ အလေ့အကျင့်က သိသိသာသာ မြင့်တက်လာပါတယ်။ ဓာတ်ခွဲ သုတေသနပြု လေ့လာမှုတွေ အရလည်း နှံကောင်၊ ကျိုင်းကောင်နဲ့ သင်ပေါင်းပိုးတို့လို အင်းဆက်တွေမှာ လူသားတွေအတွက် လိုအပ်တဲ့ ပရိုတိန်း၊ အန်တီအောက်စီဒန့်တွေနဲ့ ဓာတ်ဆားတွေ ကြွယ်ကြွယ်ဝဝ ပါဝင်တယ်လို့ သိရပါတယ်။

Ref: Straits Times