မိုးကုတ်နဲ့ မိုးမိတ်က စစ်ကောင်စီစခန်းလေးခုကို TNLA ထပ်သိမ်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး တဦးသေဆုံး

Photo – TNLA

ဇူလိုင်၊ ၉

ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေအတွင်း မိုးကုတ်မြို့နယ်နဲ့ မိုးမိတ်မြို့နယ်တို့က စစ် ကောင်စီစခန်းနှစ်ခုစီကို ဒီကနေ့ ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းတပ် TNLA က ထုတ်ပြန် အသိပေးပါ တယ်။

မိုးကုတ်မြို့အနောက်ပိုင်းကို သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်တဲ့ TNLA ပူးပေါင်းတပ်တွေဟာ မိုးကုတ်အရှေ့ပိုင်းက စစ်ကောင်စီစခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်နေပြီး ၅မိုင်စခန်းနဲ့ ယောမူးစခန်းတို့ကို ဒီကနေ့ နေ့လယ် နှစ်နာရီဝန်းကျင်မှာ သိမ်းပိုက်နိုင်ခဲ့တာလို့သိရပါတယ်။

TNLA ပူးပေါင်းတပ်တွေဟာ ဇွန်လကုန်ပိုင်းကလည်း မိုးကုတ်အရှေ့ပိုင်းက အောင်သာယာနဲ့ အာကာမိုး တပ်စခန်း တွေကို သိမ်းပိုက်ထားပါသေးတယ်။

မိုးမိတ်မြို့နယ်မှာတော့ မနေ့ကသိမ်းပိုက်ခဲ့တဲ့ မိုးမိတ်မြို့တောင်ဘက် လယ်ကြီးရွာအနီးက သရက်တောစခန်းနဲ့ မိုင်တိုင်၆ တပ်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မိုးမိတ်မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေချိန် စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ခြောက်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရွှေ တောင်ဦးရွာက နေအိမ်တအိမ်ပေါ်ကိုလည်း ကျရောက်ပေါက်ကွဲကာ ၁၁နှစ်အရွယ် ကလေးတဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

အလားတူ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ သရက်တောရွာ ဘုန်းကြီး ကျောင်းထဲ ကိုလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ သံဃာတပါး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ဖော်ပြထားပါ တယ်။အဲ့ဒီလက်နက်ကြီးဟာ စစ်ကောင်စီဘက်က ပစ်ခတ်တာလို့ TNLA ကဆိုပါတယ်။

ဒါ့အပြင် နောင်ချိုမြို့နယ် သဲခေါ်ရွာအနီးတဝိုက်နဲ့ ၆၀၆ ဒုံးတပ်ရင်းတို့မှာလည်း တိုက်ပွဲတွေဆက်ဖြစ်ခဲ့ပြီး စစ် ကောင်စီက သဲခေါ်ရွာဘက်ကို ဘန့်ဘွေးဘက်ကနေ အတွဲလိုက်ဒုံး ၃၁လုံးပစ်ခတ်ခဲ့သလို ၆၀၆ ဒုံးတပ်ရင်း အနီးတဝိုက်ကိုတော့ ဂျက်ဖိုက်တာနဲ့ တကြိမ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ကျောက်မဲမြို့နယ် တော့ဆန်ရွာကိုလည်း ဂျက်ဖိုက်တာနဲ့တကြိမ်၊လက်နက်ကြီးနှစ်ကြိမ်၊ တန့်ယန်းမြို့နယ် မန်ကတ် စစ်ကောင်စီစခန်းကနေ လားရှိုးမြို့နယ် နားဆောင်ရွာဘက်ကို လက်နက်ကြီးရှစ်ကြိမ် လည်း တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ နှစ်ဖက် ထိခိုက်သေဆုံးမှုအခြေအနေတွေ ကိုတော့ မသိရသေးပါဘူး။