Photo – Dwarawaddy-Sandoway
ဇူလိုင်၊ ၅
သံတွဲမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့အခြေစိုက်တပ်ရင်းနှစ်ခုဖြစ်တဲ့ ခမရ ၅၆၆ နဲ့ ခလရ ၅၅ တို့နှစ်ခုလုံးကို အာရက္ခတပ်တော်(AA)က အပြီးတိုင်သိမ်းပိုက်လိုက်ပြီလို့ AA နဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းတည်ရှိရာ မြို့နယ်မြောက်ပိုင်း၊ လေဆိပ်နဲ့ ခမရ ၅၆၆ တပ်ရင်းတို့ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ AA ဟာ နောက်ဆုံးလက်ကျန်အခြေစိုက်တပ်ရင်း ခလရ ၅၅ ကိုပါ ဆက်လက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
“ဟိုတရက်နေ့ကတည်းက ၅၅ က ကောင်တွေ ဂျိတ်တောဖက် ထွက်ပြေးနေကြတာ၊ အခု ၅၅ ထဲမှာ တကောင်မှ မကျန်တော့ဘူး၊ AA က ရှင်းလင်းရေး လုပ်နေပြီ”လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က DNA ကို ပြောပါတယ်။
လက်ကျန်တပ်ရင်း ခလရ ၅၅က စစ်ကောင်စီတပ်သားလေးရာ၀န်းကျင်ဟာ ငပလီကမ်းခြေတလျောက်ရှိ လင်းသာ၊ မြပြင်ရွာတို့ကို ဖြတ်ကာ တပ်ဆုပ်ထွက်ပြေးခဲ့တာဖြစ်ပြီး ပင်လယ် ဆိပ်ကမ်း ဂျိတ်တောရွာထဲမှာ စခန်းချနေကြတယ်လို့ ဆိုပါတယ်။
“အဲကောင်တွေ ထွက်ပြေးတော့ လမ်းမှာ တိုက်ပွဲဖြစ်သေးတယ်၊ အခုတော့ ငြိမ်နေတယ်၊ ဂျိတ်တောကပါ ထပ်ပြီး ပြေးဖို့လုပ်နေကြတာထင်တယ်”လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။
ခလရ ၅၅ တပ်ရင်းမှ တပ်ဆုပ်ပြေးလာကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ လမ်းတလျောက်ရှိ ဒေသခံပြည်သူတွေနဲ့ ဂျိတ်တောရွာမှာ ကျန်နေခဲ့သူတွေကို ဖမ်းဆီးထားပြီး ဂျိတ်တောရွာမှ သားဖနှစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
“အဲဒီသားဖနှစ်ယောက်ကို စက်လှေနဲ့ ပို့ခိုင်းတယ်တဲ့၊ သူတို့က ဆီမရှိဘူးပြောတော့ ပစ်သတ်ပစ်တာ အလောင်းလည်း မရဘူး၊ ရွာသားတွေကိုလည်း မထွက်ရ ဖမ်းထားတယ်”လို့ ဂျိတ်တော ရွာသားတဦးက ပြောပါတယ်။
အခုအခါ ဂျိတ်တောရွာထဲမှာ အမျိုး သမီးတွေအပါအ၀င် အရပ်သားတရာနီးပါးထိ ကျန်နေသေးပြီး စစ်ကောင်စီတပ်သားတွေ ပိတ်ဆို့၊ ဟန့်တားထားတာကြောင့် ထွက်ပြေးတိမ်းရှောင်ဖို့ အဆင်မပြေဖြစ်နေကြတယ်လို့ ၎င်းက ဆိုပါတယ်။
“တရွာလုံးမှာ အဲကောင်တွေ နေရာယူ ထားတာ၊ လူတွေ ထွက်မရတော့ဘူး၊ မိသားစုအချို့လည်း ရွာထဲ ပိတ်မိနေတယ်”လို့ ဂျိတ်တောရွာသားက ပြောပါတယ်။
လက်ရှိမှာ AA ဟာ သံတွဲမြို့နယ်တခုလုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး စစ်ကောင်စီတပ်ဖက်က ဂျိတ်တောရွာစခန်း၊ သဗြုချိုင်ရေတပ်နဲ့ မြို့ပေါ်ရှိ တပ်သားအချို့သာ ကျန်တော့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
သံတွဲမြို့နီးပတ်လည်တောင်ကုန်းတွေနဲ့ မြို့ထဲ ရဲစခန်း၊ ဌာနဆိုင်ရာရုံးအချို့မှာ စစ်ကောင်စီတပ်သားတွေ နေရာယူထားပြီး မြို့နီးပတ်လည် အချို့နေရာတွေနဲ့ ငပလီ – သံတွဲလမ်းပိုင်းတို့ကိုတော့ AA က ထိန်းချုပ်ထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
“သံတွဲက မကြာတော့ဘူး၊ အကုန် ဂွဖက် ထွက်ပြေးမယ်ဆိုပြီးလည်း သတင်းထွက်တယ်”လို့ စစ်ရေးနဲ့ နီးစပ်တဲ့ ဂွဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။
သံတွဲမြို့နယ်မှာ ဒေသတွင်းတိုက်ပွဲတွေနဲ့ စစ်ကောင်စီတတပ်ရဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် ထောင်ချီတဲ့ ဒေသခံတွေဟာ ဘေးလွှတ်ရာ တိမ်းရှောင်နေကြရပြီး ဆန်နဲ့ ဆေးဝါးတွေ အရေးတကြီးလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ နို၀င်ဘာ ၁၃ ရက်မှာ တိုက်ပွဲတွေ ပြန်စခဲ့တဲ့ AA ဟာ တိုက်ပွဲကာလခုနှစ်လကျော်အတွင်း ရခိုင်ပြည် နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ရခိုင်ပြည်နယ်အတွင်းက ကျန်မြို့နယ်အားလုံးကိုပါ ထပ်မံသိမ်းပိုက်သွားမယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိသေးတဲ့မြိုနယ်ဟာ သံတွဲမြို့နယ်နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ပြည်နယ်တောင်ပိုင်းအစွန်ဆုံး ဂွနဲ့ ကျွန်းမြို့ဖြစ်တဲ့မာန်အောင်မြို့နယ်တို့ပဲ ကျန်တော့တာဖြစ်ပါတယ်။