လားရှိုးမြို့မှာ လက်နက်ကြီးတွေကြောင့် တမနက်တည်း လေးဦးသေဆုံး

  Photo – CJ

ဇူလိုင်၊ ၄

တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအနေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ လားရှိုးမှာ မြို့ပေါ် လူနေရပ်ကွက်တွေအတွင်း လက်နက်ကြီးတွေကျရောက်ပေါက်ကွဲလို့ ဒီကနေ့ တမနက်တည်း အရပ်သားလေးဦးသေဆုံးသွားတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

လားရှိုးမြို့ ရပ်ကွက် (၁၁)နဲ့ ရပ်ကွက်(၉)တို့မှာ ဒီကနေ့မနက် ကိုးနာရီဝန်းကျင်နဲ့ ဆယ်နာရီကျော်တို့မှာ ရှော့တိုက် ဒုန်းနဲ့ လက်နက် ကြီးကျည်တွေကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ တာပါ။

လားရှိးမြို့ ရပ်ကွက်(၉) နယ်မြေ(၃) ဘူတာဘက်က နေအိမ်တအိမ်ပေါ်ကို ဒီကနေ့ မနက် ကိုးနာရီဝန်းကျင်က ရှော့တိုက်ဒုန်းကျရောက်ပေါက်ကွဲလို့ သားအမိနှစ်ဦး ထိခိုက်ခဲ့ပြီး သမီးဖြစ်သူက နေရာမှာပဲသေဆုံးကာ မိခင် အမျိုးသမီးကတော့ လားရှိုးဆေးရုံမှာ အရေးပေါ်ကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အလားတူ နောက်ထပ် နာရီပိုင်းအတွင်း ရပ်ကွက်(၁၁) ပညာရေးကောလိပ် အနောက်ဘက်က အုတ်ကွင်းထဲ လက်နက်ကြီးတလုံးထပ်ကျလို့ အမျိုးသားသုံးဦးနေရာမှာပဲ သေဆုံးခဲ့တယ်လို့သိရပါတယ်။

လားရှိုးမြို့နဲ့အနီးတဝိုက်မှာ ဇွန်လ ၂၉ရက်က တကျော့ပြန်တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် မနေ့ကစလို့ ထိ တွေ့တိုက်ပွဲတွေပြန်ဖြစ်လာကာ ဒီကနေ့ မနက်ပိုင်းမှာတော့ လားရှိုးမြို့အနီးနမ့်ပေါင်ကျေးရွာဘက်မှာ တိုက်ပွဲပြင်း ထန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောကြပါတယ်။ 

လားရှိုးမြို့တွင်းမှာတော့ မနေ့ကစလို့ ရှော့တိုက်ဒုန်းနဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေရှိလာတာဖြစ်ပြီး အတည်ပြုနိုင်တဲ့ စာရင်းတွေအရ ဒီကနေ့ နေ့လယ်ပိုင်းအထိ အနည်းဆုံး အရပ်သား ဆယ်ဦးအထိ သေဆုံးခဲ့ပါ တယ်။

မနေ့မနက်ပိုင်းက လားရှိုးမြို့ရပ်ကွက်(၁)ထဲက နေအိမ်တအိမ်ပေါ် လက်နက်ကြီး ကျရောက်မှုမှာ ကလေးတွေ အပါအဝင် မိသားစုဝင်ခြောက်ဦးသေဆုံးခဲ့သလို ပန်းအုပ်ဘုန်းတော်ကြီးကျောင်း အနီးလက်နက်ကြီးကျ ရောက် ပေါက်ကွဲရာမှာလည်း အရပ်သားတဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တာပါ။

“(လက်နက်ကြီးတွေ)ဆက်တိုက်ကိုကျနေတော့တာ၊ မြို့ထဲမှာမလုံခြုံတော့ဘူး၊ မြို့စွန့်ခွာမဲ့သူတွေကို အချိန်လေးပေးပြီးလမ်းဖွင့်ပေးစေချင်တယ်”လို့ လားရှိုးဒေသခံတဦးကပြောပါတယ်။

ဒါပေမယ့် အခုတကျော့ပြန်တိုက်ပွဲတွေမတိုင်ခင်ကတည်းက လားရှိုးမြို့ တဝိုက် လမ်းတချို့ကို စစ်ကောင်စီက ဖြတ်တောက်ထားသလို တိုက်ပွဲတွေပြန်ဖြစ်လာတာ၊တံတားတွေဖျက်ဆီးခံထားရတာနဲ့ လမ်းတလျှောက်မှာလည်း တိုက်ပွဲဖြစ်နေတာတွေကြောင့် မြို့ကနေ တိမ်းရှောင်ဖို့လည်း အခက်အခဲဖြစ်နေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

တအာင်းတပ် TNLA နဲ့ PDF ပူးပေါင်းတပ်တွေက နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မတ္တရာ စတဲ့ ရှမ်း၊ မန္တလေး ထိစပ် မြို့နယ်တွေမှာ ဇွန်လ ၂၅ရက်ကစလို့ တကျော့ပြန်ထိုးစစ်ဆင်တွေစတင်ခဲ့ပြီး လားရှိုး၊ သန္နီဘက်မှာတော့ MNDAA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြန်ဖြစ်နေတာပါ။

လားရှိုးမြို့အနီး တိုက်ပွဲတွေရှိလာတဲ့နောက် စစ်ကောင်စီကလည်း MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ထဲကိုလေ ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပြီး ထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ မသိရသေးပါဘူး။