EU ဥက္ကဋ္ဌ ဟန်ဂေရီ ဝန်ကြီးချုပ်ရဲ့ မော်စကိုခရီးစဉ်အပေါ် EU နိုင်ငံခေါင်းဆောင်တွေ စိုးရိမ်နေ

ဇူလိုင်၊ ၅

ဥရောပ သမဂ္ဂ (EU)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံခေါင်းဆောင်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ သွားရောက်တွေ့ဆုံမယ့် အခြေအနေအတွက် NATO အဖွဲ့ဝင် နိုင်ငံတွေကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။ 

သတင်းတွေရဲ့ ဖော်ပြချက်အရ အခုသီတင်းပတ်ကုန်မှာ ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်ဟာ မော်စကိုမြို့တော်မှာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံဖြစ်မယ်လို့ သိရပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့နောက် ရုရှားနဲ့ EUကြား ဆက်ဆံရေးဟာ ဆိုးဆိုးရွားရွား ကျဆင်းသွားခဲ့ပြီး EU အဖွဲ့ဝင်တွေထဲမှာ ဟန်ဂေရီ တနိုင်ငံတည်းသာ ကရင်မလင် နန်းတော်နဲ့ ရင်းနှီးတဲ့ ဆက်နွှယ်မှုကို ဆက်လက် ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

အခုအခါမှာတော့ အော်ဘန်ဟာ အလှည့်ကျ EU ဥက္ကဋ္ဌအဖြစ် ဇူလိုင်လဆန်းကစလို့ ၆ လ တာဝန်ယူနေပြီး အဲဒီအခြေအနေနဲ့ တိုက်တိုက်ဆိုင်ဆိုင် မော်စကိုမြို့တော်ဆီ သွားရောက်ဖို့ စီစဉ်ခဲ့တာပါ။

ဒီအခြေအနေဟာ EU အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်တွေကြားမှာ စိုးရိမ်စရာ ဖြစ်စေခဲ့ပြီး အော်ဘန်အနေနဲ့ ရုရှားနဲ့ ဆက်ဆံရာမှာ EUကို ကိုယ်စားပြုတဲ့ အဓိပ္ပါယ်မျိုး ဘယ်လိုစကားမှ ပြောခွင့်မရှိဘူးလို့ သတိပေးထားပါတယ်။

ရုရှားနဲ့ ဆက်ဆံရေးအတွက် EU အသိုက်အဝန်း တခုလုံးကို ကိုယ်စားပြု စကားပြောနိုင်ဖို့ အခွင့်အာဏာ အပ်နှင်းမထားဘူး ဆိုတာကို အော်ဘန် နားလည်ဖို့လိုကြောင်း ဥရောပ ကောင်စီ အကြီးအကဲ ချားလ်စ် မစ်ချဲလ်က ဆိုပါတယ်။

Financial Times သတင်းစာက ဟန်ဂေရီ အစိုးရ သတင်းရင်းမြစ် တခုနဲ့ EUရဲ့ အရာရှိ နှစ်ဦးကို ကိုးကားပြီး မော်စကိုမှာ အော်ဘန်နဲ့ ပူတင် တွေ့ကြမယ့် ကိစ္စကို စတင် ဖော်ပြခဲ့တာပါ။ အော်ဘန်ရဲ့ ခရီးစဉ်မှာ ဟန်ဂေရီ နိုင်ငံခြားရေး ဝန်ကြီး ပီတာ ဆစ်ဂျာတိုလည်း လိုက်ပါသွားမယ်လို့ ဆိုပါတယ်။ ရုရှားနဲ့ ဟန်ဂေရီ အစိုးရတွေကတော့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံကြမယ်ဆိုတဲ့ ကိစ္စအပေါ် မှတ်ချက်မပေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

Ref: BBC